လှုမှုဝန်းကျင်မှာ ပြောဆိုဆက်ဆံရတဲ့အခါ ခံတွင်းနံ့ကောင်းမွန်ဖို့လိုပြီး ခံတွင်းနံ့ဆိုင်ရာ ရောဂါတွေဖြစ်လာရင်လည်း စိတ်ညစ်ရတတ်ပါသည်။ ကိုယ်တွင်းရောဂါတွေဟာ ခံတွင်းမကောင်းလို့ ဖြစ်တတ်သလို နှလုံးရောဂါ၊ အဆုတ်ရောဂါနဲ့ ပေါင်ချိန်မပြည့်တဲ့ ကလေးတွေ ဓမ္မတာ စတာတွေလည်း ခံတွင်းကျန်းမာရေးနဲ့ ဆက်စပ်နေပါသတဲ့။ သွားပိုးစားတာ၊ သွားတွေနဲ့တာ၊ သွားဖုံးရောင်တာ၊ ရေစီးကမ်းပြိုရောဂါတွေနဲ့ ပါးစောင်မှာ အနာဖြစ်တာ၊ မေးရိုးတွေ မကောင်းတာ စတာတွေဟာ ခံတွင်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေပါဘဲ။
ခံတွင်းရနံ့သင်းပျံ့ဖို့ဆို ခံတွင်းကျန်းမာရေး ကောင်းနေဖို့ ခံတွင်းသန့်ရှင်းနေဖို့ အဓိကလိုအပ်ပါတယ်။ သွားတွေကောင်းရမယ်။ သွားဖုံးသွေးမယိုရဘူး။ ကျောက်တွေရှိရင် ခြစ်ထုတ်မယ်ဆိုရင် ခံတွင်းက သင်းပျံနေမှာပါ။ သွားတိုက်ဆေးကောင်းကောင်း ဘယ်လောက်သုံးသုံး၊ သွားဖုံးတွေ မကောင်းဘူး။ ကျောက်တွေရှိနေမယ်။ သွားတိုက်တာစနစ်မကျဘူးဆိုရင်တော့ ခံတွင်းရနံ့က ဆိုးမှာပါဘဲ။ ဒါ့ပြင် ဝမ်းတွင်းအပူ အပုပ်တွေများနေရင်လည်း ခံတွင်းရနံ့ ဆိုးနိူင်ပါတယ်။ ခံတွင်းနဲ့အစာ အစာအိမ် အူလမ်းကြောင်းတွေဟာ တစ်ခုတည်းဆက်စပ်နေတဲ့အတွက် ဝမ်းကောင်းရင် ခံတွင်းရနံ့ကောင်းမွန်ပါသည်။
တချို့ကတော့လည်း အစာအိမ် မကောင်းလို့၊ အဆုတ်မကောင်းလို့လည်း ခံတွင်းရနံ့ဆိုးထွက်တတ်ပါတယ်။ အပူအစပ်တွေနဲ့ အနံ့ပြင်းတဲ့ အစားအစာတွေကြောင့်လည်း ခံတွင်းနံ့ဆိုးနိူင်ပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ စားပေးမယ်။ အစာစားပြီး ပလုတ်ကျင်းမယ်။ သွားကို နည်းစနစ်မှန်မှန်တိုက်မယ်။ ဖရိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးသုံးမယ် ဆိုရင် ခံတွင်းနံ့သင်းပျံ့စေမှာပါ။
ခံတွင်းသန့်စင်ဆေးရည်သုံးစွဲတာဟာ တစ်ခါတစ်လေဘဲ ကောင်းပါတယ်။ အမြဲတမ်း သုံးစွဲနေဖို့ မသင့်တော်သလို သုံးစွဲပါများရင် လျှာပေါ်မှာ အရောင်တွေ စွဲထင်နေတာမျိုး ဖြစ်တတ်ပါတယ်။
ခံတွင်းသန့်ဆေးရည်သုံးတိုင်း ခံတွင်းသန့်တာ မဟုတ်ပါဘူး။ သွားရဲ့ အတွင်းပိုင်းတွေအထိ သန့်ရှင်းဖို့ စားကြွင်းစားကျန်တွေ ရှင်းလင်းဖို့ကို ခံတွင်းသန့်ဆေးရည်က မလုပ်ပေးနိူင်ပါဘူး။ ကျောက်တွေ ရှိမယ်။ သွားတွေမကောင်းဘူးဆိုရင် သွားဖုံးက သွေးထွက်နေမယ်ဆိုရင် ခံတွင်းသန့်စင်ဆေးရည်သုံးလို့လည်း ထူးခြားမှုမရှိနိူင်ပါဘူး။
ကိုယ်ခံစွမ်းအား မကောင်းရင် ခံတွင်းမှာ ပြဿနာလေးတွေ ဖြစ်ပေါ်လာနိူင်ပါတယ်။ လျှာမှာ အနာလေးတွေ ပေါက်မယ်။ အာခေါင်မှာ အဖုတွေပေါ်လာမယ်။ သွားဖုံးနဲ့ ပါးစောင်မှာ အပူနာလိုအဖုလေးတွေပေါက်မယ်။ နှုတ်ခမ်းကွဲတာ၊ နှုတ်ခမ်းခြောက်တာတွေ ဖြစ်မယ်။ ဗီတာမင်ဓာတ် လျော့နည်းမယ်။ ရေသောက်နည်းတယ်။ စိတ်ဖိစီးမှုများတယ်။ သံဓာတ်အားနည်းတယ်။ အစာအိမ် အူလမ်းကြောင်းမကောင်းဘူး စတာတွေကြောင့် ဒီလိုပြဿနာတွေ ဖြစ်တတ်သလို ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဖြစ်တတ်ပါတယ်။
အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် ဟော်မုန်းဓာတ်အပြောင်း ပိုမိုများပြားတဲ့အတွက် စိတ်ဖိစီးမှုများတဲ့အချိန်၊ အလုပ်တာဝန်တွေ ပိနေတဲ့အချိန်၊ လစဉ်ရာသီလာချိန်တွေနဲ့ သွေးဆုံးကိုင်ချိန်တွေမှာ ခံတွင်းနဲ့ ပတ်သက်တဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။ သွေးဆုံးသွားတဲ့အခါမှာ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေထုတ်တဲ့ ဂလင်းတချို့ဟာ အလုပ်လုပ်တာ နှေးကွေးလာပြီး ချို့ယွင်းလာတဲ့အတွက် ပါးစပ်ထဲမှာ ပူူတာ အာခြောက်တာတွေဖြစ်တတ်ပါသည်။ အမျိုးသမီးတွေရဲ့ ပင်ကိုယ်သဘာဝကိုက ကိုယ်ခံစွမ်းအားနဲ့ ပတ်သက်တဲ့ရောဂါတွေဖြစ်ဖို့ အခွင့်အလမ်း ပိုများတတ်ပါတယ်။
ခံတွင်းကင်ဆာဖြစ်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းက ကွမ်းစားသူနဲ့ ဆေးလိပ်သောက်သူတွေ၊ အရက်သောက်သူတွေ ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းကတော့ မျိုးရိုးကြောင့်နဲ့ ကိုယ်ခံစွမ်းအားမကောင်းလို့ ဖြစ်တတ်ပါတယ်။ ကွမ်းတစ်ခါစား၊ ဆေးလိပ်တစ်ခါသောက်လိုက်ပြီဆိုရင် ဆဲလ်တွေက ပျက်စီးသွားပြီး အကောင်းအတိုင်း ပြန်ဖြစ်ဖို့ ခက်ခဲသွားပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ ဆိုးကျိုးတွေ များစွာပါဝင်ပြီး အဆိုးဆုံးကတော့ ကင်ဆာဖြစ်စေနိူင်တာပါဘဲ။ Amine ဓာတ်တွေပါဝင်လို့ ဓာတ်တိုးဂုဏ်သတ္တိတွေ ဖြစ်ပြီး ပြောင်းလဲသွားကာ ခံတွင်းကင်ဆာနဲ့ အဆုတ်ကင်ဆာတွေ ဖြစ်စေနိူင်ပါတယ်။
ကဲ… ခံတွင်းနဲ့ဆိုင်တဲ့ ရောဂါတွေ မဖြစ်ချင်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချစွာနဲ့ ပြောဆိုဆက်ဆံချင်တယ်ဆိုရင်တော့ လတ်ဆတ်တဲ့ အသီးအနံှတွေ များများစားပေးပါ။ အသားထက်ငါးကို ပိုစားပေးပြီး ကွမ်းစားတာ၊ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ တွေကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် Cevit ဓာတ်ပါတာ၊ ကယ်စီယမ်ပါတာတွေကို များများစားပေးဖို့ အကြုံပြုလိုက်ရပါတယ်။
Author: ညီညီကျော် (Healthcare Journal / vol 8, no 13)