မိုးဦးကာလ ရာသီအကူးအပြောင်းမှာ ကိုယ်ပူနှာစေး၊ လည်ပင်းနာ၊ နှာချေချောင်းဆိုး အအေးမိတုပ်ကွေး ဖြစ်သူများ ပိုများလာတတ်ပါသည်။ မိုးရာသီမှာ လေထုစိုထိုင်းဆများလာပြီး နေရောင်မရဘဲ အပူချိန်ကျဆင်းလာသောကြောင့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများ ပိုမိုပေါက်ဖွားပါသည်။ မိုးတွင်းမှာ ရာသီဥတုအေး၍ နှာခေါင်းနှင့် အသက်ရှူလမ်းကြောင်း အတွင်းဘက်ရှိ အမြှေးပါးနံရံများ ခြောက်သွေ့ခြင်းခံစားရပြီး ရောဂါပိုးများ ပိုကူးစက်လွယ်သည်။ အအေးမိခြင်းကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးပေါင်း (၂၀၀) ကျော်ရှိကာ rhinovirus ကြောင့် အဖြစ်အများဆုံးဖြစ်ပြီး ထိုဗိုင်းရပ်စ်ပိုးသည် လူ့ခန္ဓာကိုယ်ပြင်ပတွင် (၃) နာရီကြာ ရှင်သန်နိုင်သည်။
မိုးရာသီတွင် ကူးစက်တတ်သည့် ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးများ (seasonal flu) ကြောင့် အအေးမိဖျားနာဖြစ်တတ်သည်။ မိုးရွာသောကြောင့် လူအများစုသည်အပြင်သို့မထွက်ဘဲ အိမ်ထဲ၌သာ အနေများပြီး အချင်းချင်းထိတွေ့မှုပိုများကာ ဗိုင်းရပ်စ်ပိုးများ ပို၍ကူးစက်လွယ်ပါသည်။ အတူနေ မိသားစုဝင် သို့မဟုတ် အလုပ်တူတူလုပ်သော လုပ်ဖော်ကိုက်ဖက် တစ်ဦးဦးတွင် အအေးမိတုပ်ကွေးဖျားနာဖြစ်ခဲ့လျှင် အခြားသူများ မကူးစက်စေရန် သီးသန့်ခွဲထားသင့်ပါသည်။ ရာသီဥတုအပြောင်းအလဲဖြစ်သည့် အချိန်များတွင် ရောဂါပိုးမွှားကူးစက်လွယ်သည့် လူထူထပ်သောနေရာများကို တတ်နိုင်သ၍ ရှောင်ကျဉ်သင့်ပါသည်။
အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ရောဂါပိုးမွှားကူးစက်ခြင်း မရှိအောင် နှာခေါင်းစည်း mask သေချာတပ်ဆင်ခြင်း၊ လက်ကိုဆပ်ပြာ၊ ရေ သို့မဟုတ် လက်သန့်ဆေးရည်တို့ဖြင့် ခဏခဏဆေးကြောပေးခြင်း၊ မျက်နှာ၊ နှာခေါင်းတို့ကို လက်မဆေးပဲ ထိကိုင်ခြင်းကို မပြုမိအောင်ဂရုပြုခြင်းတို့ ပြုလုပ်သင့်သည်။ မိမိတို့ကိုင်တွယ်ထိတွေ့သည့် မျက်နှာပြင်၊ ပစ္စည်းအသုံးအဆောင်များကို အရက်ပြန်ဖြင့် မကြာခဏ သန့်စင်ပေးသင့်သည်။ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပေးသင့်သည်။
ရာသီအကူးအပြောင်းမှာ အအေးမိဖျားနာမဖြစ်အောင် အဓိကအားဖြင့် ကိုယ်ခံအားကောင်းမွန်အောင် စားသောက်နေထိုင်ရပါမည်။ ရောဂါကာကွယ်ပြီး ကိုယ်ခံအားကိုထောက်ပံ့ပေးသော ဗီတာမင်စီ၊ ဗီတာမင်အေ စသည့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့အစားအစာများ၊ အာဟာရပြည့်ဝတဲ့ အသား၊ ငါးနှင့် ပဲအမျိုးမျိုး၊ အသီးအရွက်အမျိုးမျိုး၊ ဗီတာမင်ဒီကြွယ်ဝတဲ့ ငါးကြီးဆီ၊ အုတ်ဂျုံ အစေ့အဆန်များ၊ ကြက်ဥအနှစ်၊ နို့နှင့်နို့ထွက်ပစ္စည်းများ စားသုံးပေးရပါမယ်။ ဇင့်၊ ဆီလီနီယမ်၊ ဖော်လစ်အက်ဆစ်ဓာတ် ကြွယ်ဝသော အစားအစာများကို နေ့စဉ်အစားအစာများမှာ ထည့်စားရပါမည်။ လိုအပ်ပါက ဗီတာမင်ဖြည့်စွက်ဆေးများ သောက်သုံးပေးရန်လိုအပ်ပါသည်။
ကိုယ်ခံအားမကျအောင် စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျှော့ချပေးပြီး ညဘက်အိပ်ရေးဝဝအိပ်သင့်ပါသည်။ ဆေးလိပ်၊ ဘီယာ၊ အရက်သောက်ခြင်းသည် ကိုယ်ခံစွမ်းအားကို ကျစေနိုင်သည့်အတွက် ရှောင်ကျဉ်သင့်ပါသည်။ လည်ချောင်းခြောက်သွေ့မှု သက်သာစေရန် ရေများများသောက်ခြင်း၊ ရေနွေး၊ စွပ်ပြုတ်၊ ဂျင်းပြုတ်ရည်နွေးနွေး စသည့်အရည်များကို ပိုသောက်ပေးသင့်ပါသည်။ ကိုယ်လက်လှုပ်ရှားခြင်းက ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးနိုင်သဖြင့် တစ်နေ့လျှင် အနည်းဆုံး (၁၅) မိနစ်ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးသင့်သည်။
အအေးမိတုပ်ကွေး ဖျားနာဖြစ်ခြင်းသည် အများအားဖြင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်၍ ပဋိဇီဝပိုးသတ်ဆေးများ မလိုအပ်ပါ။ အနားယူခြင်း၊ အဖျားကျဆေး၊ နှာစေးနှာပိတ်ပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးများ သောက်သုံးခြင်း၊ အရည်များများ သောက်ခြင်းဖြင့် ရက်အနည်းငယ်အတွင်း သက်သာပျောက်ကင်းနိုင်ပါသည်။
Author: Dr. Yee Mon