လွန်ခဲ့တဲ့ ဆယ်နှစ်ဖြစ်သည့် ၂၀၀၇ ခုနှစ်ဆန်းတွင် ကျွန်တော်သည် ချောင်းဆိုးသည့် ရောဂါခံစားရပြီး ဆေးကုသမှု ခံယူရာ မပျောက်ဘဲ ဖြစ်နေပါသည်။ စားမဝင် အိပ်မပျော်ဖြစ်ကာ လူ၏ ခန္ဓာကိုယ်သည်လည်း ပိန်ချုံး၍ ဖြစ်နေပါသည်။ ထိုစဉ် TV အစီအစဉ်တစ်ခုတွင် ချောင်းဆိုးဝေဒနာ သုံးပါတ်ထက်ကျော်လွန်ပါက TB ပိုး ရှိမရှိ စစ်ဆေးသင့်ပြီး TB ရောဂါဖြစ်နေပါက DOTS ကုထုံးဖြင့်ကုသ၍ ပျောက်ကင်းကြောင်း သိလာရသဖြင့် TB ရောဂါစစ်ဆေးမှုခံယူရာ TB ရောဂါရှိနေကြောင်းသိရပြီး TB ဆေးများသောက်ခဲ့ရာ ချောင်းဆိုးဝေဒနာချက်ချင်းပင် ပြန်ကောင်းသွားကာ စားဝင်၊ အိပ်ပျော်ပြန်ဖြစ်လာပါတော့သည်။ သို့သော် TB ရောဂါနှင့် ဆက်နွယ်သည့် ဗဟုသုတ၊ စာပေများကို လေ့လာရာတွင် HIV ပိုးရှိနေသူများသည် ခုခံအားကျဆင်းနေချိန်တွင် TB ရောဂါ ဖြစ်လာနိူင်သည်ကို သတိထားမိပါသည်။ TB ရောဂါဖြစ်တိုင်း HIV ပိုးရှိသည် မဟုတ်ဘဲ HIV ရှိနေလျှင် TB ရောဂါဖြစ်လာနိူင်သည်ကို သိလာရသဖြင့် HIV ပိုးရှိမရှိကိုပါ ပြန်လည်စစ်ဆေးသင့်ကြောင်း၊ ဆက်စပ်တွေးခေါ်မိလာပြီး HIV ပိုးစစ်ဆေးခြင်းကိုပါ ထပ်မံပြုလုပ်မိပါတော့သည်။ သို့သော် HIV စစ်ဆေးနည်းလမ်းဖြစ်သည့် VCCI ဟုခေါ်သည့် ဆွေးနွေးတိုင်ပင်ခံပြီးမှ စစ်ဆေးရသည်ကို မသိဘဲ မိမိကိုယ်တိုင် လျှို့ဝှက်စစ်ဆေးမိခဲ့သည့်အတွက် ကမ္ဘာ့လောကကြီးထဲတွင် နေလိုချင်စိတ်တော့ သလိုခံစားခဲ့ရပါတော့သည်။
မည်သည်ကို စလုပ်ရမည်မသိတော့ဘဲ စိတ်ဓာတ်ကျဆင်းပြီး လူ့ဘဝရှုံးပြီဟုသာ ထင်မှတ်လိုက်ခဲ့ပါတော့သည်။ မိမိ၏ ကျန်းမာရေး အခြေအနေကို မိမိ၏ အလုပ်ရှင်ကို ဖွင့်ဟပြောဆိုလိုက်သည့်အခါတွင် ကူညီမှုမပေးနိူင်သည့်အပြင် အလုပ်မှထုတ်ပယ်ခြင်းကိုသာ ခံခဲ့ရပါတော့သည်။ ဆေးဝါးကုသမှုမပေးသည့်အပြင် ကျွန်တော်၏ စိတ်ဓာတ်ကိုပါ ရိုက်ချိုးဖျက်စီးသည့် စကားဖြစ်သော လူ့ဘဝတွင် တစ်နှစ်သာ နေရတော့မည်ဟု လူသားချင်း ကိုယ်ချင်းမစာနာစွာ ပြောထည့်လိုက်သဖြင့် အလုပ်လည်းပြုတ်၊ ရောဂါလည်း ဖြစ်သဖြင့် စိတ်ပိုင်းဆိုင်ရာ လဲပြိုခဲ့ရပါတော့သည်။ သို့သော် လူ့ဘဝဆိုသည်မှာ ကံကြမ္မာအနိမ့်အမြင့် လူတိုင်းပင်ရှိနေကြသည်ကို သဘောပေါက်နေသော ကျွန်တော်သည် မဟာဇနက္ကထုံးကို နှလုံးမူရပါတော့သည်။ လူ့ဘဝကြီးတွင် အသက်ရှင်သန်ပြီး မိမိ၏ မိသားစုနှင့် အများအကျိုး သယ်ပိုးနိူင်ရန် မိမိ၏ ကိုယ်နှင့် စိတ်ကျန်းမာရေးကို ပြန်လည်တည်ဆောက်ရပါတော့သည်။ မှန်ကန်သည့် ဆေးဝါးကုသမှုကို ခံယူကာ မိမိ၏ မိသားစုစားဝတ်နေရေးအတွက်ရသည့် အလုပ်များလုပ်ကိုင်ပြီး စားဝတ်နေရေး အခြေအနေများ ပြန်လည်ကောင်းမွန်လာသည့်အခါ မိမိနှင့်ဘဝတူများ၏ အကျိုးကို သယ်ပိုးနိူင်ရန်အတွက် HIV နှင့်ပတ်သက်သော ဗဟုသုတ သင်တန်းပေါင်းများစွာကို တက်ရောက်သင်ယူခဲ့ပါတော့သည်။
ထိုသို့ HIV ဗဟုသုတများ ရရှိလာသောအခါတွင် မိမိ၏ ဘဝတူများကို ကယ်တင်နိူင်ရန်အတွက် ဗဟုသုတ စာပေများ ရေးသားထုတ်ဝေခဲ့ပါတော့သည်။ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာများ မိမိကိုယ်တိုင် ပြန်လည်မြင့်တက်လာသည့်အခါ မိမိဘဝတူများကို စာပေကဏ္ဍအပါအဝင် ကိုယ်တိုင်ကိုယ်ကျ ကူညီကယ်တင်နိူင်သော အဆင့်ကို ရောက်ရှိလာပါတော့သည်။ ထို့အပြင့်အလှူ ရှင်များနှင့် ချိတ်ဆက်ကာ HIV ရှိနေသူ ၁၅၀ ဦးကို ဆေးအခမဲ့ပေးခြင်း လုပ်ငန်းအား သုံးနှစ်ကူညီလုပ်ပေးနိူင်ခဲ့ခြင်းသည်လည်း လူ့သေဘဝမှ ရှင်လူပြန်ဖြစ်လာသောကြောင့်ပင် ဖြစ်ပါသည်။ HIV ပိုး ကူးစက်ခံရသူတိုင်း အကျင့် စာရိတ္တမကောင်းဟု သတ်မှတ်၍မရဘဲ အကြောင်းအမျိုးမျိုးကြောင့် ကူးစက်ခံလာရသော်လည်း တန်ဖိုးရှိသော လူသားများဘဝကို ပြန်လည် ပိုင်ဆိုင်ခွင့်ရအောင် ပြုလုပ်နိူင်သော အချိန်ကာလကိုလည်း ရောက်ရှိနေပြီဖြစ်ပါသည်။ HIV မကူးစက်စေရန် ကာကွယ်ခြင်းနည်းလမ်းနှင့် ဗဟုသုတများကို လေ့လာကြဖို့သာ လိုအပ်ပြီး ကူးစက်ခံရပါကလည်း လက်မြှောက်အရှုံးမပေးဘဲ လူ့ဘဝမှန်အဖြစ်ပြန်လည် ရရှိအောင်တည်ဆောက်ကြဖို့ အထူးလိုအပ်ပါသည်။ HIV ရှိနေသော်လည်း မှန်ကန်သော ဆေးဝါးကုသမှုကို ခံယူကာ လူ့အရင်းအမြစ်များကို ပြန်လည်အသုံးချနေကြသော လူများစွာ ရှိနေကြပြီလည်း ဖြစ်ပါသည်။
အဓိကမှာ မိမိတို့၏ စိတ်ဓာတ်သာ အဓိက ဖြစ်သည်ကိုလည်း မျှဝေလိုပါသည်။ မည်သူတွေ မည်သို့ပင် ခွဲခြားဆက်ဆံနှိမ့်ချမှုများ ပြုလုပ်ပါက လက်မြှောက်အရှုံးမပေးဘဲ ကြံ့ကြံ့ခံပြီး ရပ်တည်ရန်သာ ကြိုးစားဖို့ လိုအပ်ပါသည်။ ကျွန်တော်၏ဘဝဖြစ်စဉ်တွင် မိမိအလုပ်ရှင်မှ လူ့ဘဝတွင် တစ်နှစ်သာနေရတော့မည်ဟု ကိုယ်ချင်းမစာနာစွာ ပြောခဲ့သော်လည်း ယခုအချိန်တွင် ၁၀ နှစ် သက်တမ်းသို့ရောက်ခဲ့ပြီ ဖြစ်ပါသည်။ ထိုစဉ်အခါက သူပြောလိုက်သလို ငါသည် လူ့ဘဝတွင် တစ်နှစ်သာနေရတော့မည်မှာ ကြိမ်းသေဖြစ်သလားဟု မိမိကိုယ်ကိုပင် ဇဝေဇဝါဖြင့် စိတ်ဓာတ်ကျဆင်းပြီး စိတ်ဓာတ်ပျက်စီး ခိုင်မာမှုပေါ်တွင်လည်း ရာခိုင်နှုန်းများစွာ တည်ရှိသည်ဖြစ်သောကြောင့် မည်သူတွေ မည်သို့ပင် ပြောပါစေ မိမိဘဝပဲ့ကိုင်ရှင်သည် မိမိကိုယ်တိုင်ပင် ဖြစ်ပါကြောင်းကို သိထားစေလိုပါသည်။ ထို့ကြောင့် HIV နှင့် ပတ်သက်လျှင် နောက်လူများ ကာကွယ်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းစဉ် သုံးခုစလုံးကို သေချာစွာ လေ့လာကျင့်သုံးသင့်ပြီး ကြုံတွေ့လာပါက မိမိကိုယ်တိုင် မဟုတ်လျှင်သော်မှ တစ်ပါးသူများကို ကယ်တင်ကူညီသင့်ပါကြောင်းနှင့် ပရဟိတစိတ်ဓာတ်များ မွေးမြူထားသင့်ကြောင်းကိုပါ အသိပေးလိုပါသည်။ ဤကဲ့သို့ လူ့ဘဝခရီးကြမ်းကို ၁၀ နှစ်ကျော် ဖြတ်သန်းခဲ့ရသော ကျွန်တော်သည် နောင်နှစ်ပေါင်းများစွာ လူသားများ အကျိုးကို ဆက်လက်ထမ်းဆောင်ပါဦးမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါတော့သည်။
Author: လှိုင် (PEER)