မည်သည့်အရာမှ မတည်မြဲနိုင်ဟု ဆိုတဲ့အတိုင်း လူသားတွေရဲ့ ခန္ဓာကိုယ်ဟာလဲ နိစ္စဓူဝလှုပ်ရှားမှုတွေကြောင့် တစ်ချိန်ချိန်မှာ ကိုက်ခဲ နာကျင်မှုဝေဒနာတွေကို ခံစားရလေ့ရှိပါတယ်။ အထူးသဖြင့် ယနေ့ခေတ်ရဲ့နေထိုင်မှုပုံစံတွေကြောင့် လူသားတွေဟာ လည်ပင်းဇက်ကြောနာခြင်းဒဏ်ကို အနည်းနဲ့အများ ခံစားနေကြရပါတယ်။
ကျွန်ုပ်တို့ရဲ့ လည်ပင်းကို ထောက်ကန်ပေးထားတဲ့ လည်ပင်းအရိုးဆစ်တွေဟာ ၇ ခုရှိပြီး အဆစ်တစ်ခုချင်းစီရဲ့ ကြားထဲမှာ Disc အဆစ်ပြားလေးတွေ ရှိပါတယ်။ ထိုအရိုး၊ အဆစ်ပြားတွေအပြင် လည်ပင်းတဝိုက်မှာရှိတဲ့ အရွတ်အကြောနဲ့ ကြွက်သားများကလည်း ကျွန်ုပ်တို့ရဲ့ ဦးခေါင်းနဲ့ လည်ပင်းကို ထိန်းထားပေးခြင်း၊ ချောချောမွေ့မွေ့ လှုပ်ရှားနိုင်စေခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။ ထိုအခြင်းအရာတွေကို ထိခိုက်စေတဲ့ ရောင်ရမ်းခြင်း၊ အနာတရဖြစ်ခြင်းတို့ဟာ လည်ပင်းဇက်ကြောနာခြင်းကို ဖြစ်စေပါတယ်။
➡️ လည်ပင်းဇက်ကြောနာခြင်းကို ဖြစ်စေတဲ့အကြောင်းအရာများ
- လည်ပင်းကြွက်သားဒဏ်ဖြစ်ခြင်း (သို့) ဇက်ကြောတက်ခြင်း
အနေအထိုင်ပုံစံ မမှန်ခြင်း၊ မလှုပ်မရှားဘဲ အထိုင်များခြင်း၊ ကွန်ပြူတာ၊ စမတ်ဖုန်း ကြာရှည်စွာ အသုံးပြုခြင်းတို့ကြောင့် ဇက်ကြောတက်ခြင်းကို ဖြစ်စေပါတယ်။
- ထိခိုက်ဒဏ်ရာရခြင်း
အမြင့်မှ ပြုတ်ကျခြင်း၊ ယာဉ်တိုက်မှုများနှင့် တချို့သောအားကစားအမျိုးအစားတို့ဟာ အခန့်မသင့်လျှင် လည်ပင်းကို အထူးထိခိုက်စေပါတယ်။
- အရိုးအဆစ် ပြဿနာများ
အရိုးအတက်ထွက်ခြင်း၊ သွေးလေးဖက်နာရောဂါ၊ အရိုးပွခြင်း၊ အရိုးကျီးပေါင်းရောဂါ၊ လည်ပင်း disc အဆစ်ပြားကျွံခြင်း အစရှိတဲ့ရောဂါတွေဟာလည်း လည်ပင်းနာခြင်းကို ဖြစ်စေပါတယ်။
- အခြားရောဂါအကြောင်းအရာများ
ဦးနှောက်အမြှေးပါးရောင်ခြင်းဟာလည်း ဇက်ကြောတောင့်ခြင်းကို ဖြစ်စေတဲ့ အရေးပေါ်အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။
အရိုးအဆစ်တွင် ပိုးဝင်ခြင်း၊ ပြည်တည်ခြင်း၊ အလုံးအကျိတ် တည်ခြင်း၊ အရိုးကင်ဆာရောဂါ၊
မွေးရာပါ အရိုးအဆစ် မူမမှန်ခြင်း စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
တစ်ခါတစ်ရံ နှလုံးရောဂါအခံရှိသူများတွင် ရင်ဘက်အောင့်ခြင်းနှင့်အတူ လည်ပင်း၊ မေးရိုးတစ်လျှောက် နာကျင်လျှင် ဆေးရုံသို့ အရေးပေါ်သွားရောက်ပြသသင့်ပါတယ်။
ဇက်ကြောနာခြင်းကို သက်သာအောင် အိမ်မှာ ဘာတွေလုပ်လို့ရလဲ ?
– ဇက်ကြောနာတဲ့ အစောပိုင်းရက်တွေမှာ ရေခဲကို မိနစ် ၂၀ ခန့်နှင့် တစ်နေ့ကို အကြိမ်ရေများများ ကပ်ပေးပါ။ နောက်ပိုင်းမှာတော့ ရေနွေးအိတ်ကပ်ပေးခြင်း၊ ရေနွေးဖြင့် ရေချိုးပေးခြင်းကို ပြုလုပ်ပေးပါ။
– အနာသက်သာစေရန် Diclofenac or Methanol ပါသောလိမ်းဆေးများ လိမ်းခြင်း၊ Acetaminophen or Ibuprofen ပါတဲ့ဆေးများကို အညွှန်းပါအတိုင်း သောက်ပေးခြင်းများ ပြုလုပ်နိုင်ပါတယ် ( အစာနှင့် တွဲသောက်ရန် )
– အနာသက်သာလျှင် သင့်တော်ရာ ဦးခေါင်းနှင့် လည်ပင်းလေ့ကျင့်ခန်းများကို နေ့စဉ် ပြုလုပ်ပေးပါ။
– အနေအထိုင်ပုံစံမှန်အောင်နေပါ။ အနေအထား တစ်ပုံစံတည်းဖြင့် အချိန်ကြာမြင့်စွာနေခြင်း မပြုပါနဲ့။
– ပြင်းထန်သော လေ့ကျင့်ခန်းများ၊ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ လေးလံသောအရာဝတ္ထုများ မခြင်းများကို ရှောင်ပါ။ ရောဂါလက္ခဏာများ သက်သာမှသာ တစ်ဖြည်းဖြည်း ပြန်လည်လုပ်ကိုင်ပါ။
– လည်ပင်းနှင့်ပုခုံးကြွက်သားများကို ညင်သာစွာနှိပ်နယ်ပေးပါ။
– လည်ပင်းကို သက်တောင့်သက်သာရှိစေသည့် မမာလွန်းမပျော့လွန်းသောခေါင်းအုံး (သို့) ဇက်ကြောတက်သမားများအတွက် သီးသန့်ထုတ်လုပ်ထားသောခေါင်းအုံးများနှင့် အိပ်စက်ပါ။
– လည်ပင်းခပ်ကျပ်ကျပ်အကျီများ၊ လည်ပတ်၊ ဘယက်အသုံးအဆောင်များအား ဝတ်ဆင်ခြင်းအား ခေတ္တရှောင်ပါ။
ဘယ်အချိန်မှာ ဆေးခန်းပြသင့်သလဲ
လည်ပင်းဇက်ကြောနာခြင်းအများစုမှာ ရက်အနည်းငယ်အတွင်း ပျောက်ကင်းနိုင်သော်လည်း လည်ပင်းနာစေသောအကြောင်းအရာအချို့မှာ အရေးကြီးပြီး ဆေးရုံဆေးခန်းသို့ သွားရောက်ပြသသင့်ပါတယ်။ ၄င်းတို့မှာ –
– အိမ်တွင်းကုထုံးများဖြင့် တစ်ပတ်ကျော်ကြာသည်အထိ မသက်သာခြင်း
– လည်ပင်းအား ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်း
– အကြောင်းအရာတိတိကျကျမရှိဘဲ ဇက်ကြောအလွန်အမင်းနာကျင်ခြင်း
– ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း
– မေးစိကို ရင်ဖက်နှင့်ထိသည်အထိ မငုံ့နိုင်ခြင်း
– အသက်ရှုရခက်ခဲခြင်း၊ အစာမမျိုနိုင်ခြင်း
– လည်ပင်းတစ်ဝိုက် အလုံးအကျိတ်များ ပေါ်လာခြင်း
– ခြေလက်များ ထုံကျဉ်ခြင်း
– ခြေလက်တစ်လျှောက် နာကျင်ခြင်း
– ခြေလက်များ မလှုပ်ရှားနိုင်တော့ခြင်း
– ဆီးဝမ်း မမှန်ခြင်း၊ မထိန်းနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
လည်ပင်းဇက်ကြောမနာအောင် ဘယ်လိုကာကွယ်ကြမလဲ ?
လူအများစုမှာ ဇက်ကြောနာစေတဲ့ အကြောင်းအရင်းတွေဟာ အနေအထိုင်ပုံစံ မမှန်ခြင်းနဲ့ အသက်အရွယ်အိုမင်းတာကြောင့်ဖြစ်တဲ့ အရိုးအကြောပြဿနာတွေပဲ ဖြစ်တဲ့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာခြင်းအားဖြင့် ဇက်ကြောပြဿနာများကို လျှော့ချ ကာကွယ်နိုင်ပါတယ်။
– အနေအထားပုံစံမှန်အောင်နေပါ။ မတ်တပ်ရပ်နေစဉ် (သို့) ထိုင်နေစဉ်တွင် ပုခုံးနှစ်ဖက်သည် တင်ပါးဖြင့် တစ်တန်းရှိ၍ ခါးကိုလဲ မတ်မတ်ထားရပါမယ်။
– အထိုင်မများပါစေနဲ့။ ထိုင်၍ အချိန်အတော်ကြာ အလုပ်လုပ်ခြင်း (သို့) ခရီးသွားလာနေလျှင် မကြာခဏထပြီး လမ်းလျှောက်ပေးပါ။ ခေါင်းနှင့် ပုခုံးလေ့ကျင့်ခန်း ပြုလုပ်ပေးပါ။
– မိမိ၏ အလုပ်စားပွဲ၊ ကွန်ပြူတာများကို သက်တောင့်သက်သာရှိအောင် စီစဉ်ထားရှိပါ။
– ဖုန်းကို နားနှင့်ပုခုံးကြားညှပ်၍ မကြာခဏပြောခြင်းအား ရှောင်ကြဉ်ပါ။
– လေးလံသော အရာဝတ္ထုများ၊ အိတ်များကို ပုခုံးတွင် သိုင်း၍သယ်ဆောင်ခြင်းများ မပြုလုပ်ပါနဲ့။
– အိပ်တဲ့ပုံစံ မှန်ကန်ပါစေ။ မိမိ၏ခေါင်းနှင့်လည်ပင်းသည် ခန္ဓာကိုယ်နှင့် တစ်ပြေးညီတည်း ရှိရပါမယ်။ ဇက်ကြောဒဏ်အခံရှိပါက ဖြစ်နိုင်လျှင် ဇက်ကြောအောက်တွင် ခေါင်းအုံးအသေးခံ၍ အိပ်စက်ပါ။ ပက်လက်အိပ်မည်ဆိုလျှင် ပေါင်နှစ်ဖက်အောက်တွင် ခေါင်းအုံး (သို့) ဖက်လုံးခံ၍ အိပ်နိုင်ပါတယ်။
– ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ !
– ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် လည်ပင်းဇက်ကြောနာခြင်းများကို လျှော့ချ / ကာကွယ်ပြီး ကျန်းမာသာယာသော နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ ။