ချောင်းဆိုးခြင်းသည် ဖြစ်ပွားလျှင် ခံရဆိုးဝါးသကဲ့သို့ အချိန်လည်း ရှည်ကြာတတ်ပါသည်။ ကလေးများသည် ချောင်းဆိုးခြင်းကို ကာလရှည်ကြာ ခံစားရပါက ပင်ပန်းခြင်းကို ခံစားရနိုင်သည့်အပြင် အဆုတ်တွင် ဒဏ်ဖြစ်ခြင်းကဲ့သို့ နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့် အအေးမိချောင်းဆိုးခြင်းမဖြစ်စေရန် ကာကွယ်မှုများကို ပြုလုပ်သင့်ပါသည်။ ထိုသို့ ကာကွယ်ရာတွင် ခန္ဓာကိုယ်၏ ခုခံအားစနစ် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။
အောက်ပါ နည်းလမ်းများသည် ကလေးများကို ချောင်းဆိုးခြင်းဝေဒနာမဖြစ်ပေါ်စေရန် ကာကွယ်ရာတွင် အထောက်အကူပြုနိုင်မည့် နည်းလမ်းများဖြစ်ပါသည်။
(၁) အစိမ်းရောင်ရှိသော အသီးအနှံများကို ကျွေးပါ
အစိမ်းရောင်ရှိသော အသီးအနှံများသည် ခန္ဓာကိုယ်တွင် သဘာဝခုခံအားစနစ်များကို တည်ဆောက်ရန်အတွက် အကူအညီများစွာပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အစိမ်းရောင်ရှိသော အသီးအနှံများကို ဂရုပြုကျွေးမွေးခြင်းအားဖြင့် ကလေးများအား အအေးမိချောင်းဆိုးခြင်းမဖြစ်စေရန် ကာကွယ်ပေးနိုင်ပါသည်။
(၂) ဗီတာမင် ဒီ
ကလေးငယ်များသည် ကောင်းမွန်သော ခုခံအားစနစ်ကို တည်ဆောက်ရန်အတွက် ဗီတာမင်ဒီများ ခန္ဓာကိုယ်တွင်ဖြစ်ပေါ်ရန် လိုအပ်ပါသည်။ ဗီတာမင်ဒီ သည် နေရောင်ခြည်နှင့်ထိတွေ့သည့်အခါတွင် ဖြစ်ပေါ်လာလေ့ရှိပါသည်။ ထို့ကြောင့် ကလေးငယ်များကို ဗီတာမင်ဒီများ ပြည့်ဝအောင် ပြုလုပ်ပေးခြင်းအားဖြင့် အအေးမိချောင်းဆိုးခြင်းကို ကာကွယ်နိုင်ပါသည်။
(၃) ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်စေခြင်း
ကိုယ်လက်လှုပ်ရှား ကစားနည်းများ ကစားစေခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းအားဖြင့်လည်း ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို တိုးတက်စေနိုင်ပါသည်။ ထိုသို့ ခုခံအားကို တိုးတက်စေခြင်းအားဖြင့် ကလေးများ အအေးမိချောင်းဆိုးခြင်းကို ကာကွယ်မှုပြုလုပ်ပေးနိုင်ပါသည်။
(၄) ဖျားနာနေသော အခြားကလေးများနှင့် ခပ်ဝေးဝေးတွင် နေစေခြင်း
မိမိတို့၏ ကလေးကို ဖျားနာ၊ ချောင်းဆိုးနေသော ကလေးများနှင့် ခပ်ဝေးဝေးတွင် နေစေခြင်းအားဖြင့် ရောဂါ အလွယ်တကူ မကူးစက်စေရန် စီစဉ်ပေးသင့်ပါသည်။ ယခုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် အအေးမိရောဂါများ၊ ချောင်းဆိုးရောဂါများ အလွယ်တကူမဖြစ်စေရန် ကာကွယ်မှု ပြုလုပ်နိုင်ပါသည်။
(၅) Probiotics ပမာဏကို တိုးမြှင့်ပါ
Probiotics ဆိုသည်မှာ ခန္ဓာကိုယ်ကို အကျိုးပြုသော မိတ်ဆွေဘက်တီးရီးယားများ ဖြစ်ကြပါသည်။ ထိုသို့ ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယားများ များစွာရှိခြင်းသည် ခန္ဓာကိုယ်၏ခုခံအားစနစ်ကို တိုးတက်စေနိုင်သည့် အကြောင်းခြင်းရာများထဲမှ တစ်ခုဖြစ်ပါသည်။ ခန္ဓာကိုယ်၏ ခုခံအားစနစ် တိုးတက်လာခြင်းအားဖြင့် အအေးမိ ချောင်းဆိုးခြင်းမဖြစ်ပွားစေရန် ကာကွယ်နိုင်ပါသည်။
(၆) ဗီတာမင်စီ
ဗီတာမင်စီ သည် ကိုယ်ခံအားစနစ်ကို တိုးတက်စေရန် များစွာ အထောက်အကူပြုပါသည်။ ထို့ကြောင့် ကလေးများကို ဗီတာမင်စီ ပမာဏလုံလောက်စွာ ရရှိစေရန် လုပ်ဆောင်ပေးခြင်းအားဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက်စေကာ အအေးမိချောင်းဆိုးခြင်းကို ကာကွယ်နိုင်ပါသည်။
(၇) ဇင့်ဓာတ်
ဇင့်ဓာတ်သည် ခန္ဓာကိုယ်၏ခုခံအားစနစ်တွင် ပါဝင်သောဆဲလ်များအတွက် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပါသည်။ ဇင့်ဓါတ်ချို့တဲ့ခြင်းသည် ခုခံအားစနစ်တွင်ပါဝင်သော T ဆဲလ်နှင့် အခြားဆဲလ်များ၏ စွမ်းဆောင်ရည်အပေါ်တွင် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေပါသည်။
သတိပြုရန်အချက်မှာ ခန္ဓာကိုယ်၏ တစ်နေ့တာ ဇင့်ဓာတ်လိုအပ်ချက်ပမာဏဖြစ်သော ၁၅ မီလီဂရမ်မှ ၂၅ မီလီဂရမ်ထက် ပိုမိုများပြားစွာ စားသုံးပါက ခန္ဓာကိုယ်၏ ခုခံအားစနစ်လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်အတားအဆီးဖြစ်လာစေပါသည်။
(၈) ရောဂါပိုးမွှားများ ပျံ့နှံ့နိုင်သည့်လမ်းကြောင်းကို တားဆီးပါ
မိသားစုဝင်တစ်ဦးဦးတွင် ရောဂါပိုမွှားများကူးစက်ခံရပါက မိသားစုဝင်အချင်းချင်း ပြန်လည်မကူးစက်စေရန်အတွက် ဗိုင်းရပ်စ်ရောဂါပိုးများ ပျံ့နှံ့တည်ရှိနေနိုင်သော မျက်နှာပြင်များ၊ တံခါးလက်ကိုင်များ၊ မီးခလုတ်များကို သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်ပါသည်။
ထို့ပြင် ဗိုင်းရပ်စ်ပိုးများသည် လက်များပေါ်တွင် နာရီပေါင်းများစွာကြာအောင် ရှင်သန် နေထိုင်နိုင်သည့်အတွက် လက်မကြာခဏဆေးခြင်းအားဖြင့် ရောဂါပိုး ကူးစက်ပျံ့ပွားခြင်းမှ တားဆီးကာကွယ်နိုင်ပါသည်။
အထက်ပါနည်းလမ်းများကို ပြုလုပ်ခြင်းအားဖြင့် ကလေးများ အအေးမိ ချောင်းဆိုးခြင်း မဖြစ်စေရန် ကာကွယ်မှုများကို ပြုလုပ်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။
Author : Dr. CK