ဆီးကျိတ်ကြီးခြင်း
တစ်ခုသောတနင်္ဂနွေညနေ အိမ်တွင်ကျွန်တော့်အမေနဲ့ကျွန်တော် ဇာတ်လမ်းတွဲကြည့်နေခိုက် အိမ်သို့အပတ်တိုင်း အလည်လာလေ့ရှိသော အမေ့မိတ်ဆွေ ဒေါ်ရွှေစင် ဆိုသူ ရောက်လာသည်။ ကျွန်တော့်ကိုတွေ့သည်နဲ့ “ဟော ဖိုးသားဆရာဝန်လည်း အိမ်မှာရှိနေတာပဲ မေးစရာရှိလို့ လာတာနဲ့အတော်ပဲ။ ရှိမှရှိပါ့မလားလို့ထင်နေတာ” ဟု ရောက်ရောက်ချင်းပြောလေသည်။
ကျွန်တော်ကလည်း မေးပါဗျာဟု ပြန်ပြောရသည် ။
“အဒေါ့်အမျိုးသားဦးတင့်လွင် ဆီးပိုက်ထည့်ထားရတယ်။ ဆရာဝန်ပြတော့ ပုရွက်ဆိတ်ဂလင်းကြီးနေလို့ ပြောတယ်” ။
“ဘယ်လို ဘယ်လို ပုရွက်ဆိတ်ဂလင်း ? ဟုတ်လား အဲ့ဒါတော့ မကြားဖူးဘူး အဒေါ်ရေ ဆေးမှတ်တမ်းစာအုပ်ပါလား။ ပါရင် ပြပါ”။
ဆေးမှတ်တမ်းကြည့်လိုက်မှပဲ ရှင်းသွားတော့သည်။ BPH လို့ရေးထားသည် ။
“ပုရွတ်ဆိတ်ဂလင်းမဟုတ်ပါဘူး။ Prostate gland ပရောစတိတ်ဂလင်း ကြီးတာပါအဒေါ်ရ၊ တစ်နည်းပြောရရင်ဆီးကျိတ်ကြီးတာပါ။”
“မသိပါဘူး။ အဒေါ်နားထဲမှာတော့ ပုရွက်ဆိတ်ဂလင်းလို့ကြားတယ်ထင်လို့ပါ။ ထားပါတော့။ အဲ့ဒီဟာကဘယ်နားမှာရှိတာလဲ ။ ဘာပြုလို့ကြီးရတာလဲ။”
“ဆီးကျိတ်က အမျိုးသားတွေရဲ့ ဆီးအိမ်အောက်နားမှာ ကပ်ပြီးရှိတယ် ။ ဆီးကျိတ်ထဲကနေ ဆီးထွက်ပြွန်က ဖြတ်သွားတယ် ။ ဆီးကျိတ်ကြီးရတဲ့ အကြောင်းရင်းက သေချာမသိနိုင်သေးဘူး။ သုတေသနပညာရှင်တွေယူဆတာကအသက်ကြီးလာတာနဲ့အမျှဆီးကျိတ်ကနေကျားဟော်မုန်း (Testosterone) ထုတ်တာလျှေ့ာနည်းလာတယ်။
ဒါပေမယ့် ကျောက်ကပ်အပေါ်နားမှာရှိတဲ့ adrenal ဂလင်းက အီစတိုဂျင်ဟော်မုန်းထုတ်တာကတော့ ဒီအတိုင်းပဲ။ ဒါကြောင့် အချိုးချလိုက်ရင် အီစတိုဂျင်ကများလာတယ်။ အီစတိုဂျင်က ဆီးကျိတ်ကြီးဖို့ လှုံဆော်တယ်။”
“ဆီးကျိတ်ကြီးရင် ဘာတွေဖြစ်တတ်လဲ ဖိုးသားရေ”
“ဆီးကျိတ်ကြီးတာက လက္ခဏာပြချင်မှပြတာ။ တချို့တွေမှာ ကြီးနေပေမယ့် ဘာမှမဖြစ်တာလည်းရှိတယ်။ ဒါပေမယ့် ဆီးသွားရခက်တာ ၊ဆီးသွားရင်ဆီးတန်းသေးတာ ၊ဆီးသွားတာဆန့်တငင်ငင်ဖြစ်တာ၊ ဆီမထိန်းနိုင်တာ ၊ ညဘက်ဆီးခဏခဏသွားချင်တာ၊ ဆီးသွားပြီးရင်လည်း တစက်စက်ကျနေတာ တွေရှိခဲ့ရင်တော့ဆီးလမ်းကြောင်းဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုတွေလုပ်သင့်တယ်” ။
“ဘယ်လိုစစ်ဆေးမှုတွေလဲဖိုးသား”
“ရိုးရိုးအာထရာဆောင်းရိုက်တာနဲ့ စအိုကနေတစ်ဆင့်အာထရာဆောင်းရိုက်တာတွေ လုပ်နိုင်တယ် ။
လုပ်ကြည့်လို့မှ ဆီးကျိတ်ကြီးနေတယ်ဆိုရင်တော့ ကင်ဆာလား ရိုးရိုးကြီးတာလား သိဖို့အတွက် PSA (Prostate Specific Antigen) ဆိုတာစစ်သင့်တယ်။ နောက်ပြီး ဆီးလမ်းကြောင်းပိုးဝင်၊မဝင်ရယ် ကျောက်ကပ်ကောင်း၊ မကောင်းရယ်သိဖို့ သွေးစစ်ဆီးစစ်တာတွေပါ လုပ်သင့်တယ်” ။
“ကုသတဲ့နည်းလမ်းတွေကရော”
“ဆီးကျိတ်ကြီးတိုင်းတော့ ကုသစရာမလိုပါဘူး။ ဘယ်အချိန်မှာကုရမလဲဆိုတော့ ဆီးရုတ်တရက်မသွားနိုင်ရင် ၊ ဆီးထွက်တဲ့ပြွန်ကဖောင်းလာရင် ၊ ဆီးထဲ သွေးပါရင် ၊ ဆီးပိုးခဏခဏဝင်ရင် ၊ အပေါ်မှာပြောတဲ့လက္ခဏတွေက နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ပေးခဲ့ရင် ကုသဖို့လိုပါပြီ”။
“ဆီးရုတ်တရက် မသွားနိုင်တော့ဘူးဆိုရင်တော့ ဆီးပိုက်ထည့်တာ သို့မဟုတ် ဆီးဖုံးကနေအပေါက်ဖောက်ပြီးပိုက်ထည့်ထားဖို့ လိုပါတယ်” ။
“ကုသတဲ့နည်းတွေကတော့ ခွဲစိတ်ကုသတာ၊ ဆေးသောက်တာ စသဖြင့်ရှိပါတယ် ။
ခွဲစိတ်ကုတဲ့နေရာမှာ အသုံးများတဲ့နည်းကတော့ ဆီးကျိတ်ခြစ်ထုတ်တာလို့ လူပြောများတဲ့ TURP (Trans Uretheral Resection of Prostate) ပါ။ တစ်ခုပြသာနာရှိတာကတော့ ဆီးကျိတ်က
ခြစ်ထုပ်ပြီးရင်လည်း ပြန်ကြီးနိုင်တယ်။ ခြစ်ထုတ်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဆီးထွက်ပြွန်ကျဉ်းသွားတာ ၊ ဆီးအိမ်အဝကျဉ်းတာ ၊ သုတ်အပြင်မ ထွက်တာစတာတွေဖြစ်နိုင်တယ် ။
ဆေးသောက်မယ်ဆိုရင်တော့ 5 alpha reductase inhibitor (Finasteride) သို့မဟုတ် (Dutasteride) သောက်နိုင်ပါတယ်” ။
“ဆေးသောက်ရုံနဲ့ ပျောက်သွားတာကော ရှိလား” ။
“ဆီးကျိတ်ကြီးတဲ့သူတွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်လောက်က ဆေးသောက်တာနဲ့ အဆင်ပြေသွားတတ်ပါတယ်”
“ကဲ အဒေါ်သိချင်တာတွေကော စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ ဖိုးသားဆရာဝန်ကို ကျေးဇူးပါပဲ
ပြန်လိုက်ပါဦးမယ်”
“ဟုတ်ကဲ့ပါ အဒေါ်”
အာရောဂျံ ပရမံ လာဘံ
Author: Dr 528