စိတ်ဖိစီးမှု ဆိုသည်မှာ ပြင်ပပတ်ဝန်းကျင်၊ မိမိစိတ်အတွေးတို့၏ လှုံဆော်မှုများကို မိမိခန္ဓာကိုယ်မှ တုံ့ပြန်မှုဟု ဆိုနိုင်ပါသည်။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှ Stress ဟော်မုန်း Cortisol ကော်တီဇောထွက်ပြီး ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လာပါသည်။ စိတ်ဖိစီးမှုသည် အစာအိမ်အူလမ်းကြောင်းစနစ်ကိုလည်း သက်ရောက်မှုများရှိပါသည်။ အစာအိမ်နှင့် အူလမ်းကြောင်းစနစ်သည် သန်းပေါင်းများစွာသော အခြေခံဆဲလ်များဖြင့် ဖွဲ့စည်းထားပြီး ဦးနှောက်နှင့်ချိတ်ဆက်၍ ဇီဝကမ္မလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။
စိတ်ဖိစီးမှုသည် ဦးနှောက်နှင့်အစာအိမ်အူလမ်းကြောင်း ဆက်သွယ်မှု Brain-gut Communication ကို သက်ရောက်မှုရှိပြီး အစာမကြေခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်း စသည့်ဝေဒနာများ အလွယ်တကူ ခံစားရစေနိုင်ပါသည်။ စိတ်ဖိစီးမှုသည် အစာအိမ်ရှိ အစာခြေဖျက်သည့် လုပ်ငန်းနှင့် အစာအိမ်အကျိုးပြု ဗက်တီးရီးယားပိုးများကို ပြောင်းလဲမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ အလားတူ အစာအိမ်၏ လုပ်ငန်းလုပ်ဆောင်မှု ကောင်းမွန်ခြင်း ရှိမရှိသည်လည်း စိတ်ခံစားချက်အပေါ် အပြန်အလှန်သက်ရောက်မှုရှိပါသည်။
လူတစ်ယောက်သည် စိတ်ဖိစီးမှုများသည့်အချိန်တွင် အစားစားလျှင် ပုံမှန်ထက် ပိုများများသော်လည်းကောင်း လျှော့၍သော်လည်းကောင်း စားလေ့ရှိတတ်ကြသည်။ စိတ်ဖိစီးမှုကြောင့် အစားအလွန်အကျွံစားခြင်း Stress Eating၊ မြန်မြန်စားခြင်း၊ စိတ်ဖိစီးမှုကြောင့် အရက်နှင့်ဆေးလိပ်သောက်သုံးခြင်း စသည်တို့ကြောင့် အစာအိမ်ထဲရှိ အက်ဆစ်အချဉ်ဓာတ်များပြီး အပေါ်သို့ပြန်တက်ခြင်း Acid Reflux နှင့် အစောခြေစနစ်ထိခိုက်ပြီး ရင်ပူခြင်းကိုခံစားရနိုင်ပါသည်။
အချို့လူများတွင် စိတ်ဖိစီးမှုများလာလျှင် ရင်ဘတ်နှင့်လည်ချောင်းတွင် တစ်ဆို့ခြင်းခံစားရကာ အစာမျိုရန်ခက်ခဲပြီး အစာမကြေ ရင်ပြည့်ပြီးလေပွခြင်းကိုခံစားရတတ်ပါသည်။ စိတ်ဖိစီးမှုများလျှင် အစာအိမ်အူလမ်းကြောင်းနှင့် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများသို့ သွေးလည်ပတ်ရောက်ရှိမှုနည်းပြီး ဇီဝကမ္မဖြစ်ပျက်မှုများကို နှေးစေနိုင်ပါသည်။ နောက်ဆက်တွဲအနေဖြင့် အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှု မမှန်ဖြစ်ကာ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းဝေဒနာများလည်း ခံစားရနိုင်ပါသည်။ စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်ရှိ ကိုယ်တွင်းအင်္ဂါနှင့် ခန္ဓာကိုယ်၏ခံစားမှုများကို ပိုအားကောင်းစေပြီး နာကျင်မှုဝေဒနာများကို ပိုခံစားရလွယ်စေနိုင်ပါသည်။
စိတ်ဖိစီးမှုများသည့်အခါ အစာအိမ်အူလမ်းကြောင်း၏ လှုပ်ရှားမှုလုပ်ငန်းများနှင့် အစာခြေစနစ်ကို ကောင်းမွန်စေသည့် အကျိုးပြုပိုးမွှားများ Gut Flora ပျက်စီးမှုဖြစ်ပေါ်ပါသည်။ ထို့ကြောင့် အစာခြေဖျက်ရန်ခက်ခဲပြီး ရင်ပြည့်ရင်ကယ် အစာမကြေခြင်း ဝေဒနာများကို ခံစားရတတ်ပါသည်။ နာတာရှည်စိတ်ဖိစီးမှု ခံစားနေရသူများတွင် အစာအိမ်အူလမ်းကြောင်းအတွင်းရှိ ယောင်ရမ်းမှုဖြစ်စေသည့် ဗက်တီးရီးယားများ Proinflammatory Bacteria ပေါက်ပွားမှုအလွန်များလာတတ်သည်။ ထို့ကြောင့် နာတာရှည်ယောင်ရမ်းမှု ဝေဒနာများ ဖြစ်ပေါ်လာပြီး ကိုယ်ခံအားစနစ်ကို ထိခိုက်ခြင်း၊ အစာခြေစနစ် ပုံမမှန်သည့် အခြေအနေ စသည်တို့ကို ကြုံတွေ့ရနိုင်ပါသည်။
လူ့ခန္ဓာကိုယ်ခုခံအားစနစ်၏ ၆၀-၈၀ ရာခိုင်နှုန်းသည် အစာအိမ်အူလမ်းကြောင်းပေါ် မူတည်လျက်ရှိပါသည်။ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကောင်းမွန်ပြီး အစာခြေစနစ်ပုံမှန်ဖြစ်အောင် မိမိ၏ စားသောက်နေထိုင်မှု ပုံစံပြောင်းလဲခြင်းကဲ့သို့ အရေးကြီးသည့် အချက်မှာ စိတ်ဖိစီးမှုလျှော့ချခြင်းဖြစ်ပါသည်။ ထို့ကြောင့် မိမိခန္ဓာကိုယ်မှ သတိပေးသည့် လက္ခဏာ အခြေအနေများကို အလေးထားပြီး စိတ်ဖိစီးမှုနည်းသည့် နေထိုင်မှုပုံစံကိုပြောင်းလဲခြင်းဖြင့် Stress Management Lifestyle Modification ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ရန် ရည်ရွယ်၍ ဤဆောင်းပါးဖြင့် ရေးသားမျှဝေလိုက်ရပါသည်။
Author: Dr. Yee Mon