ရေသည် သဘာဝကပေးထားသော ဆေးစွမ်းတစ်လက်ဖြစ်သည်။ ရေကဲ့သို့အာနိသင် ထက်မြက်သော ဆေးဟူ၍ပင် မရှိနိုင်ဟု ဆိုရပါမည်။ ထို့ကြောင့် သက်ရှည်ကျန်းမာလိုလျှင် ရေများများသောက်ပါဟု အကြံပေး လမ်းညွန်လိုက်ရခြင်းဖြစ်ပါသည်။ လူတစ်ယောက်တွင် ခန္ဓာကိုယ်အလေးချိန်၏ ၆၀% မှာရေဖြစ်သည်။ ကျန် ၄၀%မှာ ပရိုတင်းဓာတ် ၁၈%၊ အဆီဓာတ်၁၅% နှင့်သတ္တုဓာတ် ၇%တို့ပါဝင်နေသည်။
ခန္ဓာကိုယ်၌ ရေဓာတ်မျှတမှုသည် ကျန်းမာရန် အတွက်ဖြစ်စေ၊ အသက်ရှင်သန်ရန်အတွက်ဖြစ်စေ အရေးကြီးဆုံးဖြစ်သည်။ မြန်မာသမားတော်ကြီးများက လည်း လူတို့ ကျန်းမာဖို့ကံ၊ စိတ်၊ ဥတု၊ အာဟာရပေါ်တွင် မှီတည်နေသည်ဟုဆိုထားသည်။ လူတို့နေ့စဉ်စားသုံးသောအစားအစာများတွင် အာဟာရဓာတ် ၆မျိုးပါဝင်သည်။ (၁) ကစီဓာတ် (၂) အဆီဓာတ် (၃) ပရိုတင်းဓာတ် (၄) သတ္တုဓာတ် (၅) ဗီတာမင်များ နှင့် (၆) ရေတို့ ဖြစ်ကြသည်။ လူတစ်ယောက် တွင် ရေရရှိမှု (အဝင်)နှင့် ရေဆုံးရှုံးမှု (အထွက်) တို့မျှတမှုရှိရန် လိုအပ်သည်။ ဇီဝကမ္မဗေဒ သဘောအရ “water balance” ဟုဆိုသည်။ ရေလိုခြင်း သို့မဟုတ ်ရေပိုခြင်းသည် ကျန်းမာရေးကို ထိခိုက်စေရုံသာမက အသက်ပင် သေဆုံးစေ နိုင်သည်။
ရေရရှိမှုတွင် – (က) သောက်ရေ (ရေနှင့်အရည်များ) ၁.၂ လီတာ (ခ) အစားအစာမှရရှိသောရေ ၁.၀ လီတာ (ဂ) ဇီဝဓာတုဖြစ်စဉ်တို့ကြောင့်ရသောရေ ဝ.၃ လီတာ ရှိသဖြင့် စုစုပေါင်း ၂.၅ လီတာ ခန့် ဖြစ်သည်။ ရေဆုံးရှုံးမှုတွင် – (က) ဝမ်းမှုတဆင့်ဆုံးရှုံးမှု ဝ.၂ လီတာ (ခ) အသက်ရှုလမ်းကြောင်းမှတဆင့်ဆုံးရှုံးမှု ဝ.၃ လီတာ (ဂ) အရေပြားမှဆုံးရှုံးမှု ဝ.၅ လီတာ (ဃ) ဆီးသွားခြင်း ၁.၅ လီတာ ရှိသဖြင့် စုစုပေါင်း ၂.၅ လီတာ ခန့်ပင် ဖြစ်သည်။ ရေ၏အရေးကြီးသောလုပ်ငန်းတာဝန်များကို ဖော်ပြပေးထားပါသည်။ Universal Solvent – ရေကို ဆေးပညာ၌ universal solvent ဟုခေါ်သည်။ ခန္ဓာကိုယ်၏ဇီဝဓာတုဖြစ်စဉ်များ သည် ရေကြားခံနယ်၌ ဖြစ်ပေါ်လျက်ရှိသည်။
ခန္ဓာကိုယ်၌အရေးကြီးသော ပစ္စည်းများ (အာဟာရ၊ အညစ်အ ကြေး၊ ဟော်မုန်းများ၊ ဇီဝဓာတ်ကူ ပစ္စည်းများ၊ လျပ်လိုက်ဓာတ်များ) သည်ရေကြားခံတွင်းမှသာ ဖြတ်သန်းသွား လာလျက်ရှိသည်။ Building Block – သက်ရှိတို့၏ ဖွဲ့စည်းပုံအရ ကလာပ်စည်းများတွင်ရေ ၈၀%ပါဝင်လျက်ရှိသည်။ ရေမရှိပါပဲ ကလပ်စည်းများ၊ တစ်သျှူးများ၊ အင်္ဂါအစိတ်အပိုင်းများ တည်ဆောက်၍ မရနိုင်ပေ။ ထို့ကြောင့် ရေသည်တည် ဆောက်ရေးပစ္စည်းတစ်ခုဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။ Lubricant – ရေသည် ချောဆီကဲ့သို့အသုံးကျသည်။ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ ထိခိုက်ပွန်းပဲ့မှုမဖြစ် အောင် ကာကွယ်ပေးထားသည်။ အရိုးအဆစ်များတွင် Synovial Fluid ခေါ်အရည်ရှိသည်။ ဦးနှောက်နှင့် အာရုံ ကြောမကြီးကိုလည်း Cerebrospinal Fluid (CSF) ခေါ် အရည်က ကာကွယ်ပေးထားသည်။ Thermonogulator – ခန္ဓာကိုယ်၏ အပူချိန်မှာ ၃၇ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၉၈.၆ ဒီဂရီဖာရင်ဟိုက်ဖြစ် သည်။ အလွန်အကျွံ ပြောင်းလဲသွား၍မရပေ။
လူသည်သွေးနွေးသတ္တဝါ Warm Blooded Animal ဖြစ်သည်။ အပူချိန်မျှတမှုသည် ရေ၏ ထူးခြားသော ရူပဗေဒဆိုင်ရာ ဂုဏ်သတ္တိများကြောင့်ဖြစ်သည်။ ခန္ဓာကိုယ်အပူချိန် ပြောင်းလဲမှုကြောင့် ဇီဝဓာတ်ကူပစ္စည်းများ လုပ်ငန်းပြောင်းလဲသွားနိုင်သည်။ ဇီဝဓာတ်ကူပစ္စည်းများ၏ လုပ်ငန်း ပျက်ယွင်းသွားပါက ရောဂါဖြစ်ခြင်းသို့မဟုတ် သေဆုံးခြင်းဖြစ်နိုင်သည်။ ရေများများသောက်ခြင်းသည် ခန္ဓာကိုယ်၏ လုပ်ငန်းများ ကောင်းမွန်မှန်ကန်စေနိုင်သည်။ ခန္ဓာကိုယ်၏ အပူချိန်မျှတစေမည်ဖြစ်သည်။ ရေများများသောက်ခြင်းကြောင့် ဆီးပမာဏများနိုင်သည်။ ဆီးသည် ခန္ဓာကိုယ် တွင်းသို့ ဝင်ရောက်လာသော အန္တရာယ်ရှိသည့်ပစ္စည်းများ၊ ခန္ဓာကိုယ်၏ဇီဝဓာတုဖြစ်စဉ်ကြောင့် ထွက်လာသော အညစ်အကြေးများနှင့် ခန္ဓာကိုယ်၌ပိုလျှံနေသောပစ္စည်းများကို ဖယ်ရှားပေးမည်ဖြစ်သည်။ ဆီးပမာဏများလေ အညစ်အကြေးများကင်းစင်လေဖြစ်သည်။ အညစ်အကြေးများကင်းစင်ခြင်းသည် ခန္ဓာကိုယ်၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်သည်။ အသက်ရှည်စေနိုင်မည် ဖြစ်ပါသည်။
Author – ဒေါက်တာဇာနည်