အမျိုးသားများရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုမှာ ပါဝင်တဲ့ ဆီးကျိတ်ဆိုတာ ဆီးအိမ်ရဲ့အောက်ဖက်၊ အစာဟောင်းအိမ်ရဲ့ အရှေ့မှာ ရှိတဲ့ သစ်ကြားသီးအရွယ်ခန့် ဂလင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဆီးကျိတ်ဟာ ဆီးပြွန်ကနေ အောက်ဖက်ကို ဆင်းလာတဲ့ urethra လို့ခေါ်တဲ့ ဆီးလမ်းကြောင်းရဲ့ အပေါ်ပိုင်းကို ရစ်ပတ်ထားသလို ဖြစ်နေတဲ့အတွက် ဆီးကျိတ်မှာ ပြဿနာတစ်ခုခု ရှိတဲ့အခါ ဆီးသွားခြင်းနဲ့ လိင်ဆက်ဆံခြင်းတွေ အပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိပါတယ်။
ဆီးကျိတ်ဟာ အမျိုးသားများရဲ့ မျိုးပွားလုပ်ငန်းမှာ အဓိက ပါဝင်လုပ်ဆောင်ပါတယ်။ ဆီးကျိတ်အတွင်းမှာ အရည်ထုတ်ပေးနိုင်တဲ့ ဆဲလ်တွေနဲ့လုပ်ထားတဲ့ ပြွန်လေးတွေ ရှိပြီး သုတ်လွှတ်ချိန်မှာ အဆိုပါပြွန်တွေက အရည်တွေကို ဆီးလမ်းကြောင်း (urethra) ထဲကို ပို့ဆောင်ပေးပါတယ်။ ဆီးကျိတ်က အရည်တွေဟာ (ဆီးကျိတ်ဘေး တစ်ဖက်တစ်ချက်ရှိ seminal vesicles ကပါ ထုတ်လွှတ်လိုက်တဲ့ အရည်တွေနဲ့ ပေါင်းပြီး) ဝှေးစေ့က ထုတ်လွှတ်လိုက်တဲ့ သုတ်ကောင်တွေကို ဆီးလမ်းကြောင်းထဲမှာ ပိုမိုလျင်မြန်စွာ သွားနိုင်ဖို့ ကူညီပေးတာပါ။
ဆီးကျိတ်နဲ့ ပတ်သက်ရင် အဓိက အဖြစ်များတဲ့ ရောဂါသုံးခု ရှိပါတယ်။ ဆီးကျိတ်ရောင်ခြင်း (prostatitis) ၊ အသက်ကြီးတဲ့သူတွေမှာ ဆီးကျိတ်ကြီးလာခြင်း (benign prostatic hyperplasia- BPH) နဲ့ ဆီးကျိတ်ကင်ဆာတို့ပါ။
ဆီးကျိတ်ယောင်ခြင်းရောဂါကြောင့် ပြင်းထန်ဆီးကျိတ်ယောင်တာက ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်တတ်ပြီး ဆီးသွားရင်နာတာ၊ ဆီးနည်းတာနဲ့ ချမ်းတုန်ဖျားတာတွေ ဖြစ်လေ့ရှိပါတယ်။ နာတာရှည်ဆီးကျိတ်ရောင်ရင်တော့ ဆီးသွားရင် နာတာ၊ ပူတာ၊ မကြာခဏ ဆီးသွားချင်တာ၊ ဆီးကျန်သလို ခံစားရတာ၊ ဆီးတစက်စက် ကျနေတတ်တာ၊ သုတ်လွှတ်ချိန်မှာ နာကျင်တာတွေ ဖြစ်တတ်ပြီး ဘက်တီးရီးယားပိုးကြောင့် ဖြစ်နိုင်သလို တခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဆီးကျိတ်ကြီးခြင်းဟာ အမျိုးသားများ အသက် ၅၀ ကျော်ရင် ဖြစ်လေ့ရှိပြီး ဆီးကျိတ်ပမာဏပေါ် မူတည်ကာ လက္ခဏာမပြတာမျိုး ရှိသလို လက္ခဏာပြသူတွေမှာ ဆီးသွားရခက်တာ၊ ဆီးမသွားနိုင်တာမျိုးတွေ ခံစားရတတ်ပါတယ်။ ဆီးကျိတ်ရောင်ဖူးသူ၊ သွေးတိုးနဲ့ ဆီးချိုရောဂါ ရှိသူ၊ အဝလွန်သူနဲ့ အထိုင်များသူတွေမှာ ပိုအဖြစ်များပါတယ်။
ဆီးကျိတ်ကင်ဆာရောဂါဟာ မျိုးရိုးဗီဇကြောင့် ဖြစ်ပြီး အသက်ကြီးသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ဆီးသွားရခက်တာ၊ ဆီးမသွားနိုင်တာ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ မျိုးရိုးဗီဇအပြင် အဝလွန်သူ၊ အနီရောင်အသားနဲ့ အဆီအစိမ့် အစားများသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ဆီးကျိတ်အရမ်းကြီးတာနဲ့ ဆီးကျိတ်ကင်ဆာရောဂါဟာ ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။
ဆီးကျိတ်ကြီးတာနဲ့ ဆီးကျိတ်ကင်ဆာကို ကာကွယ်ဖို့ ဆိုရင် လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းပါ။ သံလွင်ဆီ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆံတွေ များများစားပေးပါ။ အမျိုးသားတိုင်းဟာ အသက်ကြီးတဲ့အခါ ဆီးကျိတ်ရောဂါတွေ မဖြစ်ရအောင် ငယ်စဉ်တည်းက ကျန်းမာရေးနဲ့ ညီအောင် ဂရုတစိုက် နေထိုင်စားသောက်ခြင်း၊ နှစ်စဉ်ကျန်းမာရေး စစ်ဆေးခြင်းတို့ဖြင့် ကာကွယ်ပြီး အချိန်မှီကုသဖို့ လိုအပ်ပါတယ်။
Author: Dr.Yee Mon