MSDs ဆိုသည်မှာ
တစ်ခါတစ်ရံတွင် ကြွက်သား၊ အရွတ်၊ အာရုံကြော၊ အဆစ်နှင့် အခြားပျော့ပျောင်းသည့် တစ်ရှူးများသည် လုပ်ငန်းခွင်ကြောင့် နာကျင်ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်သကဲ့သို့ ဖြစ်ပွားပြီးသား အခြေအနေတစ်ရပ်သည်လည်း ပိုမိုဆိုးရွားလာတတ်ပါသည်။ ၎င်းကို Musculoskeletal Disorders (MSDs) ဟု ခေါ်ဆိုကြပါသည်။ အဆိုပါ MSDs ပြဿနာသည် အမေရိကတွင် ထိခိုက်နာကျင်မှုဆိုင်ရာ ပြဿနာများ၏ ၃ ပုံ ၁ ပုံအထိ နေရာယူထားပါသည်။
အထူးသဖြင့် MSDs ပြဿနာကြောင့် ကာလတို/ကာလရှည် အဆစ်အမြစ်ရောင်ရမ်းခြင်းများ ဖြစ်လေ့ရှိကြပါသည်။
ကြာရှည်စွာ အဆစ်အမြစ်ရောင်ရမ်းခြင်းသည် အရိုးအဆစ်များပေါ်တွင် ဖုံးအုပ်ထားသော အရိုးနုများကို ပြုန်းတီးတိုက်စားသွားစေပါသည်။ ရလဒ်အနေဖြင့် အဆစ်တွင်ရှိသော အရိုးမျက်နှာပြင်အချင်းချင်း ပွတ်တိုက်မှုများ ဖြစ်ပေါ်လာကာ ပြင်းထန်သော နာကျင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။ လေ့လာတွေ့ရှိမှု မှတ်တမ်းများအရ အသက် ၄၅ နှစ်မှ အသက် ၆၄ နှစ်အတွင်း လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေကြသောသူများ အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်း ပြဿနာ၏ ၃ ပုံ ၁ ပုံသည် MSDs ပြဿနာကြောင့် ဖြစ်ကြောင်းတွေ့ရှိရပါသည်။
MSDs ပြဿနာကို ပိုမိုဆိုးရွားစေသော အချက်များ
လုပ်ငန်းခွင်နှင့် ဆက်စပ်နေသော အရိုးအဆစ်နှင့် ကြွက်သားနာကျင်ခြင်းဖြစ်ပွားမှုကို ပိုမိုဆိုးရွားစေရန် အားပေးသော အချက်များစွာရှိသည့်အနက် အသက်အရွယ်ကြီးရင့်လာမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
လေ့လာတွေ့ရှိချက်များအရ အသက်အရွယ်ကြီးရင့်မှုနှင့် MSDs ပြဿနာ၏ ဆက်စပ်မှုသည် ရှုပ်ထွေးကာ အဆိုပါ ဆက်စပ်မှုအပေါ် လွှမ်းမိုးသော အချက်အလက်များစွာလည်း ရှိပါသည်။
အသက်အရွယ်ကြီးရင့်လာသောအခါ အရိုးအဆစ်များ ရောင်ရမ်းလွယ်သည့်အပြင် ကြွက်သားများ အားနည်းသေးသိမ်လာခြင်းနှင့် ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာခြင်းသည်လည်း MSDs ပြဿနာကို ပိုမို ဆိုးရွားစေရန် အားပေးလျက် ရှိပါသည်။ ထို့ပြင် မော်လီကျူးများနှင့် ဆဲလ်များ၏ လုပ်ငန်းဆောင်တာများ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ကြွက်သားဆိုင်ရာ လုပ်ငန်းဆောင်တာများ လျော့ကျ အားနည်းလာခြင်းကြောင့် အရိုးအဆစ်များ၏ မြဲမြံမှုလျော့ကျခြင်း၊ လှုပ်ရှားမှုများ အကန့်အသတ်ဖြစ်လာခြင်းများ ဖြစ်ပေါ်လာတတ်ပါသည်။
ထိုသို့ ဖြစ်ပေါ်သောအခါ လုပ်ငန်းခွင်အတွင်းတွင် ပုံစံတစ်မျိုးတည်း၌ ကြာရှည်စွာ ထိုင်၍သော်လည်းကောင်း၊ မတ်တတ်ရပ်၍သော်လည်းကောင်း လုပ်ဆောင်နိုင်ခြင်းမရှိတော့သကဲ့သို့ ထပ်ခါထပ်ခါ အကြိမ်ရေများစွာ ပြုလုပ်ရသည့် လုပ်ငန်းများကို လုပ်ဆောင်ရာ၌လည်း အခက်အခဲများစွာ တွေ့လာတတ်ပါသည်။ ထို့ပြင် ယခင်က ပြုလုပ်နေကျ လုပ်ဆောင်မှုတစ်ခုအတွက် အင်အားပိုမိုစိုက်ထုတ်လာရတတ်ပါသည်။
ထိုသို့ အခက်အခဲများ တွေ့ကြုံရခြင်း၊ အင်အား ပိုမို စိုက်ထုတ်ရခြင်းသည် MSDs ပြဿနာကို ပိုမို ဆိုးရွားလာစေပါသည်။ တစ်ဖန် MSDs ပြဿနာကြောင့် အရိုးအဆစ်နှင့် ကြွက်သား၊ အကြော၊ အရွတ် ပြဿနာများ ပိုမိုဆိုးရွားလာစေကာ မုန့်လုံး စက္ကူကပ်သကဲ့သို့ မဆုံးနိုင်သည့် သံသရာ စက်ဝန်းလည်ပတ်လာပါတော့သည်။
ကာကွယ်ခြင်း
စိတ်ချလုံခြုံသော လုပ်ငန်းခွင်ဖြစ်အောင် ဖန်တီးခြင်း၊ သက်တောင့် သက်သာစွာဖြင့် အလုပ်များ လျင်မြန်စွာ ပြီးမြောက်စေရန် ဖန်တီးပေးခြင်း၊ လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါက လျင်မြန်စွာကုသခြင်းနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ပြဿနာများ မဖြစ်ပေါ်စေရန် တားဆီးကာကွယ်ပေးခြင်း စသည်တို့ပါဝင်သော လုပ်ငန်းခွင်ဆိုင်ရာ ပရိုဂရမ်များ ဖန်တီး၍ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန် ပံ့ပိုးကူညီပေးခြင်းအားဖြင့် MSDs ပြဿနာများကို လျော့နည်း ပပျောက်စေရန် ဆောင်ရွက်ပေးနိုင်ပါသည်။
ထို့ပြင် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကြွက်သားနှင့် အရိုးအဆစ်များ တောင့်တင်း ခိုင်မာမှုကို အားပေးသော အစာအာဟာရများကို ဂရုတစိုက် ပိုမို စားသုံးပေးခြင်းအားဖြင့်လည်း MSDs ပြဿနာနှင့် ဆက်စပ်ကာ သံသရာ လည်ပတ်မှုကို လျှော့ချပေးနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။