ခွဲစိတ်ခံရလို့ဖြစ်ဖြစ်၊ ထိခိုက်မိလို့ဖြစ်ဖြစ် ကြီးကြီးသေးသေး ဒဏ်ရာတွေကို အမြန်ဆုံးသက်သာပြီး အနာကျက်ချင်တာ လူတိုင်းရဲ့ ဆန္ဒပါ။ အနာမကျက်တဲ့အခါ နာကျင်တာ၊ နေရမသက်သာတာ၊ လူကြားထဲမသွားရဲတာ၊ စိတ်ဓာတ်ကျတာ၊ အလုပ်မလုပ်နိုင်လို့ ဝင်ငွေလျော့တာ စတဲ့ အကျိုးဆက်တွေ ဖြစ်လာတတ်ပါတယ်။ ပုံမှန်ထက် အချိန်ကြာရှည်ပြီး အနာမကျက်ခြင်းဟာ ဆီးချိုရောဂါ အခံရှိတဲ့သူတွေ၊ ရောဂါပိုးမွှား ကူးစက်မှုရှိသူတွေ၊ အသက်ကြီးပြီး မလှုပ်ရှားနိုင်ဘဲ အိပ်ယာထဲ ကြာမြင့်စွာ လဲနေတဲ့သူတွေမှာ ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် အာဟာရစုံလင်အောင် မစားသောက်တဲ့သူတွေမှာလည်း အနာမကျက်တဲ့၊ အနာကျက်နှေးတဲ့ ပြဿနာ ကြုံတွေ့ရနိုင်ပါတယ်။
အနာကျက်ဖို့အတွက် အရေးအကြီးဆုံး ဗီတာမင်ကတော့ ဗီတာမင် C ပါ။ ပုံမှန်အားဖြင့် အနာတစ်ခု ကျက်စေဖို့ inflammation (ရောင်ရမ်းခြင်း) ၊ proliferation (ဆဲလ်သစ် ပွားများခြင်း) နဲ့ tissue remodeling (တစ်ရှူးပြန်လည်တည်ဆောက်ခြင်း) ဆိုတဲ့ အဆင့် ၃ ဆင့်နဲ့ လုပ်ဆောင်ပါတယ်။ ဗီတာမင် C ဟာ ထိုအဆင့် ၃ ဆင့်လုံးမှာ ပါဝင်ခြင်းဖြင့် အနာကျက်မြန်အောင် ကူညီပေးပါတယ်။
ဗီတာမင် C ဟာ ရေထဲမှာ ပျော်ဝင်နိုင်ပြီး သွေးရည်ကြည်ထဲမှာ တွေ့ရတတ်တဲ့ antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ဖြစ်ပါတယ်။ Antioxidants ဖြစ်တဲ့ ဗီတာမင် C ဟာ ဆဲလ်သေတွေ ဖြစ်စေတဲ့ free radicals တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဗီတာမင် C ကို ခန္ဓာကိုယ်ကနေ ထုတ်လုပ်မပေးနိုင်တဲ့အတွက် နေ့စဉ်စားသောက်တဲ့ အစာအာဟာရကနေ အဓိက ရယူရပါတယ်။
ဗီတာမင် C ရဲ့ အဓိက တာဝန်တွေထဲက တစ်ခုဟာ ကော်လဂျင်တွေ ထုတ်လုပ်ဖို့ ကူညီပေးရတာပါ။ ကော်လဂျင်တွေက ပျက်စီးသွားတဲ့ တစ်ရှူးတွေကို ပြုပြင်ပြီး ဆဲလ်အသစ်တွေ ပွားများစေပါတယ်။ ဒါ့အပြင် ဗီတာမင် C က ရောဂါပိုးတွေကို တိုက်ထုတ်တဲ့ neutrophils လို့ခေါ်တဲ့ သွေးဖြူဥတွေကို ကူညီတဲ့ လုပ်ငန်းလည်း လုပ်ဆောင်လို့ ကိုယ်ခံအား ကောင်းစေပါတယ်။
ဗီတာမင်စီ ချို့တဲ့,တဲ့အခါ ကော်လာဂျင်တွေ မထုတ်လုပ်နိုင်တော့တဲ့အတွက် အမာရွတ်ဖြစ်ပြီး အနာကျက်စေတဲ့ လုပ်ငန်းစဉ်ပျက်စီးပြီး ကိုယ်ခံအားလည်း ကျဆင်းတဲ့အတွက် အနာကျက်နှေးနိုင်တာပါ။ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေက ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ လိမ္မော်သီးနဲ့ သံပုရာသီးတို့လို ချဉ်တဲ့အသီးတွေ၊ နာနတ်သီး၊ မာလကာသီး၊ ကီဝီသီး၊ ဘရိုကိုလီ၊ ဆလတ်ရွက်၊ ဂေါ်ဖီထုပ် စတာတွေပါ။
ဗီတာမင် C ဟာခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းတွေကို ထိန်းသိမ်းပေးသလို အမြန်ဆုံးနည်းနဲ့ အနာကျက်စေပြီး အနာကျက်ပြီး အမာရွတ်တွေ မှေးမှိန်စေတာ၊ အသားအရေကို ကြည်လင်တောက်ပစေတာ၊ စိတ်ဖိစီးမှုလျော့ပြီး ကိုယ်ခံအားကောင်းတာ၊ လန်းဆန်းတက်ကြွစေတဲ့ အာနိသင်ရှိပါတယ်။ ချဉ်တဲ့အသီးအနှံတွေ မကြိုက်လို့ဘဲ ဖြစ်ဖြစ်၊ အာဟာရစုံလင်အောင် ဂရုတစိုက်စားဖို့ အဆင်မပြေလို့ဘဲ ဖြစ်ဖြစ် ဗီတာမင် C ဓါတ်လုံလောက်မှုမရှိလျှင် ဗီတာမင် C ချို့တဲ့တတ်ပါတယ်။ ဗီတာမင် C ချို့တဲ့ရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်၊ အရေပြားကျန်းမာရေး၊ သွားနှင့်သွားဖုံး ကျန်းမာရေးတွေ ထိခိုက်လာနိုင်ပါတယ်။
အထူးသဖြင့် ထိခိုက်ဒါဏ်ရာ အနာတရ ရပြီးနောက် ဒါဏ်ရာအနာကျက်မြန်အောင် ဗီတာမင် C ဓါတ် လုံလောက်အောင် ဖြည့်တင်းဖို့လိုအပ်ပါတယ်။ နေ့စဉ်စားသောက်တဲ့ အစားအစာများမှ ရရှိတဲ့ ဗီတာမင် C ဓါတ်အပြင် ဖြည့်စွက်အာဟာရနှင့် ဗီတာမင် C ဆေးဝါးများကို နေ့စဉ်လိုအပ်သော ပမာဏအတိုင်း သောက်သုံးပေးနိုင်ပါတယ်။ ကျောက်ကပ်တွင် ကျောက်တည်သူများ၊ hemochromatosis ကဲ့သို့ သံဓါတ်လွန်ကဲသည့် ရောဂါများနှင့် အခြားရောဂါအခံရှိသူများအနေဖြင့် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ဗီတာမင်စီ မှီဝဲရန်သင့်ပါတယ်။
Author: Dr.Yee Mon