လူသားတွေရဲ့ ၉၀% ဟာ ဘဝမှာဝက်ခြံပြသနာကို ကြုံရလေ့ရှိကြတယ်လို့ဆိုပါတယ်။ ယေဘုယျအားဖြင့်တော့ ဝက်ခြံအများစုဟာ သူ့အလိုလို တဖြေးဖြေးပျောက်ကင်းသွားလေ့ရှိတယ်ဆိုပေမယ့် ဝက်ခြံညှစ်မိတဲ့အခါမျိုးတွေမှာ အခန့်မသင့်တဲ့အခါ လက်သည်းဆိပ်တက်ကာ အမဲစက်၊ အမာရွတ်များကျန်သွားတတ်ပါတယ်။ ဒါကြောင့် ဝက်ခြံထွက်တဲ့အခါ လက်သည်းဆိပ်မတက်ရအောင် လက်ဖြင့်ညှစ်ခြင်း၊ ကုတ်ဖဲ့ခြင်းမပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။
Q. ဘာကြောင့် ဝက်ခြံညှစ်လျှင်လက်သည်းအဆိပ်တက်ရတာလဲ?
ဝက်ခြံဆိုတာ ဘတ်တီးရီးယားပိုးမွှားများဝင်ပြီး ဖြစ်ပေါ်လာသောအဖုများဖြစ်တဲ့အတွက် ဝက်ခြံထွက်ပြီဆိုတာနဲ့ချွေးပေါက်တွေမှာ ပိုးဝင်ရောင်ရမ်းမှုများဖြစ်ပေါ်တတ်ကြပါတယ်။ လက်ဟာ ရောဂါပိုးများစွာကို သယ်ဆောင်နိုင်တဲ့ကြားခံဖြစ်တာကြောင့် လက်နဲ့ဝက်ခြံညှစ်တဲ့အခါ ရောင်ရမ်းမှုများပိုဆိုးစေပြီး လက်သည်းအဆိပ်တက်ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် အပေါ်ယံအရေပြားပေါက်သွားတဲ့အခါ ဘက်တီးရီးယားပိုးအသစ်များပါ ထပ်မံဝင်ရောက်တာကြောင့် ဝက်ခြံနှင့်အရေပြားအတွင်းပိုင်းအထိ ပိုးများနက်နက်ဝင်သွားပြီး
၁. ပျောက်ရန်ခက်ခဲသောဝက်ခြံအမာရွတ်များကျန်ခဲ့ခြင်း
၂. ဝက်ခြံအရွယ်အစားပိုကြီးသွားခြင်း
၃. နာကျင်မှု ပိုဆိုးလာခြင်း
၄. ပိုးဝင်ရောင်ရမ်းခြင်း
၅. အမဲစက်များကျန်ခြင်း စသည့်ဆိုးကျိုးများဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါကို လက်သည်းအဆိပ်တက်ခြင်းဟု ခေါ်ဝေါ်ကြပါတယ်။
ဒါ့အပြင် ဝက်ခြံဖောက်လိုက်ခြင်းကြောင့် ဝက်ခြံအတွင်းရှိ ဘက်တီးရီးယားပိုးများဟာ ဘေးပတ်ဝန်းကျင်ရှိ အခြားချွေးပေါက်များထံရောက်ရှိသွားခဲ့လျှင် နောက်ထပ်ဝက်ခြံအသစ်များ ထပ်ထွက်စေတယ်လို့ဆိုပါတယ်။
ဒါကြောင့် ဝက်ခြံထွက်ခဲ့သော် မညှစ်မိအောင်ထိန်းရင်း သူ့အလိုလိုပျောက်သည်အထိ စောင့်သင့်တယ်လိုဆိုပါတယ်။ ယေဘုယျအားဖြင့် ဝက်ခြံအများစုဟာ 3-7ရက်အတွင်း သူ့အလိုလိုပျောက်သွားတတ်လေ့ရှိပါတယ်။
Q. လက်သည်းအဆိပ်မတက်အောင်ဝက်ခြံ ဘယ်လိုညှစ်မလဲ?
ဝက်ခြံထွက်တဲ့အခါ အကောင်းဆုံးကတော့ မညှစ်ဘဲ သူ့အလိုလိုပျောက်အောင်စောင့်ခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ ဝက်ခြံညှစ်ချင်လာရင်တော့ အရေပြားဆရာဝန်၊ အလှအပရေးရာဆရာဝန်နှင့် ကျွမ်းကျင်သောအလှအပဆိုင်ရာပညာရှင်များထံတွင်သာ ပြုလုပ်သင့်ပါတယ်။
Q. ဝက်ခြံညှစ်ပြီး လက်သည်းအဆိပ်တက်ခဲ့လျှင် ဘယ်လိုကုသမှုမျိုး ပြုလုပ်လို့ရပါသလဲ?
၁) ဝက်ခြံကိုထပ်မံကိုင်ခြင်း၊ ညှစ်ခြင်းနှင့် ဖောက်ခြင်းများမပြုလုပ်ပါနှင့်။
များများထိတွေ့ကိုင်တွယ်ညှစ်မိလျှင် လက်သည်းအဆိပ်ပိုတက်လေဖြစ်ပြီး ရောင်ရမ်းမှုပိုဆိုးကာ အမဲစက်နှင့် အမာရွတ်များ ပိုကျန်ခဲ့ပါလိမ့်မယ်။
၂) ဝက်ခြံကိုစောလျင်စွာ ကုသပါ။
စောစောဝက်ခြံကုသမှုယူလေလေ အမာရွတ်မကျန်ပဲ မြန်မြန်ပျောက်လေလေဖြစ်ပါတယ်။
ဆရာဝန်ညွှန်ကြားသော ဝက်ခြံအတွက်သုံးရမယ့် အလှအပထုတ်ကုန်များ၊ လိမ်းဆေး၊ သောက်ဆေးများ သုံးနိုင်ပါတယ်။
၃) မျက်နှာကို scrub လုပ်ခြင်းရှောင်ပါ။
အလွန်အကျွံမျက်နှာသစ်ခြင်းနှင့် scrubလုပ်ခြင်းဟာ သင့်အသားအရေကို အနှောင့်အယှက်ဖြစ်စေတာကြောင့် အသားရဲခြင်း နှင့် အမာရွတ်ကျန်ခြင်းပိုဖြစ်စေပါတယ်။ မျက်နှာသစ်ဆပ်ပြာ အပျော့စားဖြင့်သာ တစ်နေ့ နှစ်ကြိမ်ခန့်သစ်ပေးလျှင် လုံလောက်ပါတယ်။
၄) နေရောင်ခြည်ဒဏ်မှ ကာကွယ်ခြင်း
နေရောင်ခြည်မှရသော ခရမ်းလွန်ရောင်ခြည် UV အလင်းတန်းများဟာ အသားအရေကိုပျက်စီးစေရုံသာမက ဝက်ခြံ နှင့် အမဲစက် ၊အမာရွတ်များကို ပိုဆိုးစေပါတယ်။ ဒါ့ကြောင့် အပြင်ထွက်လျှင် (အထူးသဖြင့် နံနက် ၁၀နာရီ မှ နေ့လည် ၃နာရီအတွင်း) SPF အနည်းဆုံး ၃၀ပါသော Sunscreen လိမ်းပြီးမှထွက်ပါ။
၅) Laser ကုထုံး
Laser ကုထုံးဟာ ဝက်ခြံအမာရွတ်များနှင့် ရောင်ရမ်းမှုကြောင့်ဖြစ်လာသော အသားအရေနီရဲခြင်းများကို သက်သာစေနိုင်တယ်လို့ဆိုပါတယ်။
၆) Microneedling
Microneedling ဆိုတာ သေးငယ်သောအပ်ကလေးများဖြင့် အရေပြားကိုဆွပေးပြီး ကော်လဂျင်ပိုထွက်လာအောင်ပြုလုပ်ပေးသောကုထုံးပဲဖြစ်ပါတယ်။ အသားအရေအသစ် တစ်ဖန်မွေးဖွားလာသကဲ့သို့ ကြည်လင်စေနိုင်ပြီး အမဲစက်နှင့် အပေါ်ယံအမာရွတ်များကို သက်သာစေတယ်လို့ဆိုပါတယ်။
၇) Vitamin C
Vitamin C သည်အရောင်ရမ်းမှုကျစေပြီး ကော်လဂျင်ဓါတ်ကိုပိုထွက်စေတာကြောင့် အမာရွတ်များ၊ အမဲစက်များကိုသက်သာစေတယ်လို့ဆိုပါတယ်။
၈) အမာရွတ်ပျောက်လိမ်းဆေးများ
ဆရာဝန်ညွှန်ကြားသော အမာရွတ်ပျောက်လိမ်းဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိမ်းပေးနိုင်ပါတယ်။
၉) Antibiotic ပိုးသတ်ဆေးများ
လက်သည်းအဆိပ်တက်ခြင်းကြောင့် ဝက်ခြံနှင့် ဘေးပတ်ဝန်းကျင်နေရာများ ရောင်ရမ်းနေခြင်း၊ အလွန်အမင်းနာကျင်ခြင်း ၊ပြည်များဖြင့်စိုနေခြင်း၊ ဖျားနာခြင်းရှိလျှင် ဆရာဝန်ညွှန်ကြားချက်အတိုင်း antibiotic ပိုးသတ်ဆေးများကို ဆေးချိန်ပြည့်အောင် သောက်သုံးရပါမယ်။
Author : Dr. Yin Yin Win