ကာစီနိုဂျင်ဆိုတာဘာလဲ။
ကင်ဆာဖြစ်အောင်လို့ အားပေးတဲ့ပစ္စည်းတွေ အကြောင်းခြင်းရာတွေကို ကာစီနိုဂျင်လို့ခေါ်ပါတယ်။
ကင်ဆာဘာလို့ဖြစ်ရလဲ ?
ပြင်ပဝန်းကျင်မှာရှိတဲ့ ဝတ္ထုပစ္စည်း အကြောင်းခြင်းရာအခြေအနေတစ်ခုခုက ဆဲလ်အတွင်းထိန်းချုပ်မှုကို တစ်နည်းနည်းနဲ့ပြောင်းလဲပစ်လိုက်လို့ အဲ့ဒီဆဲလ်တွေလက်လွတ်စပယ် အကန့်အသတ်မရှိပွားလာရာကနေ ကင်ဆာဖြစ်လာရတာပါ။
ကင်ဆာအားပေးပစ္စည်းတွေ(Carcinogens)မှာ ဘာတွေပါလဲ ?
ကင်ဆာအားပေးပစ္စည်းတွေထဲက အချို့သောပစ္စည်းတွေဟာ ဓာတုပစ္စည်း(Chemicals)တွေဖြစ်ကြပါတယ်။ပတ်ဝန်းကျင်ညစ်ညမ်းလာလို့လည်းကင်ဆာဖြစ်စေနိုင်ပါတယ်။တချို့ကင်ဆာကျတော့လည်း ခရမ်းလွန်ရောင်ခြည်စတဲ့ရောင်ခြည်တွေနဲ့ထိတွေ့လို့ဖြစ်ပါတယ်။
ယနေ့ခေတ်ဟာခေတ်မီတိုးတက်လာတာနဲ့အညီ လူသားတွေဟာနေ့တိုင်းနေ့တိုင်း ဓါတုပစ္စည်းတွေနဲ့ ထိတွေ့နေရပါတယ်။ အခုခေတ်မှာအစားအသောက်တွေကို မျက်စိပသာဒဖြစ်အောင် အရောင်လှအောင် ကြာရှည်ခံအောင်ထည့်တဲ့ပစ္စည်းတော်တော်များများ(ဥပမာ ဆိုးဆေး ယမ်းစိမ်း)ဟာ ဓါတုပစ္စည်းတွေဖြစ်ပါတယ်။ငရုတ်ဆီ ပုစွန်ချဉ် ငါးခြောက် အချဉ်ပေါင်းထုတ် သကြားလုံး ဝက်အူချောင်း သစ်သီးခြောက် အချိုစည်သွပ်ဘူးများ သစ်သီးယိုနဲ့ဖျော်ရည်တွေ လက်ဖက်စို ငရုတ်သီး အရောင်တင်မှုန့် စတဲ့အရာတွေမှာ ကြာရှည်ခံအောင် အရောင်လှအောင် မှိုမတက်အောင် ဓါတုပစ္စည်းတွေ ထည့်လာကြပါတယ်။
ဒါကြောင့်ယခုကမ္ဘာကို ဓါတုပစ္စည်းကမ္ဘာလို့တောင်ခေါ်ဆိုလို့ရနေပါပြီ။ ဓါတုပစ္စည်းအားလုံးဟာကင်ဆာဖြစ်စေတယ်လို့တော့ ယတိပြတ်ပြောလို့မရပါဘူး။ ကမ္ဘာမှာဓာတုပစ္စည်းအမျိုးစုံ ကိုမရပ်မနားထုတ်လုပ်နေပေမယ့် ထက်ဝက်လောက်ကိုပဲကာစီနိုဂျင်ဟုတ်မဟုတ်စစ်ဆေးနိုင်ပါသေးတယ်။ ဖြစ်စေတယ်လို့သက်သေသာဓကပြနိုင်တဲ့ပစ္စည်းတွေလဲရှိတယ်။ တပ်အပ်သေချာမပြောနိုင်ဘဲ သံသယဖြစ်ဖွယ်တွေလဲ အများကြီးရှိတယ်။
ဓာတုပစ္စည်းဟုတ်သည်ဖြစ်စေ ဓာတုပစ္စည်းမဟုတ်သောအရာဖြစ်စေ ကင်ဆာအမှန်တကယ်ဖြစ်ပါတယ်လို့ပြောလို့ရတဲ့ ကာစီနိုဂျင်ထဲမှာ ထိပ်ဆုံးကတော့ ဆေးရွက်ကြီးကရတဲ့ဆေး(tobacco) ဖြစ်ပါတယ်။စီးကရက် ဆေးပြင်းလိပ် ဆေးတံဆေး ဆေးပေါ့လိပ်စတာတွေထဲမှာ ပါပါတယ်။
နောက်တစ်ခုကတော့ နိုက်ထရိုစမင်း ပါ။ အဲဒါတွေကို ဝက်ပေါင် ဘေကွန် အစရှိတဲ့ အသားများတာရှည်ခံအောင်သုံးပါတယ်။ ဒီမှာတော့ ငါးခြောက် အမဲခြောက် ဝက်အူချောင်းတွေကို ကြာရှည်ခံအောင်ယမ်းစိမ်းထည့်ပါတယ်။ ယမ်းစိမ်းဟာခုနကဓါတုပစ္စည်းနဲ့တူတူပါပဲ။
ကင်ထား ကျပ်တိုက် ကျပ်တင်ထားတဲ့အစားအစာတွေကို ရေရှည် နေ့တိုင်းနီးပါး စားသုံးတာဟာလည်းကင်ဆာကိုဖြစ်စေတယ်။ အလားတူပဲ ထပ်တလဲကြော်တဲ့ဆီ တူးနေတဲ့အစားအစာတွေဟာလည်း ကာဗွန်ပါတာကြောင့် ကင်ဆာဖြစ်ဖို့အားပေးတယ်လို့ သုတေသနတစ်ခုက ဆိုထားပြန်ပါတယ်။
ဟင်းသီးဟင်းရွက် သစ်သီးဝလံစိုက်တဲ့အခါမှာ ဓါတ်မြေသြဇာထည့်တာဟာလည်း ပြသာနာရှိနိုင်ပါတယ်။ဓာတ်မြေသြဇာထဲက နိုက်ထရိတ်ဓာတ်တွေက နိုက်ထရိုက်အဖြစ်ပြောင်းသွားပြီး နောက်ဆုံး လူ့ကိုယ်ထဲမှာ နိုက်ထရိုစမင်းဖြစ်သွားနိုင်လို့ပါ။
နောက်ပြီး ရောဂါအတွက်သုံးတဲ့ဆေးဝါးအချို့ကလည်း သူတို့ရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ကင်ဆာဖြစ်စေနိုင်တယ်။ ကင်ဆာကုရာမှသုံးတဲ့ဆေးအချို့(Melphalan, Cyclophosphamide)တို့ဟာ သုံးတာကြာလာရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးကင်ဆာနဲ့ဆီးအိတ်ကင်ဆာတို့ဖြစ်နိုင်ပါတယ်။
သဘာဝမဟုတ်ဘဲလူကဖန်တီးထားတဲ့ အမျိုးသမီးဟော်မုန်း (အီစတိုဂျင်)ကို မိခင်ဖြစ်သူက ကိုယ်ဝန်ဆောင်စဉ်မှာ စားမိခဲ့ရင် မွေးလာတဲ့သမီးတွေမှာ မိန်းမအင်္ဂါစပ် ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ဖို့ပိုများတယ်။ဒါက ကာစီနိုဂျင်တွေက အချင်းကိုဖြတ်ပြီး သန္ဓေသားဆီကိုရောက်နိုင်တယ်ဆိုတာ သက်သေပါပဲ။
နောက်မီးယပ်သွေးဆုံးတဲ့ဝေဒနာ ခံစားရသူတွေ သို့မဟုတ် ကိုယ်ဝန်တားဆေးစားသူတွေ မှာလည်း ခုနကပြောတဲ့ အီစတိုဂျင် သောက်ရတတ်တယ်။သူရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ရေရှည်သုံးရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေကို ပိုများစေတယ်။
ဒီတော့ရောဂါကိုပျောက်အောင်ဆိုပြီး သုံးတဲ့ဆေးတွေကလဲ အန္တရာယ်တွေနဲ့ပါပဲ။ ဆေးကြောင့် ပိုလို့ဘေးမဖြစ်အောင် ဆရာဝန်တွေက တွက်ဆချင့်ချိန်ပြီး လူနာကသာတဲ့ဘက်မှာရှိနေအောင်ကုရပါတယ်။
အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ အစားစာတွေကို လတ်လတ်ဆတ်ဆတ်စားပါ။ ဟင်းရွက် သစ်သီးတွေဆိုလည်း အော်ဂဲနစ် နည်းစနစ်နဲ့စိုက်တဲ့ဟာတွေကိုစားနိုင်ရင်ပိုကောင်းပါတယ်။ ဆေးတွေကိုလည်း မိမိသဘောနဲ့လျှောက်မသောက်ပါနဲ့။ ဆေးလိပ်ဖြတ်ပါ။ နောက်ပြီး ကိုယ့်ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းအောင် ကိုယ်တတ်နိုင်တဲ့ဘက်က ကိုယ်စီကိုယ်စီ ဝိုင်းဝန်းလုပ်ဆောင်ကြပါလို့တိုက်တွန်းချင်ပါတယ်။
Author : Dr 528