ယနေ့ခေတ်တွင် Gym ဆော့ကစားခြင်းသည် လူငယ်၊ လူလတ်ပိုင်းအရွယ်များအကြားတွင် တစ်နေ့တခြား ခေတ်စားလာလျက်ရှိပါသည်။ ခန္ဓာကိုယ်အချိုးအစားလှပစေရန်သာမက ကျန်းမာရေး အထောက်အကူပြုစေရန်အတွက်ပါ ကစားကြလေ့ရှိပါသည်။ သို့သော် Gym ကစားခြင်းကို ကြီးမားစွာ စိန်ခေါ်နေသော အရာတစ်ခုလည်း ရှိပါသည်။ ၎င်းမှာ Gym ကစားပြီးနောက် ဖြစ်ပေါ်လာသော ကြွက်သားနာကျင်ခြင်းပင် ဖြစ်ပါသည်။
အောက်ပါနည်းလမ်းများသည် Gym ကစားပြီးနောက် ဖြစ်ပေါ်လာသော ကြွက်သားနာကျင်ခြင်းများကို အနည်းနှင့် အများဆိုသလို သက်သာစေသော နည်းလမ်းများဖြစ်ပါသည်။
၁။ အပေါ့စားလေ့ကျင့်ခန်းများ ဆက်လက် ပြုလုပ်ပေးပါ
Gym ဆော့ကစားပြီးတဲ့နောက် ကြွက်သားများ နာကျင်မှုကို ခံစားကြရသည့်အခါ အများစုက ကြွက်သားများကို တတ်နိုင်သမျှ မလှုပ်ရှားဘဲ နေတတ်ကြပါသည်။ သို့သော် လေ့လာတွေ့ရှိချက်များအရ ပေါ့ပေ့ါပါးပါး လေ့ကျင့်ခန်းတွေ ဆက်လက် ပြုလုပ်ပေးခြင်းသည် ကြွက်သားနာကျင်မှုကို ပိုမို လျင်မြန်စွာ သက်သာစေနိုင်ကြောင်း တွေ့ရှိရပါသည်။
အပေါ့စားလေ့ကျင့်ခန်းများ ပြုလုပ်ပေးသောအခါ သွေးလှည့်ပတ်မှုကို ပိုမို ကောင်းမွန်လာစေကာ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို နာကျင်နေသော ကြွက်သားများဆီသို့ ပိုမို ပို့ဆောင်ပေးပါသည်။ ထိုကဲ့သို့ ပိုမို ပို့ဆောင်ပေးခြင်းကြောင့် အဆိုပါ ကြွက်သားများကို ပြန်လည် အားဖြည့် ပြုပြင်သော ဖြစ်စဉ်များကို ပိုမို လျင်မြန်လာစေပါသည်။
ထို့ကြောင့် Gym ဆော့ပြီးသောအခါ ကြွက်သားများနာကျင်မှုကို ခံစားရသည့်အခါ လုံးဝရပ်နားလိုက်ခြင်းကို မပြုလုပ်လိုက်ဘဲ လမ်းလျှောက်ခြင်း၊ ခပ်ဖွဖွ ပြေးခြင်း၊ ပုံမှန် လေ့ကျင့်နေသော အလေးတုံး၏ ၂၅ % ခန့်သာလေးသော အလေးတုံးများကို အသုံးပြု၍ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စသော အပေ့ါစားလေ့ကျင့်ခန်းများကို ဆက်လက်ပြုလုပ်ပေးခြင်းအားဖြင့် ကြွက်သားနာကျင်မှုများကို အကောင်းမွန်ဆုံး ကျော်ဖြတ်နိုင်မည် ဖြစ်ပါသည်။
၂။ ရေဓာတ် ပြည့်ဝအောင် နေပါ
Gym ဆော့ကစားလိုက်သောအခါ ကြွက်သားများသည် အနည်းနှင့် အများဆိုသလို ပျက်စီးမှုများ ဖြစ်ပေါ်တတ်ပါသည်။ ထိုသို့ ပျက်စီးသွားသော ကြွက်သားများကို ပြန်လည် အားဖြည့်ပြင်ဆင်လိုက်သည့်အခါ ပိုမိုကောင်းမွန်၊ သန်မာ၊ ကျစ်လစ်၊ လှပတဲ့ ကြွက်သားများကို ရရှိလာကြပါသည်။
ထိုကဲ့သို့ ကြွက်သားများ ပျက်စီးသွားသည့်အခါ ဘေးထွက်ပစ္စည်း အညစ်အကြေးများနှင့် အဆိပ်အတောက်များ ထွက်ပေါ်လာပါသည်။ အဆိုပါ အဆိပ်အတောက်၊ အညစ်အကြေးများသည် ကြွက်သားနာကျင်မှုကို ဖြစ်စေသော အကြောင်းရင်းများအနက် တစ်ချက်ပင်ဖြစ်ပါသည်။ ရေဓာတ်သည် အထက်ပါ အဆိပ်အတောက်များကို ခန္ဓာကိုယ်အတွင်းမှ စစ်ထုတ်သန့်စင်ပေးနိုင်ပါသည်။ ရေဓာတ်နည်းပါး ခန်းခြောက်သောအခါတွင် ကြွက်သားများ ပိုမို နာကျင်ကြောင်း လေ့လာတွေ့ရှိထားကြပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းပေးခြင်းအားဖြင့် Gym ဆော့ကစားခြင်းကြောင့် ဖြစ်ပေါ်လာသော ကြွက်သားနာကျင်မှုကို သက်သာစွာ အကောင်းဆုံး ကျော်ဖြတ်နိုင်မည် ဖြစ်ပါသည်။
၃။ အကြောလျှော့ လေ့ကျင့်ခန်းများ ပြုလုပ်ပါ
အကြောလျှော့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည်လည်း ကြွက်သားနာကျင်မှုကို သက်သာစေသည့် နည်းလမ်းများအနက်မှ တစ်ခုဖြစ်ပါသည်။ ဤနေရာ၌ အရေးကြီးသည်မှာ အကြောလျှော့ လေ့ကျင့်ခန်းကို Gym မဆော့မီ ပြုလုပ်ရမည် ဖြစ်သကဲ့သို့ Gym ဆော့ပြီးလျှင်လည်း ပြုလုပ်ရမည် ဖြစ်ပါသည်။
Gym မဆော့မီတွင် သွေးပူကာ၊ အကြောအခြင်များ ပြေလျော့စေသည့် လှုပ်လှုပ်ရှားရှား ပြုလုပ်ရသည့် Dynamic အကြောလျှော့နည်းများကို ပြုလုပ်ရသကဲ့သို့ Gym ဆော့ပြီးလျှင်လည်း ခန္ဓာကိုယ်၏ ကြွက်သားများကို ဆွဲဆန့်သော ပုံစံတစ်မျိုးတွင် ၅ စက္ကန့်မှ ၁၀ စက္ကန့် ကြာအောင် နေသော Static အကြောလျှော့နည်းများကို ပြုလုပ်ပေးသင့်ပါသည်။
ဤနေရာ၌ အရေးကြီးသည်မှာ ကိုယ်တတ်နိုင်သည့် ပမာဏအထိသာ ကြွက်သားများကို ဆွဲဆန့်ရန် ဖြစ်ပါသည်။ ကြွက်သားများကို အလွန်အကျွံ ဆွဲဆန့် အကြောလျှော့ခဲ့ပါက ပိုမို နာကျင်မှုကို ခံစားရမည် ဖြစ်ပါသည်။
ထိုသို့ အကြောလျှော့ လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းသည် ကြွက်သားများ ပျက်စီးမှုကို ပြန်လည် ပြင်ဆင်ရာတွင် လျင်မြန်စေရန် အထောက်အကူ မပြုနိုင်သော်လည်း တင်းကျပ်မှုများကို ပြေလျော့စေ၍ လှုပ်ရှားနိုင်စွမ်းကို ပိုမို တိုးတက်စေသောကြောင့် နာကျင်မှုများကို သက်သာစေနိုင်ပါသည်။ ဤနည်းအားဖြင့် Gym ကစားခြင်းကြောင့် ဖြစ်ပေါ်လာသော ကြွက်သားနာကျင်မှုများကို ကျော်ဖြတ်နိုင်မည် ဖြစ်ပါသည်။
၄။ ပရိုတိန်းဓာတ်ကို လုံလောက်အောင် စားသုံးပါ
ပရိုတိန်း၊ သို့မဟုတ် အသားဓာတ်သည် ကြွက်သားများ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် အလွန် အရေးပါသော အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် ပြင်းထန်သော ကြွက်သားလုပ်ဆောင်ချက်များ လုပ်ဆောင်ပြီးသည့်အခါ ပြန်လည် အားဖြည့်ပြင်ဆင်ရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ပြန်လည် ပြင်ဆင် အားဖြည့်မှု လျင်မြန်လေလေ၊ ကြွက်သားနာကျင်မှုများလည်း သက်သာလေလေ ဖြစ်ပါသည်။
ပရိုတိန်းဓာတ်ကို စားသုံးသောအခါ ခန္ဓာကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် အသားဓာတ် ၁.၄ မှ ၂ ဂရမ်ခန့် စားသုံးပေးသင့်ပါသည်။ ထို့ကြောင့် Gym ကစားပြီး၍ ကြွက်သားများကို ပြင်းထန်စွာ အလုပ်လုပ်စေပြီးသောအခါ ပရိုတင်းဓာတ်ကို ပြည့်ဝအောင် စားသုံးပေးခြင်းအားဖြင့် ကြွက်သားနာကျင်မှုများကို လျင်မြန်စွာ သက်သာစေနိုင်ပါသည်။
၅။ နာကျင်မှုသက်သာစေရန် ရေနွေး၊ သို့မဟုတ် ရေခဲကပ်ပါ
Gym ဆော့ကစားပြီး၍ ကြွက်သားများ နာကျင်သောအခါ ရေနွေးကပ်ခြင်း၊ သို့မဟုတ် ရေခဲကပ်ခြင်းသည်လည်း အလွန် ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ရေနွေးနှင့် ရေခဲတွင် မည်သည့်နည်းလမ်းက ပိုမိုထိရောက်ကြောင်းကို ယနေ့အချိန်အထိ ပညာရှင်များကြားတွင် ငြင်းခုံလျက်ရှိကြသော်လည်း ၂ နည်းလုံးမှာ နာကျင်မှုဝေဒနာကို လျော့ပါးသက်သာစေသည်မှာတော့ အမှန်ပင်ဖြစ်ပါသည်။
ရေနွေးသည် ကြွက်သားတင်းအားများကို လျော့နည်းစေခြင်း၊ နာကျင်မှုနှင့် သက်ဆိုင်သော ဓာတု အချက်ပြပစ္စည်းများကို လျော့နည်းစေခြင်း၊ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေခြင်းတို့ကြောင့် ကြွက်သားနာကျင်မှုများကို သက်သာစေသကဲ့သို့ ရေခဲသည်လည်း ရောင်ရမ်းခြင်းများကို လျော့နည်းစေခြင်းအားဖြင့် နာကျင်မှုကို ပိုမိုအားပေးသော ကြွက်သားတင်းအားများကို လျော့နည်းစေခြင်းအားဖြင့် ကြွက်သားနာကျင်မှုများကို သက်သာစေနိုင်ပါသည်။ ထို့ကြောင့် ကြွက်သားနာကျင်ခြင်းကို အပြီးတိုင် ပျောက်ကင်းအောင် ကုသခြင်း မဟုတ်သော်လည်း ရေနွေးနှင့် ရေခဲတို့ကို အသုံးပြုခြင်းအားဖြင့် Gym ဆော့ပြီးနောက် ပေါ်ပေါက်လာသော ကြွက်သားနာကျင်ခြင်းများကို ကျော်ဖြတ်နိုင်မည် ဖြစ်ပါသည်။
အထက်ပါနည်းလမ်းများမှ ကောင်းနိုးရာရာနည်းလမ်းများကို အသုံးပြုခြင်းအားဖြင့် ကြွက်သားများ နာကျင်မှုကို ကျော်ဖြတ်ပြီး Gym ဆော့ နိုင်ပါစေကြောင်း အကြံပြု ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်။