ကိုဗစ်ရောဂါဟာ လူကြီး၊ ကလေးမရွေးပဲ ကူးစက်ပျံ့နံ့လျက်ရှိရာ ကိုယ်ဝန်ဆောင်တွေ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရလျှင် ဘာတွေဆက်ဖြစ်နိုင်လဲ၊ မွေးလာမယ့် ကလေးငယ်ကို ဘယ်လိုတွေ သက်ရောက်စေနိုင်လဲ ဆိုတာ သိရှိထားသင့်ပါတယ်။ ဒါမှ နောက်ဆက်တွဲ ဖြစ်လာမယ့်အရာတွေကို ကြိုတင်ကာကွယ်ထားလို့ရမှာပါ။
ကိုယ်ဝန်ဆောင်တွေ ကိုဗစ်ကူးစက်ခံရလျှင်
UK မှ လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သာမန်လူတွေနဲ့ယှဉ်ရင် ကိုဗစ်ကူးစက်ခံရနိုင်ခြေ နည်းပါတယ်။
ဒါပေမဲ့ ကူးစက်ခံရပြီဆိုရင်လည်း အခြားသူတွေထက်ပိုပြီး ပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။
ဒါ့ပြင် မွေးလာတဲ့ ကလေးမှာ ကိုယ်အလေးချိန်မပြည့်ခြင်း၊ လမစေ့ဘဲ စောမွေးနိုင်ခြင်း၊ ကလေးအသေမွေးခြင်း စတဲ့ အန္တရာယ်တွေ ကြုံရနိုင်ပါတယ်။
ကိုဗစ်ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင် သုံးပုံနှစ်ပုံလောက်ဟာ မည်သည့်လက္ခဏာမှမပြဘဲ ရှိနေတတ်ပေမဲ့ အများစုကတော့ တုပ်ကွေးကဲ့သို့ ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာစေးချောင်းဆိုးခြင်း စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်တချို့မှာတော့ ပြင်းထန်တဲ့လက္ခဏာတွေဖြစ်တဲ့ သွေးသွင်း အောက်ဆီဂျင် ပမာဏပြုတ်ကျခြင်း၊ နမိုးနီယား အဆုတ်ယောင်ခြင်း စတာတွေ ခံစားရနိုင်ပါတယ်။
ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ဝန်ဆောင်တွေ ကိုဗစ်ကူးစက်ခံရပြီဆိုရင် မပေါ့ဆသင့်ပဲ အမြဲ တိုင်ပင်နိုင်မယ့် ဆရာဝန်တစ်ဦးနဲ့ ချိတ်ဆက်ပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။
UKOSS ( UK Obstetric Surveillance System) ရဲ့ တွေ့ရှိချက်တွေအရ ကိုဗစ်ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ လမစေ့ပဲ မီးဖွားနိုင်ခြေမှာ သာမန်ကိုယ်ဝန်ဆောင်တွေထက် နှစ်ဆ မြင့်တက်နေတယ်လို့ သိရပါတယ်။
နောက်ဆုံးတွေ့ရှိချက်အရ ကိုဗစ်ကူးစက်ခံရသူ ကိုယ်ဝန်ဆောင် အမျိူးသမီးတွေ အနေနဲ့ ကိုယ်ဝန်ဆိပ်တက်ပြီး အရေးပေါ် ခွဲမွေးရခြင်း၊ ကလေးအသေမွေးနိုင်ခြင်း စတဲ့အန္တရာယ်တွေ ကြုံတွေ့ရနိုင်ပါတယ်။
ဘယ်သူတွေက ဆေးရုံတက်ရနိုင်ခြေများလဲ??
- အသက် ၃၅နှစ်နှင့် အထက် ကိုဗစ်လူနာ ကိုယ်ဝန်ဆောင်များ
- BMI 25 နှင့်အထက် လူနာများ
- သွေးတိုး၊ ဆီးချို ရောဂါ စတဲ့ ရောဂါ အခံရှိသူ
စတဲ့သူတွေဟာ ပြင်းထန် ကိုဗစ်လက္ခဏာကို ခံစားရနိုင်ပြီး ဆေးရုံတက်ရနိုင်ခြေများပါတယ်။
မွေးလာမယ့် ကလေးအပေါ် ဘယ်လိုတွေ အကျိုးသက်ရောက်နိုင်သလဲ ??
ကိုဗစ်လူနာ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဗိုက်ထဲက ကလေးကို Vertical Transmission အနေနဲ့ ကူးစက်တယ် ဆိုပေမဲ့ တွေ့ရခဲပါတယ်။
မွေးလာတဲ့ ကလေးဟာ ကိုဗစ်ကူးစက်ခံရရင်လည်း ရောဂါ လက္ခဏာ အပျော့စားတွေဖြစ်တဲ့ နှာရည်ယိုခြင်း၊ ဝမ်းလျှောခြင်း ၊ဖျားခြင်း စတာလောက်ပဲ ခံစားရနိုင်ပါတယ်။
Positive ကလေးအချို့မှာတော့ ရောဂါလက္ခဏာ ပြတာမျိုးမရှိပါဘူး။
လမစေ့ပဲ မွေးတဲ့၊ မွေးရာပါရောဂါရှိတဲ့၊ မွေးရာပါအင်္ဂါတစ်ခုခု ချို့ယွင်းနေတဲ့ Positive ကလေးများကတော့ မွေးကင်းစ အထူးကြပ်မတ်ဆောင်မှာ ထားပြီး စောင့်ကြည့်ကုသရမှာ ဖြစ်ပါတယ်။
ဘယ်လိုအခြေအနေမှာ ကျန်းမာရေးအကူအညီယူသင့်သလဲ??
ကိုဗစ်လူနာ ကိုယ်ဝန်ဆောင်များအနေနဲ့ သက်ဆိုင်ရာ ဆရာဝန်ဆီ ချက်ချင်းတိုင်ပင်သင့်တဲ့ အခြေအနေတွေရှိပါတယ်။ အဲဒါတွေကတော့ –
• အသက်ရှူမြန်ပြီး မောလာခြင်း
• သွေးသွင်း အောက်ဆီဂျင် ပမာဏ 94% အောက်ရောက်လာခြင်း
• လမစေ့သေးပဲ ဗိုက်နာလာခြင်း၊ သွေးဆင်းခြင်း
• ဗိုက်ထဲမှ ကလေးလှုပ်တာနည်းနေခြင်း၊ မလှုပ်ခြင်း
• သွေးပေါင်ချိန်တက်ပြီး ဆီးသွားနည်းလာခြင်း
• အဖျားကျဆေးသောက်သော်လည်း အဖျားမကျခြင်း
ကိုဗစ်လူနာကိုယ်ဝန်ဆောင်တွေအနေနဲ့ သွေးသွင်း အောက်ဆီဂျင်ပမာဏ၊ သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်း၊ ကိုယ်အပူချိန် စတာတွေကို လေးနာရီခြားတစ်ခါ တိုင်းနေသင့်ပါတယ်။
Author: Dr. Aye Myat