ဘိုင်အိုတင် (biotin) ဆိုတာ ဥအမျိုးမျိုး၊ နို့နဲ့ ငှက်ပျောသီးလို အစားအစာတွေကနေ ရနိုင်တဲ့ ဗိုက်တာမင် B7 ဓာတ် ဖြစ်ပါတယ်။ ဘိုင်အိုတင်ဟာ ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်းတွေရဲ့ ဇီဝကမ္မလုပ်ငန်းတွေမှာ ပါဝင်တဲ့ အရေးပါတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထုတ်လုပ်ပေးပါတယ်။
ဘိုင်အိုတင်ချို့တဲ့ခြင်းကို စမ်းသပ်စစ်ဆေးတဲ့နည်း သီးခြားမရှိပေမယ့် လက်သည်းခြေသည်းတွေက ကျွတ်ဆတ်ပြီး ကျိုးပဲ့လွယ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း၊ အရေပြားတွေက ငါးအကြေးခွံလို ဖြစ်ပြီး ကွာကျခြင်း၊ နုံးချိပြီး မလှုပ်ချင်မကိုင်ချင် ဖြစ်နေခြင်း၊ ခြေလက်တွေ ထုံနေခြင်း၊ ကိုယ်ခံအားနည်းပြီး မကြာခဏနေမကောင်းဖြစ်ခြင်း စတဲ့ လက္ခဏာတွေကို ကြည့်ပြီး ခန္ဓာကိုယ်မှာ ဘိုင်အိုတင် ချို့တဲ့နေကြောင်း သိနိူင်ပါတယ်။
ဘိုင်အိုတင်ရဲ့ ကောင်းကျိူးများ…
• ခြေသည်းလက်သည်းတွေကို ကျန်းမာစေတယ်။ ဘိုင်အိုတင် ချို့တဲ့ရင် ခြေသည်းလက်သည်းတွေက ကျိုးပဲ့လွယ်ကွဲအက်လွယ်တာ၊ ကွာထွက်တာမျိုး ဖြစ်နိုင်ပါတယ်။
• ဆံပင်တွေ သန်စွမ်းရှည်လျားဖို့ အတွက် အရေးပါတယ်။ ဆံပင်တွေ ကျွတ်လွယ်တာ၊ ကျိုးကြေပြီး ပြတ်ထွက်တတ်တာတွေက ဘိုင်အိုတင်ချို့တဲ့တဲ့ လက္ခဏာတွေပါ။ ဒါကြောင့် ဆံပင်အလှအပ ထိန်းသိမ်းတဲ့ ထုတ်ကုန်တွေမှာ ဘိုင်အိုတင်ကို ထည့်သွင်းလာကြပြီ ဖြစ်ပါတယ်။
• အသားအရေ ကောင်းစေဖို့ အထောက်အကူပြုတယ်။ ဘိုင်အိုတင်က ဆိုရီရေးဆစ် အရေပြားရောဂါကို သက်သာစေနိုင်ပါတယ်။
• ကိုယ်ဝန်ဆောင်တွေမှာ ကလေးကြီးထွားဖို့နဲ့ ကိုယ်ခံအားစနစ် ကောင်းစေတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ ဗိုက်တာမင်တွေကို ဖြိုခွဲတာ ပိုမြန်တဲ့အတွက် ဘိုင်အိုတင် ချို့တဲ့နိုင်ခြေ ပိုများပါတယ်။
• ဆီးချိုရောဂါသည်တွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်။ ဘိုင်အိုတင်က ပန်ကရိယကနေ အင်ဆူလင်တွေကို ထွက်စေတာကြောင့် ဆီးချိုကျစေနိုင်ပါတယ်။
• ဘိုင်အိုတင်က ဆီးချိုနဲ့ ကျောက်ကပ်ရောဂါတွေကြောင့် အာရုံကြောထိခိုက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဘယ်လိုလူတွေက ဘိုင်အိုတင် ချို့တဲ့နိုင်သလဲ?
ကိုယ်ဝန်ဆောင်ချိန်နဲ့ အရက်အလွန်အကျွံ သောက်သုံးသူတွေက ဘိုင်အိုတင်ချို့တဲ့နိုင်ခြေပိုများပါတယ်။
သုံးစွဲသင့်တဲ့ ပမာဏ…
ကုသဖို့အတွက်ဆိုရင် ကိုယ်ဝန်ဆောင်အပါအဝင် လူကြီးတွေက တစ်နေ့ကို ဘိုင်အိုတင် 300 mg နဲ့ ၆ လအထိ သောက်သုံးလို့ ရနိုင်ပေမယ့် အများအားဖြင့် တစ်နေ့ကို 2.5-10 mg ခန့်သာ သောက်သုံးလေ့ရှိပါတယ်။
ကာကွယ်ဖို့အတွက် ဆိုရင်တော့ လူကြီးတစ်ယောက်ဟာ တစ်နေ့ကို 30- 100 mcg သောက်သုံးနိုင်ပါတယ်။
အရေပြားပေါ်မှာ လိမ်းတဲ့ အလှအပရေးရာ ထုတ်ကုန်တွေမှာ ထည့်သွင်းဖော်စပ်ထားတဲ့အခါ ဘိုင်အိုတင် 0.6% ခန့် ပါဝင်ရင် စိတ်ချစွာ သုံးစွဲလို့ ရပါတယ်။
ဘိုင်အိုတင် ပမာဏအများကြီးကို ကြာရှည်စွာ သောက်သုံးမိရင်တော့ သိုင်းရွိုက်ရောဂါတွေ ဖြစ်နိုင်ပါတယ်။
ဘိုင်အိုတင် ပါဝင်တဲ့ အစားအစာများ…
အစားအစာတွေထဲမှာ ကလီစာတွေ၊ ဥအနှစ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ပန်းဂေါ်ဖီ၊ မှို၊ ပဲအမျိုးမျိုး၊ ဒိန်ချဉ်၊ ချိစ်တွေက ဘိုင်အိုတင် ကြွယ်ဝပါတယ်။ဘိုင်အိုတင်ပါဝင်တဲ့ ဖြည့်စွက်စာအားဆေးတွေလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်တာမို့ မိမိမှာ ဘိုင်အိုတင်ချို့တဲ့တဲ့ လက္ခဏာတွေ ခံစားနေရပြီးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး သောက်သုံးနိုင်ပါတယ်။
Author: Dr.Yee Mon