၁။ အိပ်စက်ခြင်းပုံစံအနေအထား
အကယ်၍ မနက်တိုင်း ကိုယ်လက်နာကျင်ခြင်းဖြင့် နိုးထလာရသည်ကို မကြာခဏ ခံစားရပါက အိပ်စက်ပုံ ခန္ဓာကိုယ်အနေအထားကို သတိထား ပြောင်းလဲသင့်ပါသည်။ လည်ပင်းကို လိမ်သလိုမျိုးဖြစ်ပြီး လှန်အိပ်တတ်သူရှိသလို လက်မောင်းတစ်ဖက်ပေါ်ခေါင်းတင်ပြီး ဖိအိပ်တတ်သူများ ရှိတတ်ကြပါသည်။ ထိုပုံစံများဖြင့် အချိန်ကြာမြင့်စွာ အိပ်စက်ပါက လည်ပင်းနှင့် ပခုံးနာကျင်ခြင်းများ ဖြစ်စေနိုင်ပါသည်။
အကြံပြုချက် – အကောင်းဆုံး အိပ်စက်ပုံ၊ ခန္ဓာကိုယ်အနေအထားမှာ လက်မောင်းကို ပခုံးအမြင့်ထက်နိမ့်ထားပြီး အိပ်စက်သင့်ပါသည်။ တစ်ဖက်စောင်းပြီး အိပ်စက်သူများသည် ဒူးနှစ်ခုကြားသို့ ဖက်လုံးထည့်၍ အိပ်စက်ပေးသင့်ပါသည်။ ပက်လက်အိပ်စက်သူများသည် လည်ပင်းနှင့် ဒူးအောက်သို့ ခေါင်းအုံးခံအိပ်ပေးပါက နာကျင်ခြင်းကို သက်သာစေနိုင်ပါသည်။
၂။ ရုပ်မြင်သံကြား တစ်နေကုန် ထိုင်ကြည့်ခြင်း
တချို့လူများတွင် အနားယူသည့်ပုံစံကပင် ကိုက်ခဲနာကျင်ခြင်း၏ တရားခံဖြစ်စေနိုင်သည်။ ဧည့်ခန်းထိုင်ခုံပေါ်တွင် တစောင်းလှဲလျောင်းကာ ခေါင်းကို လက်တန်းပေါ်မှီ၍ တီဗီကြည့်ခြင်းကို ပြုလုပ်ဖူးပါသလား။ ထိုသို့ ပြုလုပ်ခြင်းသည် လည်ပင်းနာခြင်းကို ဖြစ်စေနိုင်ပြီး အဆိုပါအနေအထားပုံစံအတိုင်း အိပ်ပျော်သွားပါက ပိုဆိုးစေနိုင်သည်။
အကြံပြုချက် – အနားယူသည့်အချိန်တွင် ခန္ဓာကိုယ်အနေအထားကို အမှန်အကန်ဆုံး ပုံစံထားရှိပေးခြင်းသည် အရေးကြီးလှပါသည်။ ထိုင်ခုံရှည်ပေါ်တွင် အနားယူရာ၌ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပေးပြီး တီဗီကိုလည်း မော့ကြည့်နေသည့် အမြင့်ပေါ်တွင်လည်း မထားရှိသင့်ပေ။
၃။ ကားမောင်းခြင်း
လူအများစုသည် မိမိတို့၏ ကားထိုင်ခုံများကို မှားယွင်းသော အနေအထားပုံစံဖြင့် စီးတတ်ကြသည်။ အကယ်၍ ထိုင်ခုံသည် အနောက်သို့ ပိုလှဲလျောင်းသည့် အနေအထားရှိပါက ကားမောင်းသူသည် အရှေ့သို့ အနည်းငယ်ကုန်းကာ စတီယာရင်ကို ကိုင်မှရသောကြောင့် ခန္ဓာကိုယ်အနေအထား မမှန်ဖြစ်တတ်ပါသည်။ ထိုအနေအထားသည် ခေါင်းကို နောက်မှီနှင့် ဝေးစေသောကြောင့် လည်ပင်းနာခြင်းကို ဖြစ်စေနိုင်ကာ ခါးအနေအထားမှာလည်း ကုန်းနေရသောကြောင့် ခါးနာစေနိုင်ပါသည်။
အကြံပြုချက် – ကားထိုင်ခုံကိုခေါင်း၊ ခါးတို့ကို အထောက်အပံ့ပေးနိုင်မည့် မတ်မတ်အနေအထားကို ရောက်အောင်လုပ်ပေးသင့်ပါသည်။ ကားမောင်းသည့် စတီယာရင်ကို သက်တောင့်သက်သာ ဖြစ်စေသည့် အနေအထားရောက်အောင် ထားပေးသင့်ပါသည်။ ထိုသို့ ပြုလုပ်ပေးခြင်းအားဖြင့် ကားမောင်းခြင်းကြောင့် နာကျင်ခြင်းကို လျှော့ချနိုင်ပါသည်။
၄။ ကလေးငယ်ကိုချီခြင်း
ကလေးငယ်ကို ပုခက်ပေါ်မှယူ၍ လေပေါ်သို့ လက်နှစ်ဖက်ဖြင့် ချီမခြင်းသည် Quenrvain’s Tenosynovisitis ဟုခေါ်သည့် လက်ကောက်ဝတ်နှင့် လက်မတွင် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါသည်။
အကြံပြုချက် – ကလေးငယ်ကို ချီမည်ဆိုပါက လက်ကောက်ဝတ်၌ အားကိုမစိုက်ထားသင့်ပေ။ လက်များကို ကလေး၏ကျောကုန်း၊ တင်ပါးတွင်ထားပြီး လက်မောင်းအားကိုသာ အသုံးပြုပေး၍ ချီမပေးသင့်သည်။
၅။ ပိုက်ဆံအိတ်
သင့်ပိုက်ဆံအိတ်သည် ခါးနှင့်တင်ပါးနာခြင်း၏ အကြောင်းရင်းဖြစ်စေနိုင်ပါသည်။ ထို့အပြင် နာကျင်ခြင်းသည် ခြေထောက်တစ်ဖက်တည်းကိုလည်း ရောက်ရှိစေနိုင်ပါသည်။ ပိုက်ဆံအိတ်ကို တင်ပါးနေရာရှိ ဘောင်းဘီအိတ်ကပ်သို့ ထည့်ထားခြင်း အလေ့အကျင့်သည် ခါးနှင့်တင်ပါးနာခြင်းကို ဦးတည်နိုင်ပြီး ထိုသို့ဖြစ်ရခြင်းမှာ Sciatic Nerve ကိုထိခိုက်မိခြင်းကြောင့်ဖြစ်သည်။ ပိုက်ဆံအိတ်ထူထူ ထည့်ခြင်းကြောင့် ခါးရိုးဆစ်များ ထိခိုက်စေကာ ကြွက်သားများနာကျင်မှု ဖြစ်စေနိုင်သည်။
အကြံပြုချက် – မထိုင်ခင် အထူးသဖြင့် ကားမမောင်းမီ ပိုက်ဆံအိတ်ကို ဘောင်းဘီအိတ်ထဲမှ အပြင်သို့ ထုတ်ထားသင့်ပါသည်။
၆။ စမတ်ဖုန်း
စမတ်ဖုန်းဖြင့် စာရိုက်ခြင်း၊ အင်တာနက်သုံးခြင်းနှင့် ဂိမ်းကစားခြင်းမျိုး ပြုလုပ်ဖူးကြပါသလား၊ ထိုသို့ ပြုလုပ်ခြင်းသည် အချိန်ကြာသည်နှင့်သမျှ လက်မကို ထိခိုက်လာစေနိုင်ပါသည်။ ဆရာဝန်များ၏ အဆိုအရ ယခုနောက်ပိုင်း လူငယ်များတွင် အတွေ့များလာသာ လက်မ၌ အဆစ်ရောင်ခြင်းသည် စမတ်ဖုန်းဖြင့် စာရိုက်ခြင်းနှင့် ဆက်စပ်နေကြောင်း သိရသည်။
အကြံပြုချက် – လက်မနာလာသည်ကို ခံစားရပါက စာရိုက်ခြင်းကို ရပ်တန့်ပြီး လက်မကို အနားပေးသင့်ပါသည်။ အကယ်၍ နာကျင်မှုသည် မပျောက်ကင်းပါက ဆရာဝန်နှင့်ပြသတိုင်ပင်သင့်ပါသည်။
၇။ ခါးကုန်းပြီး အလေးအပင်မခြင်း
ခါးနာခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ပစ္စည်းများကို နည်းလမ်းမှားယွင်းစွာ သယ်ယူခြင်းဖြစ်သည်။ အတွေ့အများဆုံးမှာ ပစ္စည်းတစ်ခုုခုမရာတွင် ခါးကိုရှေ့သို့ကုန်းပြီး ယူခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကျောကုန်းနှင့် လည်ပင်းရှိ ကြွက်သားများသည် အပြင်းထန်ဆုံးဒဏ်ကို ခံရပြီး နာကျင်စေနိုင်ပါသည်။
အကြံပြုချက် – အလေးအပင်ကို မရာတွင် အမှန်အကန်ဆုံး နည်းလမ်းမှာ ဒူးနှင့်တင်ပဆုံကို အရင်ကွေးပြီး ခါးကို မတ်မတ်ထားပေးပါ။ ထို့နောက်ပစ္စည်းကို သယ်မပြီးမှ ဒူးနှင့်တင်ပဆုံကို ဖြောင့်တန်းပေးလိုက်ပါ။
၈။ အလုပ်စားပွဲခုံ
အကယ်၍ တစ်နေ့လျှင် နာရီပေါင်းများစွာ စားပွဲခုံပေါ်ထိုင်၍ အလုပ်လုပ်နေရသူဖြစ်ပါက သတိထားသင့်သည့်အချက်များ ရှိပါသည်။ အနေအထားမမှန်သော ထိုင်ခုံကြောင့် ကွန်ပြူတာကြည့်ရခြင်းသည် လည်ပင်းနှင့်ခါးကို ထိခိုက်စေနိုင်ပါသည်။ ကွန်ပြူတာဖန်သားပြင်သည် မြင့်လွန်း၊ နိမ့်လွန်းလျှင်လည်း လည်ပင်းကို နာကျင်စေပါသည်။
အကြံပြုချက် – ကွန်ပြူတာ ဖန်သားပြင်ကို မျက်လုံးနှင့် တည့်တည့်အနေအထားတွင် ထားပေးပါ။ ထိုင်သည့်ထိုင်ခုံကို ခါးဖြောင့်ဖြောင့်ထားပြီး ခြေထောက်နှစ်ဖက်ကြမ်းပြင်ပေါ်တွင် ထိနေသော အနေအထား၌ ထားပေးပြီး လိုအပ်ပါက ခါးနာသက်သာစေရန် ကူရှင်အခင်းခံ၍ အသုံးပြုသင့်ပါသည်။
၉။ ဆံပင်ပုံစံ
မြင်းမြီးပုံစံနောက်သို့ ဆံပင်စုစည်းထားခြင်းသည် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ တချို့ခေါင်းတစ်ခြမ်း ကိုက်တတ်သူများတွင် ဆံပင်ကို တင်းကြပ်စွာ စုစည်းခြင်း၊ ဦးထုပ်ဆောင်းခြင်းများသည် ခေါင်းကိုက်ခြင်းကို ပိုမိုဆိုးစေပါသည်။
အကြံပြုချက် – ဆံပင်ကိုချထားပြီး ဦးထုပ်ကို ချွတ်ပေးသင့်ပါသည်။
၁၀။ သွားကြိတ်တတ်သည့် အလေ့အကျင့်ရှိခြင်း
သွားကြိတ်တတ်သူဖြစ်ပါက မေးရိုးနာခြင်းနှင့် ခေါင်းကိုက်ခြင်းများကို ဖြစ်စေနိုင်ပါသည်။ အကယ်၍ အချိန်ကြာမြင့်စွာ သွားကြိတ်တ်သူဖြစ်ပါက နာကျင်ခြင်းတစ်ခုတည်းနှင့်သာ မပတ်သက်ဘဲ သွားပျက်စီးခြင်း၊ မေးရိုးထိခိုက်ခြင်း စသည်များအပြင် အကြားအာရုံဆုံးခြင်းကိုပင် ဖြစ်လာစေနိုင်ပါသည်။
အကြံပြုချက် – သွားဆရာဝန်နှင့် ပြသင့်ပြီး အိပ်ပျော်နေစဉ်အတွင်း သွားကိုကာကွယ်နိုင်သည့် ပါးစပ်ကာ အစွပ်တစ်ခုခုကို အသုံးပြုနိုင်ပါသည်။
၁၁။ လက်တော့ပ် ( Laptop ) ကွန်ပျုတာ
လက်တော့ပ်ကွန်ပျုတာကို အိတ်ဖြင့်ထည့်၍ လက်မှဆွဲကာ နေရာတကာ ယူသွားတတ်သူဖြစ်သလား။ ထိုကဲ့သို့ အလေ့အကျင့်ရှိသူဖြစ်ပါက ခန္ဓာကိုယ်အစိတ်အပိုင်းများ နာကျင်ခြင်း ခံစားရနိုင်ပါသည်။ လက်တော့ပ်အိတ်ကို ဆွဲထားခြင်းကြောင့် လက်ပေါ်တွင် ဖိအားဒဏ်ဖြစ်စေနိုင်ပြီး လက်ကောက်ဝတ်၊ လက်ဖျံ၊ ပခုံးနှင့် ခါးနာကျင်ခြင်းများ ဖြစ်စေနိုင်ပါသည်။
အကြံပြုချက် – လက်တော့ပ်ကို ဘီးပါသော တွန်း၍ရသည့် အိတ်တွင် ပြောင်းလဲထည့်ခြင်း (သို့မဟုတ်) ပိုမိုပေါ့ပါးသည့် လက်တော့ပ်ကွန်ပျုတာ အမျိုးအစားကို ပြောင်းလဲသုံးစွဲသင့်ပါသည်။
Author:ဒေါက်တာချမ်းမြေ့ , Healthcare Journal