ကျွန်တော်တို့သည်မြန်မာနိုင်ငံတွင်ကြီးပြင်းလာသည့်အလျောက် ငယ်စဉ်ကလေးဘဝတွင် လူကြီးသူမများက လိမ်ညာမပြောဖို့ ဆုံးမစကားများကို အများအားဖြင့်ကြားဖူးပေလိမ့်မည်။ လူကြီးများက ကလေးများကို လိမ်ပြောပါက ပါးစပ်အနာဖြစ်တတ်တယ် သွားကျိုးတတ်တယ် စသဖြင့် ဆိုဆုံးမခဲ့ကြသည်။ ကျွန်တော်တို့အရွယ်ရလာသောအခါ ထိုစကားများသည် ကလေးများလိမ်မပြောစေရန်အတွက် လူကြီးများက စေတနာနဲ့ပြောသော အဖြူရောင်မုသားစကားများဖြစ်ကြောင်း သဘောပေါက်ခဲ့ရသည်။
သို့သော် ကလေးများသည် ဘာသာစကားကိုကောင်းစွာပြောတတ်သော အသက် ၄နှစ် သို့မဟုတ် ၅နှစ်တွင် စပြီးနည်းနည်းလိမ်ပြောတတ်လာသည်။ ကလေးတွေဘာလို့လိမ်ပြောရသလဲ ။
အဖြေကတော့
၁။ ကလေးဖြစ်သည့်အားလျော်စွာ လိမ်ညာခြင်းရဲ့ဆိုကျိုး အပြစ်ကို မသိတဲ့အတွက်
၂။ကလေးဖြစ်သည့်အလျောက် လိုချင်တာရဖို့ပဲသိတဲ့အတွက်
၃။အမှားလုပ်မိပြီးလူကြီးများရဲ့ဆူမှာရိုက်မှာစိုးရိမ်သည့်အတွက်ပါ
ထို့ကြောင့် အစကောင်းမှ အနှောင်းသေချာ ဆိုသည့်အတိုင်း စကားကိုကောင်းစွာနားလည်သောကလေးအရွယ်တွင် မိဘများက ကလေးများကို လိမ်ပြောလျှင် အပြစ်ဖြစ်တတ်ကြောင်း အမှားလုပ်မိပါကလည်း မိဘများကို အမှန်အတိုင်းပြောပါက လက်ခံပေးမည်ဖြစ်ကြောင်း မိဘနဲ့သားသမီးကြားတွင်ပွင့်ပွင့်လင်းလင်းပြောဆိုရမည်ဖြစ်ကြောင်း နားဝင်အောင်ဆုံးမထားဖို့လိုသည်။
ယုံကြည်မှုဆိုတာ လူတစ်ယောက်နဲ့တစ်ယောက်ကြားတွင်အဓိကကျသောအရာဖြစ်သည်လို့ယူဆသည်။ မိဘနဲ့သားသမီး အလုပ်ရှင်နဲ့အလုပ်သမား ဆရာဝန်နဲ့လူနာ ဆရာနဲ့ကျောင်းသား ချစ်သူနှစ်ယောက်ကြာား စသည့်ကြားများတွင် ယုံကြည်မှုသည်မရှိမဖြစ်လိုအပ်သည်။ လူနာကဆရာဝန်ကိုမယုံပါက ဆေးကုသမှုမအောင်မြင်နိုင်သလို အလုပ်ရှင်က အလုပ်သမားကိုမယုံပါကလည်း လုပ်ငန်းမအောင်မြင်နိုင်ပါ။
သို့သော်ယနေ့ခေတ်တွင် မုသားမပါလကာၤမချောဆိုသည့်အတိုင်း လူအများကြီးနဲ့ဆက်ဆံရာတွင် အဖြူရောင်မုသား သို့မဟုတ် အသေးစားလိမ်ပြောခြင်းများကို မလွဲမရှောင်သာသုံးစွဲနေရတာမျိုးလည်းများလားသည်။ကျွန်တော့်အထင်တော့ အဖြူရောင်မုသားဆိုတာက အမှန်ကိုပြောလိုက်ပါလျှင် သူတပါးလည်းအကျိုးမရှိသို့မဟုတ် သူတပါးလည်းအကျိုးယုတ်မည့်အပြင် မိမိလည်းအကျိုးမရှိ သို့မဟုတ် အကျိုးယုတ်မည်ဖြစ်သော်ကြောင့်အမှန်ကိုချန်လှပ်ထားခြင်းမျိုးဟုထင်သည်။ကိုယ်ကျိုးစီးပွားအတွက် သို့မဟုတ် သူတပါးအကျိုးစီးပွားပျက်အောင် ဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိလိမ်ခြင်းမျိုးကိုဆိုလိုခြင်းမဟုတ်ဟုယူဆသည်။
အဖြူရောင်မုသားပြောရခြင်း အကြောင်းရင်းများကို စဉ်းစားမိသလောက်ရေးပြပါမည်။
၁။အမြင်သာဆုံးကတော့ မိတ်ဆွေအိမ် သို့မဟုတ် သူများအိမ်သွားလည်သည့်အခါ စားပြီးပြီလားဟုမေးသောအခါ အိမ်ရှင်အလုပ်ရှုပ်မည်သို့မဟုတ် မိမိမစားသည့်အစားသောက်ဖြစ်မည် စိုးသည့်အတွက် မစားရသေးဘဲ စားပြီးပြီဟု အများအားဖြင့် ပြောမိတတ်ကြသည်။
၂။ကိုယ်တွေ့ဖြစ်ရပ်တစ်ခုပြောပါမည်။ကျွန်တော့်ငယ်ပေါင်းသူငယ်ချင်းသည် သူ့သမီးကိုအလွန်ချီးမွန်းလေ့ရှိသည်။မိဘစကားနားထောင်တာ ရည်းစားမရှိတာ စာကလွဲပြီးဘာမှမသိတာစသဖြင့်အမြဲပြောသည်။ တစ်ရက်တွင် သူ့သမီးနဲ့ကောင်လေးတစ်ယောက်ရဲ့ဆိုင်ကယ်နောက်တွင်ခါးဖက်ပြီးလိုက်သွားတာကို ကျွန်တော်သေချာမြင်လိုက်သည်။ထိုအကြောင်းကိုသူငယ်ချင်းအားပြောသောအခါ ဘယ်လိုမှလက်မခံသည့်အပြင် မင်းအသက်ကြီးလို့ မျက်စိမှုန်ပြီး လူမှားတာနေမှာပါ မင်းမျက်မှန်ပါဝါပြန်စစ်ကြည့်အုံးလို့ပြန်ပြောသည်။ထိုအခါ ကျွန်တော်သည် ခင်မင်မှုမပျက်ချင်သည့်အတွက် အေးပါ ငါမျက်စိမှားတာပါကွာ လို့ လိမ်ပြောရသည်။
၃။သဝန်တိုတတ်သောဇနီးကိုရထားသည်ဆိုပါစို့။တစ်နေ့ အိမ်အပြန်တွင် ရည်းစားဟောင်းနဲ့အမှတ်မထင်ဆုံမိသည်။ထိုနေ့ကျမှပဲတိုက်တိုက်ဆိုင်ဆိုင် ရည်းစားဟောင်းသည် ခါးပိုက်နှိုက်ခံရပြီး အိမ်ပြန်ဖို့အခက်အခဲဖြစ်နေသဖြင့် သူနေသောနေရာသို့ကားနဲ့ လိုက်ပို့ပေးမိသည် ဆိုပါစို့။ အိမ်သို့ရောက်သောအခါ ဇနီးက ရှင် ဘာဖြစ်လို့နောက်ကျနေတာလဲဟု မေးလျှင် သင်ဘယ်လိုဖြေမလဲ။ရည်းစားဟောင်းအပေါ် စိတ်မကုန်၍လည်း မဟုတ်။ ဘာမှ ဖောက်ပြန်ပတ်သက်နေတာလည်း မဟုတ်သော်ငြား အမှန်အတိုင်းပြောလျှင် ကျိန်းသေပေါက် တစ်ညလုံး နားပူကာ ပြဿနာအရှာခံရမည်ကို သိသောသင်သည် အမှန်အတိုင်းပြောဖို့တော့ လွယ်မယ်မထင်ပါ။
၄။ကျွန်တော်တို့အိမ်ဘေးတွင် မုဆိုးမသားအမိ၂ယောက်ရှိသည်။ဆင်းရဲသဖြင့်အသားဟင်းဝယ်မချက်နိုင်။ပိန်လှီသေးကွေးရှာတဲ့ သူ့သားလေးကို အာဟာရဓါတ်ပြည့်ဝစေချင်တဲ့စိတ်နဲ့ အိမ်နောက်ဖေးက မြစ်ကမ်းနံဘေးမှာ ငါးသွားမျှားတယ် ။ အဲ့ဒီနေ့က ငါးနှစ်ကောင်မိတော့ ငါးဟင်းချိုလုပ်တိုက်တယ် ။ သူ့သား ဟင်းချို ကို အားရပါးရသောက်နေတုံး သူ့အမေက ဘေးကနေထိုင်ကြည့်ပြီး ကြည်နူးမှုအပြည့်နဲ့ ။ တစ်ခါတစ်လေ သူ့သား စားထားတဲ့ အကြွင်းအကျန် ငါးရိုးလေးတွေ ယူစားတယ်။ ဒါကို မြင်ပြီး သူ့သား စိတ်မကောင်းတော့ ငါးအသားလေးဖဲ့ပြီး သူ့အမေကို ကျွေးတယ်။အဲ့အခါမှာသူ့အမေက ။ “စား .. ငါ့သား ..အမေ ငါး သိပ်မကြိုက်ဘူး..”တဲ့ ဒါသားသမီးဝမ်းဝစေချင်လို့ ကိုယ်တိုင်အနစ်နာခံတဲ့ မိခင်ရဲ့မုသားစကား။မုသားပင်ဖြစ်သော်လည်း ဒီမုသားက အဖြူရောင်မုသားထက်ကို ပိုဖြူသော ၅၂၈မေတ္တာများ ပါဝင်သော မုသားစကားလို့ထင်မိသည်။
အဆုံးသတ်အနေနဲ့ပြောရရင်တော့ ကျွန်တော်တို့သည်ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျောက် အဖြူရောင်မုသားပဲပြောပြော အမည်းရောင်မုသားပဲပြောပြော လိမ်ပြောပြီးပါက ကိုယ့်လိပ်ပြာကိုယ်မလုံဘဲ အပြစ်ရှိသလိုတော့ အနည်းနဲ့အများခံစားကြရပေမည်။အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရားရှင်က မုသားဆို နောင်ပြောင်ကျီစယ်ရုံမျှပင်မဆိုနှင့်ဟု ပြတ်သားစွာဆုံးမထားသောကြောင့်ဖြစ်သည်။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
Author : Dr 528