ကလေးများအား Covid – 19 ရောဂါကို ဖြစ်စေသော ဗိုင်းရပ်စ် ကူးစက်ခံရခြင်းမှ ကာကွယ်ရန်လုပ်ဆောင်နိုင်သည့် နည်းလမ်းများစွာရှိသကဲ့သို့ အကယ်၍ မတော်တဆကူးစက်မှုခံခဲ့ရလျှင်လည်း အခြားသူများသို့ ဆက်လက်ကူးစက်ပြန့်ပွားမှုမဖြစ်စေရန် ကာကွယ်နိုင်သည့် နည်းလမ်းများစွာလည်း ရှိပါသည်။
အောက်ပါနည်းလမ်းများသည် Covid – 19 ကူးစက်ပြန့်ပွားမှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည့် နည်းလမ်းများဖြစ်ကြပါသည်။
၁။ လက်သန့်ရှင်းမှုကို ဂရုစိုက်ပါ
လက်များကို ရေနှင့် ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင်ဆေးကြောခြင်းကို ပြုလုပ်ရပါမည်။
အကယ်၍ ရေနှင့် ဆပ်ပြာ မရနိုင်သည့် အခြေအနေမျိုးတွင် Alcohol အနည်းဆုံး ၆၀% ပါသည့် ရေမလိုလက်သန့်ဆေးရည်များဖြင့် ဆေးကြောသန့်စင်နိုင်ပါသည်။
နှာချေ၊ ချောင်းဆိုးသည့် အခါတိုင်းတွင် ပါးစပ်နှင့် နှာခေါင်းကို တံတောင်ဆစ်ကွေးဖြင့် ပိတ်၍သော်လည်းကောင်း၊ တစ်ရှူးဖြင့် ပိတ်၍သော်လည်းကောင်း နှာချေ၊ ချောင်းဆိုးခြင်းပြုလုပ်ရပါမည်။ ထို့နောက်တွင် အသုံးပြုသည့် တစ်ရှူးကို အမှိုက်ပုံးအတွင်းသို့ စနစ်တကျစွန့်ပစ်၍ လက်ကိုပြန်လည်ဆေးကြောရမည် ဖြစ်ပါသည်။
ထို့ပြင် လက်ဖြင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့ကိုင်တွယ်ခြင်းအား ရှောင်ကြဉ်စေရမည်ဖြစ်ပါသည်။
ကလေးငယ်များ အိမ်ပြန်ရောက်ပြီးလျှင်ရောက်ပြီးခြင်း၊ သို့မဟုတ် အိမ်သာကိုအသုံးပြုပြီးသည့် အချိန်တိုင်း သို့မဟုတ် အစာမစားခင်နှင့် အစားအစာများကို ပြင်ဆင်နေသည့်အချိန်များတွင် လက်ကို ဆေးကြောရန်အတွက်လည်း အလေ့အကျင့်ပြုလုပ်ပေးရပါမည်။
ထိုသို့လက်ကိုဆေးကြောသည့်အခါမျိုးတွင် လက်ချောင်းများကို တစ်ချောင်းမကျန် သေချာကုတ်ခြစ်၍ ဆေးကြောရန်၊ လက်ဖမိုးနှင့် လက်ကောက်ဝတ်များကိုပါ ဆေးကြောရန်အတွက် သင်ကြားပေးရပါမည်။ Happy Birthday သီချင်း ၂ခေါက် သီဆိုပြီးဆုံးချိန်အထိ စက္ကန့် ၂၀ ခန့်ကြာအောင် လက်ကိုဆေးကြောရန် တိုက်တွန်းရမည်ဖြစ်ပါသည်။
၂။ ခပ်ခွာခွာနေထိုင်ခြင်းအား လေ့ကျင့်ပေးပါ
လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေခန့် အကွာတွင် နေထိုင်တတ်စေရန်အတွက် လေ့ကျင့်သင်ကြားပေးရပါမည်။ ထို့ပြင် နေအိမ်ပြင်ပသို့ ထွက်၍ သွားလာခြင်းများအားလည်း တတ်နိုင်သလောက် ရှောင်ရှားစေရပါမည်။
အကယ်၍ လူကြီးမိဘများ အပြင်သို့သွားသည့်အခါ ဖြစ်နိုင်ပါက ကလေးများအား အိမ်တွင် ထားခဲ့သင့်ပါသည်။ Covid – 19 ရောဂါသည် ရောဂါလက္ခဏာမပြဘဲ ကူးစက်မှုများရှိနေနိုင်သဖြင့် အခြားကလေးများနှင့် ရောနှောဆော့ကစားခြင်းများကို တတ်နိုင်သလောက် ခွင့်မပြုသင့်ပေ။
ထိုသို့ ဆော့ကစားခြင်းအစား ကလေးများ၏ သူငယ်ချင်းများနှင့် ဖုန်းဖြင့်သော်လည်းကောင်း၊ Video Call ဖြင့်သော်လည်းကောင်း စကားပြောစေခြင်းအားဖြင့် အခင်အမင်မပျက်စေရန် ဆက်လက်လုပ်ဆောင်စေသင့်ပါသည်။
၃။ မိမိအိမ်ကို သန့်ရှင်း၍ ပိုးသတ်ပါ
မိမိအိမ်ရှိ လူအများထိတွေ့ကိုင်တွယ်သည့်နေရာများဖြစ်သော စားပွဲခုံ၊ တံခါးလက်ကိုင်၊ ထိုင်ခုံ၊ မီးခလုတ်၊ ရီမုများ၊ အီလက်ထရောနစ် ပစ္စည်းများ၊ အိမ်သာများ စသည်တို့ကို နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပြီး ပိုးသတ်ဆေးများ ဖျန်းပက်သင့်ပါသည်။
ထို့ပြင် ကလေးများ မကြာခဏထိတွေ့ကိုင်တွယ်သည့်အပြင် အလွယ်တကူညစ်ပတ်နိုင်သော ကလေးများ၏အရုပ်များကိုလည်း သန့်ရှင်းစင်ကြယ်ပေးရပါမည်။
ကလေးများသည် အရုပ်များကို မကြာခဏ ပါးစပ်ထဲသို့ထည့်တတ်သည့် အလေ့အကျင့်ရှိသောကြောင့် ထိုအရုပ်များအား သန့်စင်သောအခါ ဆပ်ပြာနှင့် ရေကိုသာအသုံးပြုသင့်ပါသည်။ ပိုးသတ်ဆေးများကို မသုံးသင့်ပါ။ သန့်စင်သောအခါတွင်လည်း ဆပ်ပြာကို သန့်စင်စေရန် သေချာစွာဆေးကြောရပါမည်။
ကလေးများ၏ သေးခံများကို လဲလှယ်သည်မှအစ ကလေးများ ထိတွေ့ကိုင်တွယ်သည့်ပစ္စည်းများကို မကိုင်တွယ်ခင်နှင့် ကိုယ်တွယ်ပြီးသည့်အချိန်တိုင်းတွင် ဖေဖေမေမေတို့အနေဖြင့် လက်ကိုမကြာခဏ ဆေးကြောရပါမည်။
၄။ Mask ဝတ်ဆင်ပေးပါ
လူအများရှိသည့်နေရာများသို့ ကလေးငယ်များသွားသည့်အခါတိုင်း Mask များကို မဖြစ်မနေ ဝတ်ဆင်ရန်စီစဉ်ပေးရပါမည်။ ထိုသို့ ဝတ်ဆင်သောအခါ ကလေးများ၏ မျက်နှာအရွယ်အစားနှင့် ညီမျှ၍ နှာခေါင်းနှင့် ပါးစပ်တို့ကို ကောင်းစွာဖုံးအုပ်နိုင်သော Mask အမျိုးအစားများကို ရွေးချယ်ရမည်ဖြစ်ပါသည်။
အသက် ၂ နှစ်အောက် ကလေးများကို အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ မဖြစ်ပေါ်စေရန် Mask များကို ဝတ်ဆင်မပေးသင့်ပါ။ ထို့အတူ တစ်ပါးသူ၏ အကူအညီမပါဘဲ မိမိဘာသာမိမိ Mask များကို မဖယ်ရှားနိုင်သော ကလေးများအားလည်း Mask ဝတ်ဆင်ပေးခြင်း မပြုလုပ်သင့်ပါ။
ထို့ပြင် ကလေးများအား ကာကွယ်ဆေးထိုးနှံသည့် အစီစဉ်များကိုလည်း မပျက်မကွက် ဆက်လက်ထိုးနှံနိုင်ရန် ကြိုးစားသင့်ပါသည်။
အထက်ပါ Covid – 19 ရောဂါ မကူးစက်စေရန် ကာကွယ်သည့် နည်းလမ်းများသည် ကလေးများ လိုက်နာလုပ်ဆောင်နိုင်ရန် ခက်ခဲကောင်းခက်ခဲနေနိုင်ပါသည်။ သို့သော် လူကြီးများမှနေ၍ စံနမူနာပြ လုပ်ဆောင်ပြခြင်းအားဖြင့် ကလေးများလိုက်ပါ လုပ်ဆောင်လာအောင် စိတ်ရှည်ရှည်ဖြင့် ကြိုးစားသင့်ပါကြောင်း အကြံပေးတင်ပြလိုက်ရပါသည်။
Author : Dr. မိုး (ဆေး ၁)