တစ်ခါတစ်လေမှာ စဉ်းစားမိတယ်။ လေဆိုတာ အတော်လည်းထူးဆန်းသကိုး။ လေဆိုတာလေးက လိုရင်တစ်မျိုး မလိုရင်တစ်မျိုး ။လေလေးကအေးနေတာပဲ။ အမောကိုပြေသွားတာပဲ။ လေလေးတိုက်လိုက်မှပဲ ပူနေတာတွေ ပျောက်သွားတော့တယ်။
ဒီလေကလည်း ကြမ်းလိုက်တာ။ အိမ်ကအမိုးတွေတော့ လန်တော့မှာပဲ။ ဘာလို့များလေမုန်တိုင်းတွေ ရှိနေရတာလဲ မသိဘူး။ တခြားနိုင်ငံတွေမှာလည်း လေဆင်နှာမောင်းဆိုတာ မကြားချင်မှအဆုံး ခဏခဏတိုက်တယ်။ လေအေးနေတယ်ဆိုကောင်းတယ်။
လေများကြမ်းပြီဆို အကုန်သိမ်းကြုံးခေါ်သွားရော။ ဒါတွေက သဘာဝဘေးအန္တရာယ်တွေထဲကတစ်ခု အပါအဝင်တွေပါ။ လေပြင်းကျတော့မယ်ဆို ၊ လေမုန်တိုင်းဖြစ်တော့မယ်ဆို၊ ကြိုတင်သတိပေးချက်တွေ ထွက်လာတတ်တယ်။
မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က ကြုံခဲ့တဲ့ နာဂစ်စ် မုန်တိုင်းကြီးက အပျက်အစီးမြောက်များစွာကိုဖြစ်စေတယ်။ နာဂစ်စ် မုန်တိုင်းကြီး ဝင်တော့မယ်ဆိုတဲ့အချိန်အထိ အဲ့ဒီလောက်ပြင်းမယ် မထင်ထားတဲ့သူတွေရှိတယ်။ မုန်တိုင်းဝင်တယ်ဆိုတာ သိပ်မှ မကြားဖူးခဲ့ကြတော့ အမှုမဲ့အမှတ်မဲ့ဖြစ်နေတာလည်းပါတယ်။ ကြိုတင်သတိပေးချက်တွေ ကိုနားထောင်ပြီး ဘာလုပ်ရမှန်းမသိတာလည်း ဖြစ်နေတတ်တယ်။
နာဂစ်စ် ကြောင့် လူတိရစ္ဆာန် ပစ္စည်း ဆုံးရှုံးမှုတွေ များခဲ့ကြရတယ်။ အခုချိန်ထိလည်း တချို့ဒေသတွေ နလန်မထူနိုင်ကြသေးဘူး။
နာဂစ်စ် ကပေးတဲ့ အတွေ့အကြုံတွေကြောင့် နောက်ပိုင်းတွေမှာ မိုးလေဝသသတင်းတွေ စောင့်ပြီးကြည့်တတ်လာကြတယ်။ မုန်တိုင်းတစ်ခုလာတော့မယ် ဆိုတာနဲ့ ကြိုတင်ပြင်ဆင်တာတွေ လုပ်လာကြတယ်။ အဆောက်အအုံပိုင်းဆိုင်ရာတွေ ခိုင်ခန့်အောင် လူတိရစ္ဆာန်တွေ ပျက်စီးမှုနည်းအောင် အဖက်ဖက်ကကြိုတင်ပြင်ဆင်လာကြတယ်။
ဒီလိုပြင်ဆင်နေကြတာတောင် တစ်ခါတစ်လေမှာ မုန်တိုင်းမဟုတ်ပါဘဲ လေပြင်းရုံသက်သက်က အိမ်ခြေတွေ ပျက်စီးစေတတ်ပါသေးတယ်။ လေဆင်နှာမောင်းလိုမျိုးဆို ကြိုတင်သတိပေးချက်မထွက်ခင်မှာပဲ ပျက်စီးဆုံးရှုံးမှုတွေအများကြီးဖြစ်နိုက်တယ်။
ဒီလိုသဘာဝဘေးအန္တရာယ်တွေကို ဘယ်လိုကာကွယ်ကြမလဲ။ အပြီးမဖြစ်အောင်မကာကွယ်နိုင်ရင်တောင်မှ ဖြစ်လာတဲ့ အခါပျက်စီးမှုအနည်းဆုံးဖြစ်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းမယ်ဆိုတာ ပြောတော့တာ စကားကတိုတာပါ။ လုပ်ရမယ်ဆိုအများကြီးပါ။ အပင်ကြီးတွေ များများစိုက်ဖို့၊ မြေကြီးတွေဖို့ဖို့၊ ရေစီးရေလာကောင်းဖို့၊ အမှိုက်တွေ စနစ်တကျစွန့်ပစ်ဖို့ ၊အမှိုက်သိမ်းစနစ် စနစ်ကျဖို့၊ မီးခိုးငွေ့တွေ တတ်နိုင်သလောက်လျှော့ချဖို့ စသဖြင့်ပါ။
လူတစ်ဦးချင်းစီက တစ်နိုင်တစ်ပိုင် ကြိုးစားဆောင်ရွက်ပေးရင်ဖြင့်တော့ တစ်ဦးတစ်ယောက်မှသည် တစ်မျိုးတစ်ဆွေလုံး တစ်နိုင်ငံလုံး ပါလာနိုင်ကောင်းပါရဲ့။ဒါဆိုရင်တော့ လေပြေတိုက်တဲ့အခါလည်း စိတ်ချလက်ချ အမောပြေနိုင်သလို၊ လေကြမ်းတဲ့အခါ လေပြင်းတဲ့အခါလည်း စိတ်ပူစရာမျိုးကို အတတ်နိုင်ဆုံးလျှော့ချနိုင်မှာပါ။ လေမုန်တိုင်း ကြုံလာတဲ့အခါလည်း ပျက်စီးဆုံရှုံးမှု အနည်းဆုံးဖြစ်အောင်ကာကွယ်နိုင်မှာပါ။
Author : Dr. CST