သင်အိပ်ရာမှနိုးလျှင် ပျင်းပျင်းရိရိ မထချင်ထချင်နဲ့ အိပ်ရာမှ ထလိုပါသလား။ သို့မဟုတ် လန်းလန်း ဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်နှင့် ပြုံးပြုံးလေး အိပ်ရာမှ ထချင်ပါသလား။ မေးသာမေးလိုက်ရပါသည်။ အဖြေက သိပြီးသားဖြစ်နေသည်။ လန်းဆန်းပျော်ရွှင်စွာ ပြုံးပြုံးလေး အိပ်ရာမှ ထလိုမည်သာဖြစ်၏။
ညစာစားပွဲမှအပြန် အိပ်ရာဝင် နောက်ကျသွားခဲ့ပါသလား။ သိပ်နှစ်သက်တဲ့ ရုပ်ရှင်ကားတစ်ကားကို ညဥ့်နက်ခံပြီး ကြည့်မိပါသလား။ ဝတ္ထုစာအုပ်ကို မချတမ်းဖတ်ခဲ့မိပါသလား။ အကြောင်းမဲ့သက်သက် အိပ်မပျော် ဖြစ်ပြီးဟိုဘက်သည်ဘက်လှည့်ပြီးအချိန်ကုန်သွားခဲ့ပါသလား။ထိုသို့ဆိုလျှင်သင်နံနက်အိပ်ရာ နိုးချိန်တွင် အားအင်ချည့်နဲ့နေသလို ခံစားရနိုင်သည်။ အိပ်ရာမှ မထချင်ဘဲ ပျင်းရိလေးတွဲ့နေနိုင်သည်။
နံနက်မှာအိပ်ရာမှ ပြုံးပြုံးလေးထလာနိုင်ဖို့သင်လိုက်နာလုပ်ဆောင်သင့်တာလေးများအားအကြံပြု ပြော ကြားလိုပါသည်။သင်အမှန်တကယ်အိပ်ရာမှထလိုက်သောအချိန်ထက်၁၅မိနစ်ခန့် စော၍ နှိုးစက်ပေးထားပါ။ အချိန်လု၍ ကပျာကယာ အပြေးအလွှား လုပ်ရခြင်းမျိုး မဖြစ်ပါစေနှင့်။ အိပ်ရာမှနိုးလျှင် ချက်ချင်းမထဘဲ ခေတ္တခဏ အိပ်ရာ၌ ဆက်လက် လဲလျောင်းနေပေးပါ။ နံနက် အိပ်ရာမှနိုးသည်နှင့် စတင်တွေးတောမှု၊ စဉ်းစားမှု၊ ကြံစည်မှု အားလုံးသည် အပြုသဘော ဆောင်သင့်၏။ ပျော်စရာ၊ စိတ်ကျေနပ်စရာ၊ ဝမ်းသာစရာများကို စဉ်းစားတွေးတောရန်ဖြစ်၏။
ခန္ဓာကိုယ်ကြွက်သားများကိုတစ်ခုပြီးတစ်ခု ကွေးဆန့်ကြည့်ပါ။ လက်ချောင်းလေးများ ကွေးဆန့်ပါ။ လက်ကောက်ဝတ် ကွေးဆန့်ကြည့်ပါ။ပြီးလျှင်တံတောင်၊လက်မောင်းစသည်ဖြင့်ဆက်လုပ်ပေးပါ။ ခြေချောင်း၊ ခြေချင်းဝတ်၊ဒူး၊ ပေါင်စသည်လည်းလုပ်ဆောင်ပေးပါ။ သွေးလည်ပတ်စီးဆင်းမှုအားကောင်းစေ၍ အောက်ဆီဂျင်ရရှိမှု ကောင်းစေပါသည်။ ခန္ဓာကိုယ်၏အဆိပ်ဓာတ်များသည်လူအား လေးလံထိုင်းမှိုင်းစေသည်။ ရေနွေးတစ်ခွက်တွင် ပျားရည် နှင့် သံပုရာရည် အနည်းငယ် ရောစပ်ပေးပါက လန်းဆန်းစေနိုင်သည်။ နံနက်ခင်း တေးသံသာနားဆင်သည့် တေးဂီတသည်အပြုသဘောဆောင်သောအတွေးအခေါ် ရစေသည်။ သတင်းစာဖတ်နေစဉ်၊နံနက်စာစားသုံးစဉ် တေးဂီတနားဆင်သင့်သည်။သီးသန့်အချိန်ပေးရန်မလိုပါ။ တစ်စုံတစ်ခု ပြုလုပ်ရင်းနားဆင်နိုင်ပါသည်။ ၁၅မိနစ်ခန့် ယောဂကျင့်စဉ် ပြုလုပ်နိုင်ပါက ကောင်းမွန်ပါသည်။ အခြားနှစ်သက်ရာ လေ့ကျင့်မှုတစ်ခုလည်းလုပ်ဆောင်နိုင်ပါသည်။ သွေးလှည့်ပတ်မှုအား ကောင်းမွန်စေရန်ခန္ဓာကိုယ်တွင်း ဟော်မုန်းများ မျှတစေနိုင်သည်။
Author – ဒေါက်တာဇာနည်