ဗီတာမင်စီဆိုတာ ရေမှာပျော်ဝင်သော ဗီတာမင်အမျိူးအစားထဲက တစ်ခုဖြစ်ပါတယ်။
ဗီတာမင်စီဓါတ်ကို ခန္ဓာကိုယ်ကနေ ထုတ်မပေးနိုင်ပါ။
ဒါကြောင့် ပြင်ပကနေစားမှပဲ ရနိုင်မယ့် ဗီတာမင်ဖြစ်ပါတယ်။
သဘာဝအတိုင်းရနိုင်သလို ဗီတာမင်စီကို အသက်အရွယ်အလိုက် လိုအပ်တဲ့ ပမာဏရရှိအောင် ထည့်သွင်းဖော်စပ်ပေးထားတဲ့ နို့မှုန့်တွေ၊ ဆေးဝါးတွေကနေလည်း ရနိုင်ပါတယ်။
ဟင်းသီးဟင်းရွက် သစ်သီးဝလံ အားလုံးနီးပါးဟာ ဗီတာမင်စီ ပါကြပါတယ်။ အထူးသဖြင့် အချဉ်ဓါတ်ကဲပြီး အရည်ရွှမ်းတဲ့အသီးတွေမှာဆို အများဆုံး ပါပါတယ်။ဘရိုကိုလီ၊ ကိုက်လန် စတဲ့အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များဟာလည်း ဗီတာမင်စီကြွယ်ဝပါတယ်။ သို့သော်တစ်ခုသတိထားရမှာက ဟင်းသီး ဟင်းရွက်တွေကို မီးဖိုပေါ်မှာအကြာကြီးချက်တာ၊ နွမ်းဖတ်နေအောင်ကြော်လှော် ချက်ပြုတ်ရင်တော့ အစကပါတဲ့ဗီတာမင်စီဓါတ်တွေဟာ မီးအပူနဲ့တွေ့ပြီး ဆုံးရှုံးသွားနိုင်ပါတယ်။
ဗီတာမင်စီရဲ့ကောင်းကျိူးတွေအများကြီးရှိပါတယ်။ အဲ့ထဲကမှအချို့ကိုတင်ပြချင်ပါတယ်။
အဓိကကတော့ ကော်လာဂျင် (collagen) နဲ့ပတ်သက်တာပါ။ ကော်လာဂျင်ဆိုတာ ပရိုတင်းတစ်မျိူးပါ။ သွေးကြောနံရံတွေ အရေပြားတွေ အင်္ဂါအစိတ်အပိုင်း (နှလုံး၊ အဆုတ်) စတာတွေမှာ ပါပါတယ်။ ခြုံပြောရရင် ခန္ဓာကိုယ်နေရာတကာမှာ ကော်လာဂျင်တွေရှိပါတယ်။ အရေပြားကိုတင်းနေအောင် လည်းလုပ်ပေးပါတယ်။ ဒီလိုအရေးပါတဲ့ ကော်လာဂျင် ကိုထုတ်လုပ်ရာမှာ ဗီတာမင်စီက မရှိမဖြစ် ပစ္စည်းပါ။ အဲ့ကော်လာဂျင်တွေ မပျက်စီးအောင် ရေရှည်ခိုင်အောင် ထိန်းဖို့အတွက်လည်း ဗီတာမင်စီလိုပါတယ်။
ဟိုးရှေးခေတ်တုန်းက အထူးသဖြင့် ပင်လယ်ပြင်မှာ လပေါင်းများစွာ ရွက်လွှင့်နေတဲ့ သဘောင်္သားတွေ မှာဆိုရင် ခံတွင်းမှာရေစီးကမ်းပြိုဖြစ်တာ၊ သွေးယိုတာ ၊ သွေးခြေဥလွယ်တာ၊ အရိုးအကြောတွေအားနည်းကုန်တာစတာတွေတအားဖြစ်ကြပါတယ်။ ဒါတွေဟာဗီတာမင်စီချို့တဲ့ပြီး သူတို့ခန္ဓာကိုယ်မှာ ကော်လာဂျင် မလုံလောက်တော့လို့ပါ။ဗီတာမင်စီမှာ ဖရီးရက်ဒီကယ်လိုအသိများတဲ့ အိုမင်းရင့်ရော်မှုကို ဖြစ်စေသောဓါတ်များကို ခုခံနိုင်တဲ့ အန်တီအောက်ဆီးဒင့် အစွမ်းတွေအများကြီး ရှိပါတယ်။ ထို့ကြောင့် အချိန်မတိုင်မီ အိုမင်း ရင့်ရော်မှု ကို ကာကွယ်ပေးပါတယ်။
ဗီတာမင်စီကို ပြင်ပလောကမှာ ကိုယ်ခံအားကိုတက်စေသော ဗီတာမင်အဖြစ်လည်း အသိများ ကြပါတယ်။
စိတ်ဖိစီးမှုများကို သက်သာစေသော ဟော်မုန်းများ ထုတ်လုပ်မှုတွင် ပါသည့်အတွက် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ကို သက်သာရာ ရစေပါတယ်။
ဗီတာမင်စီသည် အူမှ သံဓာတ် စုပ်ယူမှုကို အားပေးပါတယ်။ ဒါ့ကြောင့် သံဓာတ်နည်း သူများ နှင့် သွေး သွန်မှုကြောင့် သံဓာတ် ဆုံးရှုံးသူများ သည် ဗီတာမင်စီကို သောက်သုံးသင့်ပါတယ်။
ဒါ့အပြင် ဗီတာမင်စီဟာ အရိုးကြီးထွားရေးအတွက် လိုအပ်သော ဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။
နောက်ပြီးထိခိုက်ဒဏ်ရာ အနာတရဖြစ်ပွားပါက ဗီတာမင်စီကို လုံလုံလောက်လောက် စားပေးမယ်ဆိုရင် အနာကျက်မြန်စေပါတယ်။
ဒါတွေကတော့ ဗီတာမင်စီရဲ့ကောင်းကျိူးတွေပါ။
တစ်နေ့တာ ဗီတာမင်စီလိုအပ်ချက်ကတော့ အသက်အရွယ်နဲ့ ကျား/မ အပေါ်မူတည်ပြီးကွဲပြားပါတယ်။
အမျိူသားတွေမှာ ၉၀မီလီဂရမ်ဖြစ်ပြီး အမျိူးသမီးတွေမှာ ၇၅မီလီဂရမ် ဖြစ်ပါတယ်။
ကလေး ၄နှစ်က ၈နှစ် အထိ တစ်နေ့ကို ၂၅ မီလီဂရမ်၊ ၉နှစ်က ၁၃နှစ် ကလေးတွေမှာ ၄၅ မီလီဂရမ်၊ ဆယ်ကျော်သက်တွေမှာတော့ ၆၅-၇၅ မီလီဂရမ် အထိလိုအပ်ပါတယ်။
အရေးကြီးတဲ့ တစ်ချက်ကတော့ ကိုယ်ဝန်သည်တွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ ရောဂါဖြစ်နေတဲ့သူတွေမှာ ပိုလိုပါတယ်။
ဗီတာမင်စီကို လိုအပ်တာထက် အနည်းငယ် ပိုစားတာဟာ ကိစ္စသိပ်မရှိပေမယ့် တစ်နေ့လျှင် တစ်ထောင်မီလီဂရမ်ထက်တော့ ပိုမစားသင့်ပါဘူး။
ဗီတာမင်စီ နှစ်ထောင်မီလီဂရမ်ကို တစ်ကြိမ်တည်း သောက်သုံးလိုက်မယ်ဆိုရင်တော့ ဗိုက်နာတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာ စတဲ့ဆိုးကျိူးတွေကို ခံစားရနိုင်တယ်။ နောက်ပြီး ဗီတာမင်စီပမာဏကို လိုအပ်တာထက်များစွာ ရေရှည်စွဲသောက်ရင် ကျောက်ကပ်မှာ ကျောက်တည်ဖို့ အခွင့်အလမ်းများပါတယ်။ ဗီတာမင်စီ အလွန်အမင်းချို့တဲ့ရင်တော့ သွားဖုံးပျက်စီးပြီး ရေစီးကမ်းပြိုလိုက်တာ၊ သွေးယိုတာတွေ၊ အရေပြားနာ၊ အနီစက်ပေါ်တာတွေ လည်းဖြစ်နိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ ဗီတာမင်စီကို နေ့တိုင်းလိုအပ်တဲ့ပမာဏအတိုင်း စားပါက ကျန်းမာရေးကိုလွန်စွာ အထောက်အကူပြုကြောင်း ပြောချင်ပါတယ်။
Author : Dr. 528