အစာရေမျို ပြွန်ကင်ဆာ
အစာလည်းဆေး၊ ဆေးလည်းအစာ ဟူသော စကားပုံရှိသည်။ မှန်ပါသည်။ သို့သော် ယနေ့ခေတ်တွင်အစားအသောက် အမျိုးအစားများစုံလင်ရုံမက အစားအသောက်များသည်လည်း အရောင်စုံ အနံပါစုံလင်များပြားလာခဲ့သည်။ ထိုသို့အစားသောက်များတွင် အရောင်အနံစုံလာသည်နှင့်အမျှ လူတို့တွင်ဖြစ်ပွားသော ရောဂါများလည်းအမျိုးစားစုံလာသည်။
ယခုတစ်ခါတင်ပြလိုတာကတော့ အစာရေမျိုပြွန်ကင်ဆာအကြောင်းပါ။ ကျွန်တော်တို့နေ့စဉ် ပါးစပ်မှစားသောက်သော အစားအသောက်များသည် အစာရေမျိုပြွန်ကို ဖြတ်သန်းပြီးမှသာ အစာအိမ်ကိုရောက်သည်။ ထိုအစာရေမျိုပြွန်သည် ၂၅ စင်တီမီတာ (၁၀ လက်မ) နီးပါး ရှည်သည်။ အစာရေမျိုပြွန်ကို ၃ ပိုင်းခွဲထားသည် ။
လည်ပင်းတွင်ရှိသောအပိုင်း၊ ရင်ဘတ်တွင်ရှိသောအပိုင်းနှင့် ဗိုက်တွင်ရှိသောအပိုင်းတို့ ဖြစ်သည်။ အစာရေမျိုပြွန်ကင်ဆာသည် အသက် ၆၀ နှင့်အထက် အမျိုးသားများတွင် ပိုအဖြစ်များသည် ။ အစာရေမျိုပြွန်ကင်ဆာအမျိုးအစား ၂ မျိုးရှိသည်။
ဒီကင်ဆာဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ ဓါတုဆိုးဆေးပါသောအစားအစာများကို ရေရှည်စားမိခြင်း၊ မှိုတက်နေသော လတ်ဆတ်မှုမရှိသော အစားအစာများစားခြင်း၊ နေ့စဉ်အသုံးပြုသော ဟင်းခတ်များထဲတွင်မှိုများပါခြင်း (ဥပမာ ငရုတ်သီးမှို) ဆေးလိပ်၊ အရက်၊ ကွမ်း အစားများခြင်း တို့ဖြစ်သည် ။
GERD (Gastro Esophageal Reflux Disease) ရှိသူများ နောက်ပြီး Plumer Vinson Syndrome ရှိသူများ တွင် ဖြစ်နိုင်ချေ ပိုများသည်။
ဒီကင်ဆာရဲ့လက္ခဏကတော့ မျိုရခက်ခြင်းပါပဲ။ အစောဆုံးအနေနဲ့ကတော့ မျိုချတဲ့အခါမှ ာခိုးလုခုလုဖြစ်ပီး ပုံမှန်မဟုတ်သလိုခံစားရတာပါ။ အစပထမမှာ အစာမာကိုမျိုရခက်မယ် ။ နောက်ပိုင်းပျော့တဲ့အစာပါမမျိုနိုင်တော့ဘူး။ နောက်ဆုံး ရေတို့၊ အရည်တို့တောင်မှမမျိုနိုင်တော့ဘူး ။ အသံပြောင်းလာမယ်။ ထူးခြားတာက မျိုရခက်ပေမယ့် အများအားဖြင့် နာကျင်မှုမရှိတတ်ဘူး။ အစာမျိုရခက်တဲ့နောက်ပိုင်းမှာအသံပြောင်းလာရင်တော့ အလားအလာမကောင်းဘူး ။ ပြန်ရည်ဂလင်းတွေရောင်တာတွေလည်းဖြစ်နိုင်တယ်။
မျိုရခက်တိုင်းတော့ အစာရေမျိုပြွန်ကင်ဆာလို့ တပ်အပ်မပြောနိုင်ဘူး ။ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့လိုတယ်။ ဘာတွေလုပ်ရမလဲဆိုတော့ မှန်ပြောင်းကြည့်ပြီး အသားစယူစစ်ဆေးတာ၊ ဆေးဓါတ်မှန်ရိုက်တာ တွေပါ ။ တကယ်လို့စစ်တာ ရှိခဲ့ရင်တော့ ကင်ဆာဘယ်ကိုပျံနေလဲသိဖို့အတွက် ရင်ဘတ်ဓါတ်မှန်ရိုက်တာ ၊ စီတီရိုက်တာ ၊ အာထရာဆောင်းရိုက်တာ (USG) စတာတွေပါဆက်လုပ်ရပါမယ် ။
ကုသတဲ့နေရာမှာ ၂ ပိုင်းရှိတယ် ။ ကင်ဆာကအဆင့်နိမ့်တယ် ၊ ကုလို့ပျောက်တယ်ဆို (curative therpy) ကိုသုံးတယ်။ ကင်ဆာကပြန့်လည်းပြန့်နေပြီ ၊ကုလို့မပျောက်တော့ဘူးဆိုရင် (Palliative therapy) ကိုသုံးတယ်။ Curative therapy မှာ နည်းလမ်းနှစ်ခုပါပါတယ်။ ခွဲစိတ်ကုသတာနဲ့ ဓာတ်ကင်ကုသ ဆိုပြီး ၂ မျိုးပါတယ်။
Palliative Therapy ရဲ့ ရည်ရွယ်ချက်ကတော့ လူနာခံစားရသက်သာအောင်လုပ်ပေးတာပါ။ တစ်နည်းအားဖြင့်အစာတို့ရေတို့ပြန်မျိုနိုင်အောင်ပါ ။ နည်းလမ်းတွေကတော့ ဓါတ်ကင်တာ ၊ ကင်ဆာဆေးနဲ့ကုတာ ၊ ပိုက်ထည့်တာ၊ စတန့်ထည့်တာ ၊လေဆာပစ်တာ စတာတွေပါ ။ နောက်ဆုံးပြောချင်တာကတော့ ဒီအစာရေမျိုပြွန်ကင်ဆာက 5 Year Survival Rate(ကင်ဆာလို့သိတဲ့အချိန်ကစပြီး နောက်၅နှစ်အတွင်းအသက်ရှင်ဖို့ရာခိုင်နှုန်း) အလွန်နည်းပါတယ် ။
ဒါ့ကြောင့် မိမိတို့အစာရေမျိုချတဲ့အခါမှာ ထူးဆန်းနေတာမျိုးဖြစ်ခဲ့ရင် ဆရာဝန်ဆီချက်ချင်းသွားပြီး စမ်းသပ်စစ်ဆေးသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။
Author; Dr.528