ဇီဝကတို့ မြန်မာတွေ ပြောနေကျ ဆိုရိုးစကားလေးထဲကလို “အိမ်ထောင်မှု ၊ဘုရားတည် ၊ဆေးမင်ရည်စုတ်ထိုး ဤ၃ခု ချက်မပိုင် နောင်ပြင်ရန် ခက်သည့်အမျိုး” အိမ်ထောင်မပြုခင် မိမိရဲ့ လက်တွဲဖော်သည် ကျန်းမာရေးအရ ကျန်းမာသန်စွမ်းသူဖြစ်မှ မိမိတို့ ဘဝရှေ့လမ်းခရီးမှာ ပျော်ရွှင်စွာနဲ့ ကလေးများနဲ့ သိုက်သိုက်ဝန်းဝန်း လျှောက်လှမ်းနိုင်မှာပါ ။
လူတစ်ယောက်ကျန်းမာသန်စွမ်းတယ်ဆိုတာ အပြင်ပန်းလူလုံး ကြည့်ရုံနဲ့ မလုံလောက်သေးပါဘူး ။ခေတ်မီဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ အိမ်ထောင်မှုမပြုခင် စမ်းသပ်စစ်ဆေးတာ ၊ဆေးစစ်တာတွေ လုပ်လေ့ ရှိပါတယ် ။
ဘာတွေ ဘယ်လိုစမ်းသပ်စစ်ဆေးကြမလဲ ။
-လူ့ခန္ဓာကိုယ်ကို အထွေထွေ စမ်းသပ် စစ်ဆေးခြင်း
-သွေးအုပ်စု အမျိုးအစားများ စစ်ဆေးခြင်း (ABO ၊ Rh grouping)
-အိပ်ချ်အိုင်ဗွီပိုး ရှိ ၊မရှိ စစ်ဆေးခြင်း
-အသည်းရောင် အသားဝါ ဘီပိုး ၊စီပိုး ရှိ ၊မရှိ စစ်ဆေးခြင်း
-ကာလသားပိုး ရှိ ၊မရှိ စစ်ဆေးခြင်း
-လိင်ကတဆင့်ကူးစက်တတ်သော ရောဂါပိုးများဖြစ်တဲ့ ဂနိုရီးယားနဲ့ ကလာမိုင်ဒီးယားပိုး ရှိ ၊မရှိ
စစ်ဆေးခြင်း
-သွေးအားနည်း ရောဂါ ရှိ ၊မရှိ နဲ့ သွေးရောဂါများ ရှိ ၊မရှိ စစ်ဆေးခြင်း
-လည်ပင်းကြီး ရောဂါ ရှိ ၊မရှိ စစ်ဆေးခြင်း
-သားအိမ်ခေါင်းကင်ဆာ ရှိ ၊မရှိ စစ်ဆေးခြင်း
-ကလေးရနိုင် ၊မရနိုင် စစ်ဆေးခြင်း ( Fertility tests )
-မျိုးရိုးလိုက်သော ရောဂါ ရှိ ၊မရှိ ကြိုတင် စစ်ဆေးခြင်း (ဥပမာ- သာလာစီးမီးယား သွေးရောဂါ )
မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါများ ၊ရောဂါပိုးများ ၊ကလေးရနိုင် ၊မရနိုင် စတာတွေကို အပြင်ပန်း အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရနိုင်ပါ ။ဒါကြောင့် ကျန်းမာရေးသတိလေးချပ်ကာမိမိလက်တွဲဖော်နဲ့အတူ အသက်ထက်ဆုံး လက်တွဲနိုင်ဖို့ရာ အိမ်ထောင်မပြုခင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် အိမ်ထောင်မပြုခင် မပေါ့ဆဘဲ ကျန်းမာရေးသတိ ရှိကြပါစို့ ။
Author : ခေတ်သစ် ဇီဝက