ခန္ဓာကိုယ်၌လုပ်ငန်းအများဆုံးလုပ်ဆောင်လျက်ရှိသောအင်္ဂါအစိတ်အပိုင်းကို ပြောပါဆိုလျှင် ဦးနှောက်လား၊ နှလုံးလား၊ အဆုတ်လား၊ အသည်းလား စသည်ဖြင့် စဉ်းစားပြီးဖြေကြည့်စေချင်ပါသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးသည် သက်ဆိုင်ရာလုပ်ငန်းတာဝန်များကို လုပ်ဆောင်ပေးနေရသည်။
အဆုတ်တစ်စုံသည်အဓိကလုပ်ငန်းဖြစ်သော လေကိုရှုသွင်းခြင်းရှုထုတ်ခြင်းဖြင့်ခန္ဓာကိုယ်အတွက် အောက်ဆီဂျင် ရယူပေးပြီး ကာဘွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ပစ်ပေးလျက်ရှိသည်။ လုပ်ငန်းပိုင်း မရေမတွက် နိုင်အောင် နေ့ညမပြတ် လုပ်ဆောင်ပေးနေရသည်မှာ “အသည်း” Liver ဟုဆိုလျှင် ငြင်းနိုင်ကြမည် မဟုတ်ပေ။ အသည်း၏ လုပ်ငန်းများကို လေ့လာကြည့်လျှင် –
(က)ဇီဝဓာတုလုပ်ငန်းများ
အသည်းသည်ကစီဓာတ်၊အဆီဓာတ်နှင့်ပရိုတင်းတို့၏ဇီဝဓာတုလုပ်ငန်းများကိုအဓိကလုပ်ဆောင် ပေးရာ နေရာဖြစ်သည်။အသည်းတွင်ဇီဝဓာတုဖြစ်စဉ်အားလုံးနီးပါး ဖြစ်ပျက်လျက်ရှိသည်။ အသည်းသည် သွေးရည် ပရိုတင်း Plusma Proteins များကိုအဓိကထုတ်လုပ်ပေးသည်။ ပရိုတင်း၏ အခြေခံပစ္စည်းဖြစ်သောအမိုနိုအက်ဆစ်များ Amino Acidsတည်ဆောက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့အတွက်အသည်းကပင်လုပ်ဆောင် ပေးသည်။ သွေး၌သကြားဓာတ်မှန်ကန်မှုရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။အသည်းသည်ခန္ဓကိုယ်၏ဇီဝဓာတုဖြစ်စဉ်များအတွက်အဓိကအရေးကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်သည်။
(ခ) သွေးခဲစေသောပစ္စ္စည်းများတည်ဆောက်ပေးခြင်း ခန္ဓာကိုယ်၏ သွေးခဲစေသောလုပ်ငန်းမှာ သွေးဆုံးရှုံးမှုနှင့် သွေးယိုစီးမှုတို့ကို အဓိကကာကွယ်ပေး သည်။ အသည်းသည် သွေးခဲစေသော ပစ္စည်းများ Clotting Factors ကို ထုတ်လုပ်ပေးသည့် စက်ရုံဟု ဆိုနိုင် သည်။ အသည်း၏ သွေးခဲစေသော ပစ္စည်းထုတ်လုပ်မှုကို ဗီတာမင် K က ကူညီပေးသည်။
(ဂ)သည်းခြေရည်တည်ဆောက်မှုနှင့် ဘီလီယူဘင်
Bilirubin၏ဓာတုဖြစ်စဉ် သွေးနီဥများသည်အသက်အရွယ်ကြီးရင့်လာသောအခါပျက်ဆီးကုန်ကြသည်။ သွေးနီဥများပျက်ဆီးပြီးထွက်ပေါ်လာသောဘီလီယူဘင်၏ ဇီဝဓာတုဖြစ်စဉ်ကိုအသည်းကလုပ်ဆောင်ပေးသည်။ အသည်းသည်အစားအစာ ချေဖျက်စုပ်ယူရန်လိုအပ်သောသည်းခြေ ရည်ကိုလစဉ်တည်ဆောက်ထုတ်လုပ် ပေးသည်။
(ဃ)ဗီတာမင်နှင့်သတ္တုဓာတ်များသိုလှောင်သိမ်းဆည်းခြင်း
အသည်းသည်ခန္ဓာကိုယ်အတွက်လိုအပ်သောဗီတာမင်များနှင့် သတု္တဓာတ်တချို့ကို သိုလှောင်သိမ်း ဆည်းပေးနိုင်သည်။ ဥပမာ – ဗီတာမင် A, D နှင့် B12 တို့ကို သိုလှောင်ပေးနိုင်သည်။ သတ္တုဓာတ်တစ်မျိုးဖြစ် သော သံဓာတ်ကိုလည်း အသည်းမှပင် သိုလှောင်ပေးထားသည်။
(င)ခုခံစွမ်းအားထိန်းချုပ်ပေးခြင်း
အသည်း၏၉ရာခိုင်နှုန်းသောကလပ်စည်းများသည်ခုခံစွမ်းအားနှင့်ဆိုင်သောကလပ်စည်းများ Immune Cells ဖြစ်ကြသည်။ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော ရောဂါပိုးများကို တိုက်ခိုက်ဖျက်ဆီး နိုင်စွမ်းရှိသည်။
(စ)ကာကွယ်ရေးလုပ်ငန်း
အသည်းသည်အဆိပ်များနှင့်အန္တရာယ်ရှိသောပစ္စည်းများကို ဓာတ်ပြုပျက်ပြယ်စေနိုင်သည်။ ခန္ဓာကိုယ် တွင်းမှထွက်သောအညစ်အကြေးများနှင့် ပြင်ပမှဝင်လာသောအဆိပ်အတောက်၊အညစ်အကြေများကိုလည်း ဓာတ်ပြုပျက်ပြယ်စေကာ၊စွန့်ပစ်ဖယ်ရှားပေးနိုင်သည်။
(ဆ) သွေးသိုလှောင်ထားခြင်း
အသည်းသည်ခန္ဓာကိုယ် သွေးလှည့်ပတ်မှုအတွက်အထောက်အကူဖြစ်စေပါသည်။ အရေးပေါ်လိုအပ် ချိန်တွင်အသည်းသည်၎င်း၌ သိုလှောင်သိမ်းဆည်းထားသောသွေးများကိုလည်ပတ်နေသော သွေးအတွင်းသို့ပို့ဆောင်ပေးသည်။လိုအပ်ချိန်တွင် သွေးများလည်းတည်ဆောက်ပေးနိုင်စွမ်းရှိသည်။သို့ဖြစ်ရာအသည်း၏ လုပ်ငန်းများ ကောင်းမွန်မှန်ကန်မှသာလျှင် လူတို့ ကျန်းမာစွာ ရှင်သန်ရပ်တည် နိုင်မည်ဖြစ်ပေသည်။
Author – ဒေါက်တာဇာနည်