ခေါင်းလျှော်တာများ ငယ်ငယ်ထဲကလျှော်လာတာ ဘာခက်လို့လဲလို့မေးစရာရှိပါမယ်။
ကဲ..အဲ့လိုမထင်လိုက်ကြပါနဲ့နော်။ အာရှတိုက်ဆိုင်ရာ စစ်တမ်းအရ လူအယောက် ၁၀၀ မှာ ၉၈ ယောက်က ခေါင်းလျှော်နည်းမှားနေကြပါတယ်တဲ့။
ကဲဒါဆိုမှန်ကန်တဲ့ ခေါင်းလျှော်နည်းက ဘာဖြစ်မလဲ ?
ပထမဆုံးအနေနဲ့ ခေါင်းလျှော်မယ်ဆိုပြီး ကျွန်မအပါဝင်ပါ..ခေါင်းကို ရေစိုရုံ တစ်ခွက်နှစ်ခွက်လောက်ပဲ စတိလောင်းတတ်ကြတယ်။ ရေပန်းနဲ့ဆိုလည်း အဲ့လိုပါပဲ ရေစိုရုံပဲ ခံလိုက်တာ။ ပြီးတာနဲ့ ခေါင်းလျှော်ရည်တန်းထည့်တာပဲ။
ဒါဟာမှားယွင်းနေပါတယ်တဲ့။ ပထမဆုံး ခေါင်းလျှော်ရည် မထည့်ခင် ဦးခေါင်းမှာ ကပ်ငြိနေတဲ့ ဆံသားမှာကပ်ငြိနေတဲ့ ဖုံတွေ အညစ်ကြေးတွေ dissolve ဖြစ်ပြီးထွက်လာဖို့အတွက် အနည်းဆုံး ရေ ၇ ခွက်မှ ၁၀ ခွက်ထိ ရေရွှဲရွှဲစိုအောင် လောင်းပေးရပါမယ်။ ရေပန်းကို အသုံးပြုမယ်ဆိုလည်း အနည်းဆုံး ၃ မိနစ်ခန့် ခံပေးရပါမယ်။
နောက်တစ်ခုမှားတာက ခေါင်းလျှော်ရည်ကို တန်းပြီး ထည့်ကြတာပါ။ ခေါင်းလျှော်ရည်မှာ ပါတဲ့ တစ်ချို့သော ပါဝင်ပစ္စည်းတွေဟာ ရေနဲ့ထိပြီး အမြှုပ်အနေထားရောက်မှ အလုပ်လုပ်ကြပါတယ်။ အဲ့ဒီအတွက် အရင်ဆုံး လက်မှာထည့်ပြီး ရေအနည်းငယ်ထည့်ကာ အမြှုပ်အနေထားရအောင် ပွတ်ပေးသင့်ပါတယ်။
အမြှုပ်အနေထားရပြီဆိုမှ ဦးရေပြားပေါ်တင်သင့်ပါတယ်။နောက် ပမာဏကလည်း အများကြီး မဖြစ်သင့်ပါဘူးနော်။ ကျပ်ပြားဝိုင်းပမာဏဆို ပုံမှန်ဆံပင်ရှည်အတွက် လုံလောက်ပါပြီ။
ခေါင်းလျှော်ရင် ဆိုင်မှာလျှော်ရင် နှိပ်နယ်ပေးတာက တွဲလျက်ပါတာ အားလုံးသိကြမှာပါ။ နှိပ်လျှော်ခေါ်တာပေါ့လေ။ ဒီလို နှိပ်လျှော်တာက လျှော်နည်းအမှန်ပါ။ ဦးရေပြားဆိုတာ မျက်နှာ အရေပြားနဲ့ တစ်ဆက်တည်းဖြစ်နေတာမို့ မျက်နှာ အသားရေ မတွဲချင်တဲ့သူတွေ အရွယ်မတိုင်ခင် အိုမင်းမှာ ကြောက်တဲ့သူတွေက ဦးရေပြားကို နှိပ်နယ်ပေးသင့်ပါတယ်။
နောက်ဆံပင်ကျွတ်လွယ်တဲ့သူတွေ အတွက်လည်း နှိပ်နယ်ပေးတာက သက်သာအောင်ကာကွယ်ပေးတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဆိုင်မှာလို ဇာတ်ကြောတွေပါဆွဲ၊ ပတ်ကားနှိပ်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သွေးလည်ပတ်မှုကောင်းရုံ အညောင်းညာပြေရုံ မိမိလက်ထိပ်လေးတွေနဲ့ စက်ဝိုင်းပုံစံ ဦးရေပြား အနှံ့ နှိပ်နယ်ပေးရင် လုံလောက်ပါတယ်။
နောက်အားလုံးသိတဲ့အတိုင်း အကြမ်းတစ်ခါလျှော်မယ်။ အချောတစ်ခါလျှော်မယ်ပေါ့နော်။ နောက် ဆံပင်ပျော့ဆေး ပေါင်းဆေးသုံးတတ်တဲ့သူတွေ အနေနဲ့ ဦးရေပြားကို ပျော့ဆေးပေါင်းဆေးတွေ မထိအောင် အထူး သတိထားပေးဖို့လိုပါတယ်။ ပျော့ဆေး ပေါင်းဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ ဦးရေပြား ကျန်းမာရေးအတွက် မကောင်းပါဘူး။
ခေါင်းလဲ သေချာလျှော်ရက်နဲ့ ဗောက်ထတယ်ဆိုတာ ဒီပေါင်းဆေး ပျော့ဆေးတွေ ဦးရေပြားကို ထိလို့ပါ။ ဗောက်ထတာကစလို့ ဒီဓာတုပစ္စည်းတွေကြောင့် ဦးရေပြား ကျိန်းစပ်တာ၊ ဦးရေပြား မှိုရောဂါတွေထိ ဖြစ်စေနိုင်ပါတယ်။အဲ့ဒါကြောင့် ပျော့ဆေးပေါင်းဆေးတွေ သုံးမယ်ဆိုရင် ဆံသားအဖျားလေးကိုပဲ ထည့်ပေးရင်ရပါပြီနော်။
နောက်တစ်ချက်အနေနဲ့က ဦးရေပြားဟာလဲ ပုံမှန်ခန္ဓာကိုယ် အရေပြားလိုပဲ ဆဲလ်အသေတွေရှိနေတတ်တဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ကို ချေးတွန်းပေးဖို့ လိုအပ်သလို ဦးရေပြားကိုလဲ Scrub or exfoliating လုပ်ပေးဖို့လိုအပ်ပါတာ်နော်။ ဒါတွေက ကျွန်မအပါဝင် အားလုံး သတိမထားမိတဲ့အချက်လို့ထင်ပါတယ်။
ဦးရေပြား ဆဲလ်အသေတွေ ဖယ်ပေးမဲ့ ဦးရေပြားအတွက် ထုတ်ထားတဲ့ အစေ့လေးတွေပါတဲ့ exfoliator မျိုးကို ဈေးကွက်ထဲမှာ ဝယ်လို့ရသလို ဝယ်ရခက်ရင် လွယ်လွယ်ကူကူ အိမ်သုံးဆားနဲ့ သကြားညို၊ ပျားရည်တို့ကို ဆတူရောပြီး ဦးရေပြားအနှံ့ နှိပ်နယ်ပေးရင်း ဆဲလ်အသေကို ဖယ်ရှားလို့ရပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ အားလုံးပြီးသွားတဲ့အခါမှာလည်း ရေပြောင်စင်အောင် ဆေးချပေးဖို့ ရေများများလောင်းချပေးဖို့ မမေ့ပါနဲ့နော်။ ဆံပင်အားဖြည့်ဆီတွေ Haircoat တွေ လိမ်းမယ်ဆိုရင်လည်း ဆံသား မခြောက်တစ်ခြောက် အခြိမ်မှာလိမ်းတာဟာ ဆံသားအနေနဲ့ အာဟာရကို အကောင်းဆုံး အပြည့်ဝဆုံး အချိန်ဖြစ်လို့ ဒီလို မခြောက်တစ်ခြောက်အချိန်မှာ လိမ်းဖို့ တိုက်တွန်းပါတယ်။
အားလုံးပဲ ခေါင်းလျှော်နည်း အမှန်ကို သိပြီဆိုရင် ကျန်းမာလှပတဲ့ ဆံသားနဲ့ ဦးရေပြားကို ပိုင်ဆိုင်ကြပါစေ။
Author: Scarlette ( ဆေး၁ )