DHA သည် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် မရှိမဖြစ်အရေးပါသော အာဟာရဓါတ်တစ်မျိုးဖြစ်ပါသည်။
သို့သော် DHA ကြွယ်ဝသော အစားအစာများကို ပုံမှန်လုံလောက်အောင် မစားသုံးမှုကြောင့် DHA ချို့တဲ့မှုနှင့် ဆက်စပ်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာအမျိုးမျိုး ပေါ်ပေါက်လာလေ့ရှိပါသည်။
အောက်ပါတို့သည် Omega-3 Fatty Acids (DHA) ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများ ဖြစ်ကြပါသည်။
သင်ယူမှု ခက်ခဲခြင်း
Omega-3 Fatty Acids (DHA) သည် ဦးနှောက်ထဲတွင် အများအပြားစုဝေးတည်ရှိနေပြီး အာရုံကြောဆဲလ်များ၏ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်စေရန် အကူအညီပေးပါသည်။
အကယ်၍ ထို Fatty Acids များ လျော့နည်းခဲ့ပါက ဦးနှောက်နှင့်အာရုံကြောဆဲလ်များကို ဝန်းရံထားသည့် ဓာတုဗေဒပစ္စည်းများ မလုံမလောက်ဖြစ်လာကာ အာရုံကြောဆဲလ်များ၏ လုပ်ဆောင်ချက်များကို အနှောင့်အယှက်အဟန့်အတား ဖြစ်လာစေပါသည်။
ထို့ကြောင့် စာပေ၊ ဘာသာစကားစသည်တို့ကို သင်ယူမှုခက်ခဲလာခြင်းနှင့် သတင်းအချက်အလက် အသစ်များကို ဦးနှောက်အတွင်းတွင် လက်ခံထိန်းသိမ်းမှတ်သားထားနိုင်စွမ်း ကျဆင်းလာခြင်း စသည့်ပြဿနာများကို ကြုံတွေ့ရလာနိုင်ပါသည်။
အမြင်အာရုံဆိုင်ရာပြဿနာများ ဖြစ်ပေါ်ခြင်း
Omega-3 Fatty Acids (DHA) များသည် မျက်လုံးကျန်းမာရေးကို ထိန်းသိမ်းရာတွင်လည်း အရေးကြီးပါသည်။
DHA လုံလောက်ပြည့်စုံအောင် ရရှိခြင်းအားဖြင့်
- မျက်လုံး၏ မြင်လွှာအရည်အသွေးကျဆင်း ပျက်စီးမှုပြဿနာ၊
- မျက်လုံး၏မျက်ကြည်လွှာ ခြောက်သွေ့မှုပြဿနာနှင့်
- ရေတိမ်ကဲ့သို့သောရောဂါများကို မဖြစ်ပေါ်အောင် တားဆီးကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
လေ့လာတွေ့ရှိချက်များအရ Omega-3 Fatty Acids (DHA နှင့် EPA) များကို လုံလောက်ပြည့်ဝအောင် စားသုံးသောသူများသည် မျက်စိဆိုင်ရာပြဿနာများ ဖြစ်ပွားနိုင်သည့် အလားအလာကို တစ်ဝက်တိတိ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
နှလုံးသွေးကြောနှင့်ပတ်သက်သောရောဂါများဖြစ်ပွားမှုကို မြင့်တက်စေခြင်း
Omega-3 Fatty Acids (DHA) သည် ခန္ဓာကိုယ်အတွင်း မကောင်းသော Cholesterol များကို ထိရောက်စွာ လျှော့ချပေးနိုင်ပါသည်။
Omega-3 Fatty Acids (DHA) ချို့တဲ့လာသောအခါ မကောင်းသော Cholesterol ပမာဏ မြင့်တက်လာတတ်ပါသည်။
ထိုသို့ ခန္ဓာကိုယ်အတွင်း မကောင်းသော Cholesterol များ မြင့်တက်လာသောအခါ နှလုံးသွေးကြောနှင့် ပတ်သက်သော ရောဂါများကို ပိုမိုဖြစ်ပွားလာစေပါသည်။
ထို့အပြင် Omega-3 Fatty Acids (DHA) များသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ရောင်ရမ်းမှုများကို လျော့ကျစေခြင်း၊ သွေးပေါင်ချိန်များကို လျော့ကျစေခြင်း၊ သွေးခဲခြင်းများကို လျော့ကျစေခြင်းအားဖြင့် နှလုံးသွေးကြောနှင့် ပတ်သက်သော ရောဂါများမဖြစ်ပွားစေရန်အတွက် တားဆီးကာကွယ်ပေးနိုင်ပါသည်။