ချောင်းဆိုးခြင်းသည် ကလေးများ၌ အထူးသဖြင့် ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသည့် ရောဂါတစ်မျိုးဖြစ်ပါသည်။
ချောင်းဆိုးခြင်း၏အဓိကအကြောင်းရင်းများမှာ
- အသက်ရှူလမ်းကြောင်း အထက်ပိုင်းတွင် ရောဂါပိုးဝင်ရောက်ခြင်း၊
- အအေးမိခြင်း၊
- နှာခေါင်းတစ်ဝိုက်ရှိ ဦးခေါင်းခွံအခေါင်းပေါက်များ (sinuses) များရောင်ရမ်းခြင်း၊
- အစာအိမ်အတွင်းမှအက်ဆစ်များ အထက်သို့ဆန်တက်ခြင်းနှင့်
- ပန်းနာရင်ကျပ်ဖြစ်ခြင်း တို့ကြောင့် ဖြစ်ပါသည်။
ချောင်းဆိုးခြင်းသည် ကလေးငယ်များကို မအီမသာဖြစ်စေ၊ ခံရခက်စေသော ဝေဒနာတစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် ကလေးများ၏ချောင်းဆိုးခြင်းကို သက်သာစေနိုင်သည့် နေအိမ်တွင် အလွယ်တကူပြုလုပ်နိုင်သည့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။
၁။ ပျားရည်
ပျားရည်သည် ကလေးများတွင် လည်ပင်းတစ်ဝိုက်ရောင်ရမ်းမှုကိုသက်သာစေသည့် ဂုဏ်သတ္တိအပြင် ချောင်းဆိုးခြင်းကိုလျော့နည်းစေသည့် သဘာဝဂုဏ်သတ္တိလည်းရှိပါသည်။
အကယ်၍ကလေး၏အသက်သည် ၂ နှစ်နှင့် ၅ နှစ်ကြားရှိလျှင် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဝက်၊ အသက် ၁၂ နှစ်အထက်ဖြစ်လျှင် ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း အိပ်ရာမဝင်ခင်တွင် တိုက်ကျွေးနိုင်ပါသည်။
သို့သော် အသက် ၁ နှစ်အောက်ကလေးများတွင်မူ အစာအဆိပ်သင့်ခြင်း ဖြစ်စေနိုင်သဖြင့် ပျားရည်ကိုမတိုက်ကျွေးသင့်ပါ။
၂။ သံပုရာရည်
ရေနွေးတစ်ခွက်ထဲသို့ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ထည့်၍ရောမွှေကာ ကလေးငယ်အား တစ်နေ့လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ တိုက်ပေးခြင်းသည်လည်း ချောင်းဆိုးခြင်းကိုသက်သာပျောက်ကင်းစေနိုင်ပါသည်။
အထူးသဖြင့် ညအိပ်ရာဝင်ခါနီးအချိန်တွင် တိုက်ပေးခြင်းအားဖြင့် ကလေးငယ်များ သက်သောင့်သက်သာဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေရန် အထောက်အကူပြုပေးပါသည်။
၃။ ဂျင်း
ဂျင်းသည် ရောင်ရမ်းမှုကိုသက်သာစေသည့် ဂုဏ်သတ္တိများ ရှိကြောင်း လူသိများပါသည်။
ဂျင်းသည် အစာအိမ်မအီမသာဖြစ်ခြင်းမှ ပျို့အန်ခြင်းဖြစ်ခြင်းအထိ အစာအိမ်နှင့်သက်ဆိုင်သော ရောဂါများကို သက်သာပျောက်ကင်းစေနိုင်ရုံသာမက ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းအောင် ကုသရာတွင်လည်း အစွမ်းထက်လှပါသည်။
ထောင်းထားသောဂျင်း လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ၊ ထောင်းထားသော ငရုတ်သီးအနီတောင့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ၊ ပန်းသီးရှာလကာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ပျားရည် ထမင်းစားဇွန်း ၁ ဇွန်းနှင့် ရေ ထမင်းစားဇွန်း ၂ ဇွန်း တို့ကို ရောထည့်၍ မွှေပါ။ ထို့နောက် ထိုဖျော်ထားသော အရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို ကလေးများအား တိုက်ကျွေးနိုင်ပါသည်။
၄။ ပန်းသီးရှာလကာရည်
ရေတစ်ခွက်ထဲသို့ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပန်းသီးရှာလကာရည် လက်ဖက်ရည် ဇွန်း ၁ ဇွန်းတို့ကို ရောထည့်ပြီးမွှေပါ။
အဆိုပါနည်းသည်ကလေးများတွင် ချောင်းဆိုးခြင်းကို အမြန်ဆုံး သက်သာပျောက်ကင်းစေရန် အသုံးပြုသည့်နည်းဖြစ်ပါသည်။
၅။ ရေငွေ့ထုတ်စက်
ညဘက်တွင် ကလေးများ၏အိပ်ခန်းထဲတွင် ရေငွေ့ထုတ်စက်ကို ထားရှိအသုံးပြုနိုင်ပါသည်။
ထိုရေငွေ့ထုတ်စက်သည် ကလေးများ၏ လေလမ်းကြောင်းကို စိုစွတ် ရှင်းလင်းစေရန် ကူညီပေးပါသည်။ ထို့ကြောင့် ချောင်းဆိုးခြင်းလည်း သက်သာလာပါလိမ့်မည်။
မနက်ပိုင်းအချိန်တွင် တံခါးပေါက်များကိုဖွင့်၍ လေထုကို စိုထိုင်းမှုရှိအောင်လည်း လုပ်ဆောင်ရပါသည်။
၆။ ဦးခေါင်း အနေအထား
အိပ်စက်သည့်အခါ ကလေးငယ်၏ဦးခေါင်းကို အတည့်အတိုင်း ရှိနေစေရန် ဂရုစိုက်ပေးရပါမည်။
အကယ်၍ ကလေးငယ်၏ အသက်သည် ၁ နှစ်ထက် ပိုကြီးပါက ခေါင်းအုံးအချို့ကို ခေါင်း၏အောက်၊ ပခုံး၏အောက်နှင့် ကျော၏အောက်တွင် ထားပေးခြင်းဖြင့် ဦးခေါင်းပိုင်းကို ပိုမိုမြင့်နေစေရန် လုပ်ဆောင်ပေးနိုင်ပါသည်။ ထိုသို့ မြင့်အောင်ပြုလုပ်ပေးထားခြင်းသည် ကလေးများ အသက်ရှူခြင်းကို ပိုမို၍သက်သာလွယ်ကူစေပါသည်။
အကယ်၍ ကလေးငယ်သည် အသက် ၁ နှစ်အောက်ဖြစ်ခဲ့ပါက ခေါင်းအုံးများကို အသုံးမပြုသင့်ပေ။ အသက် ၁ နှစ်အောက် ကလေးငယ်များသည် ပြင်ညီမျက်နှာပြင်ဖြင့် အိပ်စက်ရန်လိုအပ်ပါသည်။ ထို့ကြောင့် စောင်ပါး (သို့မဟုတ်) အနှီးခပ်ပါးပါးလေးဖြင့် ဦးခေါင်းအောက်တွင်ခံကာ ၁၅°ခန့် လောက်သာ မြင့်တက်စေရန် ပြုလုပ်ပေးသင့်ပါသည်။
အထက်ပါနည်းလမ်းများသည် ကလေးများချောင်းဆိုခြင်းကို သက်သာစေမည့် နည်းလမ်းများဖြစ်ပါသည်။
အကယ်၍ချောင်းဆိုးခြင်းသည်
- တစ်ပတ်ထပ်ပိုကြာခဲ့လျှင် သို့မဟုတ်
- ကလေးငယ်၏ရင်ဘတ်တွင် နာကျင်မှုကိုခံစားရလျှင် သို့မဟုတ်
- ချောင်းဆိုးခြင်းတွင် အနီရောင် သို့မဟုတ် ခရမ်းရောင် သွေးစသွေးနများပါခဲ့လျှင် သို့မဟုတ်
- ကိုယ်အပူချိန်အလွန်အမင်း မြင့်တက်ခဲ့လျှင် ဆရာဝန်နှင့် မဖြစ်မနေသွားရောက်ပြသသင့်ပါသည်။
Author: Dr. မိုး (ဆေး ၁)