ကျွန်တော်တို့နေထိုင်ရာ ပြည်မြန်မာသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် စိမ်းစိုသော လယ်ကွင်းများ များစွာရှိသည်။ ထိုလယ်ကွင်းထဲတွင် စပါးပင်များသာမက လယ်ကြွက်များလည်းရှိသည်။ထိုကြောင့်လယ်ကြွက်များကို စားသုံးသော မြွေဆိုးများလည်းရှိနေတတ်သည်။ထိုမြွေဆိုးများသည် ကျေးဇူးရှင်တောင်သူဦးကြီးများကို အသက်သေဆုံးသည် အထိ အန္တရာယ်ပေးနိုင်သည်။အထူးသဖြင့်စပါးရိတ်ချိန်တွင် မြွေကိုက်ခံရမှုများ ပိုမိုဖြစ်ပွားသည်။ များသောအားဖြင့် လက် သို့မဟုတ် ခြေထောက်ကို အကိုက်ခံရတတ်သည်။
အဓိက ကိုက်သောမြွေအမျိုးအစားမှာ မြွေပွေးဖြစ်ပြီး ပင်ကိုယ်သဘာဝအရ အဆိပ်ပြင်းသော တွား သွားသတ္တဝါ အမျိုးအစားဖြစ်သည်။ အပူပိုင်းဇုန်ဒေသများနှင့် မုတ်သုံတောများတွင် နေထိုင်ကျက်စား မျိုးပွားသော မြွေမျိုးဖြစ်သည်။ ရေမြေသဘာဝ အရောင်အသွေးအတိုင်း အပေါ်ယံအရေခွံ အရောင်ပြောင်း လဲသွားသော သတ္တဝါဖြစ်သည်။ အစာရှာချိန်မှလွဲ၍ ပင်ကိုယ်သဘာဝအတိုင်း ရစ်ခွေနေတတ်သည်။ မြွေ ပွေးမတစ်ကောင်မှ သားလောင်းအကောင်ရေ အမြောက်အမြား မွေးဖွားနိုင်သည်။ ပူအိုက်သော အချိန်များ တွင် ခိုအောင်းရာနေရာမှ အပြင်သို့ထွက်ကာ စိုစွတ်သောနေရာများ၊ အေးမြသောနေရာများတွင် ခိုအောင်း နေတတ်သည်။ အဆိပ်မှာပြင်းထန်ပြီး သွေးအတွင်း ပျံ့နှံ့ချိန်မှာ ပျှမ်းမျှအားဖြင့် (၄) နာရီနီးပါး အချိန်ယူရ သည်။ အသက်ရှုလမ်းကြောင်းစနစ်၊ နှလုံးစနစ်၊ ကျောက်ကပ်စနစ်များအား ဖျက်ဆီးနိုင်ပါသည်။ ၎င်းတို့၏ အဓိကအစာအာဟာရမှာ ကြွက်များဖြစ်သည်။ အပူချိန်ပြင်းသော အချိန်တွင် ခိုအောင်းနေတတ်ပြီး အေးမြ သောအချိန်တွင် အပြင်သို့ထွက်လေ့ရှိသည်။ အရွယ်အစားမရွေး အဆိပ်ရှိပါသည်။
မြွေဆိုးကိုက်သောအခါ မြွေရဲ့ မေးရိုးရှိကြွက်သားများက အဆိပ်အိတ်ကိုဖိနှိပ်သဖြင့် အဆိပ်များသည် ဆေးထိုးအပ်နဲ့ ထိုးသွင်းသကဲ့သို့ ကိုက်ခံရသည့်နေရာအတွင်းထဲကို ဝင်သွားသည်။ ကြွက်သားဖိအားဖြင့် ထိုးသွင်းခံရသောအဆိပ်ကို ပြန်ထုတ်ယူရန် မလွယ်ကူပါ ။အဆိပ်များသည် ခန္ဒာကိုယ်တွင်းရှိတခြားနေရာများသို့ ပြန်ရည်ကြောများမှတဆင့် ပျံနှံသည်။ ကိုက်ခံရသည့်နေရာမှ အဆိပ်များသည် ခန္ဒာကိုယ်ရှိ အရေးကြီးသော အစိတ်အပိုင်းများသို့ မပျံသေးပါက အသက်အန္တရာယ်မရှိသေးပါ ။
မြွေကိုက်ခံရပါက အဆိပ်ပျံ့မှုနည်းအောင်ဘယ်လိုလုပ်ရမလဲ
၁။မြွေကိုက်ခံရသည့်နေရာကိုသန့်ရှင်းသော ခပ်ဖွဖွသုတ်ပါ ။အားဖြင့်ဖိမပွတ်ရ ။ရေအလွယ်တကူရနိုင်ရင် ရေနဲ့ဆေးပါ ။အဝတ်ခေါက်ထူထူ သို့မဟုတ် ပတ်တီးခေါက် ၃×၃×၁.၅ လက်မအရွယ်တစ်ခုကို ဒဏ်ရာပေါ်တွင်တင်ပါ ။လက်ဖမိုး လက်ချောင်း ခြေချောင်းများပေါ်တွင် အကိုက်ခံရပါက သင့်တော်ရာအရွယ် ပြုလုပ်ပြီးတင်ပါ ။
၂။အဝတ်ခေါက်၏အပေါ်တွင် ပတ်တီးကဲ့သို့ အဝတ်စ သို့မဟုတ် အားကစားပတ်တီး ကို မြဲရုံ တင်းရုံ သာစည်းပါ။ တအားမတင်းအောင်အထူးဂရုပြုပါ ။
၃။ခြေထောက်ကို ပတ်တီးစည်းပြီးပါက မလှုပ်ရှားနိုင်အောင် ကြပ်စည်းပါ။ မြဲရုံသာစည်းပါ ။တအားမတင်းဖို့ဂရုစိုက်ပါ ။ရှည်လျားသော ဝါးခြမ်း သို့မဟုတ် သစ်သားချောင်း ဖြင့် မြွေကိုက်ခံရသော ခြေ လက် တစ်ချောင်းလုံးကို ကပ်ပီး ကြပ်စည်းပါ။ ခြေဆစ်လက်ဆစ် အထက်နဲ့ အောက်တွင် ကြိုး သို့မဟုတ် ပတ်တီးဖြင့် ချည်နှောင်ရမည် ။ခြေလက် တစ်ချောင်းလုံးမှီသော တုတ်ချောင်းမရပါက ဝါးခြမ်း နှစ်ခု သို့မဟုတ်၃ခု ကို သင့်တော်သလိုဆက်ပြီးသုံးပါ ။
၄။မြွေဟောက် ဂျပ်မြွေ ငန်းပုပ် ငန်းတော်ကြား နှင့် သံကွင်းစွပ် မြွေများ အကိုက်ခံရပါက အသက်ရှုရပ်ပြီး သေတတ်သောကြောင့် ဆေးရုံပို့ရာလမ်းတွင် ရနိုင်သောနည်းဖြင့် အသက်ရှုခြင်းအား ကူညီပေးရမည်။(ဥပမာ ပါးစပ်ဖြင့်တေ့ပြီးရှုပေးခြင်း သို့မဟုတ် အောက်စီဂျင် အိုးဖြင့်ရှုခြင်း)
မြွေကိုက်ခံရတဲ့လူနာကို တိုက်နယ်ဆေးရုံသို့မဟုတ် မြို့နယ်ဆေးရုံကို အမြန်ဆုံးပို့ပါ။ ထိုသို့ပို့ဆောင်ရာတွင် လူနာကို လုံးဝနီးပါး မလှုပ်ရှားစေဘဲ ငြိမ်သက်စွာရှိစေရပါမည် ။လူနာကိုလုံးဝလမ်းမလျှောက်ခိုင်းပါနဲ့ ။လမ်းလျှောက်မိပါက လက်တွင်မြွေကိုက်ထားသူဖြစ်စေ ခန္ဒာကိုယ်အတွင်း အဆိပ်ကို ပိုမိုလျှင်မြန်စွာ ပျံ့နိုင်သောကြောင့်ဖြစ်သည်။ ဖြစ်နိုင်ပါက မြွေသေကို တပါတည်းယူဆောင်လာပါ။ ကိုက်သောမြွေကိုသိပါက တိကျသောမြွေဆိပ်ဖြေဆေးကို ထိုးနိုင်ရန် အထောက်အကူပြုပါသည်။
ရှောင်ရန်အချက်များ
မြွေကိုက်ခံရသူတွင် အောက်ပါတို့ကို ပြုလုပ်ပါက အကျိုးမရှိသည့်အပြင် အဆိပ်ကို ပိုပြီး ပျံ့နှံစေသောကြောင့်လုံးဝမလုပ်ရပါ။ ဒဏ်ရာကို မီးစဖြင့်ထိုးခြင်း ၊ ဓါးဖြင့်ခွဲခြင်း ၊ လူနာကိုအရက်တိုက်ခြင်း ဒဏ်ရာကိုဆေးလိမ်းခြင်း ၊ နှိပ်ခြင်း၊ မြွေမြီးဖြတ်ပြီးမျိုခြင်း ၊ ကြိုးဖြင့်တအားတင်းကျပ်စွာ စည်းခြင်းသည်အကျိုးမရှိသည့်အပြင် သွေးမလျှောက်သဖြင့် ခြေ လက်များပုပ်တတ်သည်။ တချို့ဗဟုသုတနည်းသောဒေသများတွင် မြွေခြေထောက်ကိုက်ခံရပါက ခြေထောက်ဖြတ် လက်ကိုက်ခံရပါက လက်ဖြတ်တာမျိုးလုပ်ကြသည်။ ကျွန်တော်လည်းအစက ဒီလိုမျိုးလုပ်တယ်ဆိုတာမယုံနိုင်ပါ ။ဆေးကျောင်းစတုတ္တနှစ် နယ်ဘက်သို့ကွင်းဆင်းလေ့လာရေးခရီးထွက်ပြီးကိုယ်တိုင်ကြုံမှ ယုံသွားသည်။လုံးဝမလုပ်ပါနဲ့ ။ထိုသို့လုပ်တာဟာမြွေဆိပ်ကိုမတားနိုင်ရုံသာမက သွေးလွန်ပြီး အသက်ဆုံးရှုံးရတာကိုပါဖြစ်စေသည် ။
ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုကောင်းသည်။မြွေအကိုက်မခံရအောင်နေပါ။ ဘယ်လိုနေရမလဲဆိုတော့ ရာဘာလည်ရှည်ဖိနပ် (Rubber Boots) များစီးကြပါ။ လက်အိတ်များ ဝတ်ဆင်ကြပါ ။ညဘက်ထွက်တဲ့အခါ လင်းအားကောင်းသောဓါတ်မီးများယူသွားကြပါ။
မြတ်စွာဘုရားဟောကြားသောခန္ဓသုတ်ပရိတ်ကိုလည်းရွတ်ဖတ်ပူဇော်ကြပါလို့ ကျေးဇူးရှင် တောင်သူဦးကြီးများကို အဆုံးသတ်အနေနဲ့ အကြံပြုပါရစေ။
Author; Dr528