ဗီတာမင် ဘီတူး
ရေမှာပျော်ဝင်တဲ့ ဗီတာမင် အမျိူးအစားပါ။ ဗီတာမင်ဘီတူးကို Riboflavin လို့လည်းခေါ်ပါတယ်။ အဲ့လိုခေါ်ရတဲ့အကြောင်းကတော့ ဘီတူးမှာ Ribitol လို့ခေါ်သော သကြားဓါတ် ပါဝင်တဲ့အတွက်ပါ။လူတစ်ယောက်ဟာနေ့စဉ် ဗီတာမင်ဘီတူးပမာဏ ၁ဒသာမ၈ မီလီဂရမ် လိုအပ်ပါတယ်။ ဗီတာမင်ဘီတူးဟာ ရေမှာပျော်ဝင်တဲ့အမျိူးအစားဖြစ်တဲ့အပြင် အစာလမ်းကြောင်းကလည်း အကန့်အသတ်နဲ့သာ စုပ်ယူတာကြောင့် ဘီတူးများပြီး ဘေးဥပါဒ်ဖြစ်တာမျိူး ဖြစ်ခဲပါတယ်။
ဘီတူးဟာ ကျန်းမာကြီးထွားဖိုု့ ၊ ဇီဝကမ္မလုပ်ငန်း ကောင်းဖို့ ၊ ကိုယ်ခံစွမ်းအား စနစ်ကောင်းဖို့ ထောက်ပံ့ပေးပါတယ်။ ထုံတာကျဉ်တာ၊ စိတ်သောကဖြစ်တာ၊ စိတ်ဖိစီးနွမ်းနယ်မှုတွေအတွက်လည်း ကောင်းပါတယ်။ တချို့သူတွေမှာ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် နှုတ်ခမ်းထောင့်လေးတွေမှာ အနာဖြစ်နေတာ မြင်ဖူးမှာပါ။ အဲ့ဒါ ဘီတူးချို့တဲ့လို့ ကျီးကန်းပါးစပ်နာဖြစ်တာပါ။ ဘီတူး ချို့တဲ့ရင် မျက်လုံးတွေပူတာ၊ လျှာတွေဖြူဖျော့သွားတာ ၊ လည်ချောင်းနာတာ၊ ဆံပင်ခြောက် အရေတွန့် နှင့် အရေပြား ယားယံတာပူစပ်စပ်ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခေါင်းကိုက်တာ၊ သတိမေ့လွယ်တာ၊သွေးအားနည်းတာ အစရှိသဖြင့်လည်း ဖြစ်နိုင်ခြေရှိပါတယ်။
အများအားဖြင့်တော့ ဗီတာမင်ဘီတူး ချို့တဲ့ခြင်းကို တွေ့ခဲပါတယ်။ ဘာလို့လဲဆိုတော့ ဗီတာမင်ဘီတူးဟာ အစားအစာအားလုံးနီးပါးမှာ ပါဝင်နေလို့ပါ။ ဗီတာမင် ဘီတူး ကြွယ်ဝတဲ့ အစားအစာတွေကတော့ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အသည်း၊ နှလုံး၊ ကျောက်ကပ် ( organ meats )များ၊ ဟင်းရွက်များ (vegetables )၊ ဥ ( eggs )များ၊ အစေ့အနှံများ ( cereals )၊ ပဲအမျိူးမျိူး၊ အသားငါး အမျိူးမျိူး တို့ဖြစ်ပါတယ်။
ဗီတာမင် ဘီသရီး
သူရဲ့medical name ကတော့ နိုင်ရာဆင်(Niacin)ပါ။ သူကလည်းပဲ ရေထဲမှာပျော်ဝင်တဲ့ ဗီတာမင်အမျိူးအစားပါ။ ပုံစံ၃မျိူးရှိပါတယ်။ Nicotinic acidရယ်၊ Niacinamide ရယ်၊ Inositol Hexaniacinate ဆိုပြီးတော့ပါ။ တစ်နေ့တာ လိုအပ်ချက်ကတော့ ၂၀မီလီဂရမ်ပါ။
နိုင်ရာဆင်ဟာ ကောင်းမွန်စွာ သွေးလည်ပတ်နိုင်ရန်နဲ့နှလုံးကျန်းမာဖို့အတွက် အရေးကြီးတဲ့ဗီတာမင် အမျိူးအစားဖြစ်ပါတယ်။ အထူးသဖြင့် သွေးထဲက အဆီဓါတ်တွေကို မျှအောင်ထိန်းပေးပါတယ်။ နောက်အာရုံကြောနဲ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေမှာလည်း နိုင်ရာဆင်က ပါဝင်ပါတယ်။ အရေပြားကိုလည်း အထောက်အကူပြုပါတယ်။
ဘီသရီး (နိုက်ရာဆင်) ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသား၊ ငါး၊ အာလူး၊ ပဲနီလေး၊ မှို အစရှိတာတွေဖြစ်ပါတယ်။ သို့သော် ပြောင်း၊ လူး၊ ဆပ်တွေမှာ ဘီသရီး (နိုက်ရာဆင်) မပါပါဘူး။ ဒါကြောင့် ပြောင်း၊ လူး၊ ဆပ် တွေကိုပဲ အခြေခံစားသုံးတဲ့ အာဖရိကမှာ ဘီသရီး(နိုက်ရာဆင်) ချို့တဲ့တာအဖြစ်များပါတယ်။
ဘီသရီး(နိုက်ရာဆင်)ချို့တဲ့ပါက ပလာဂရာ(Pellagra)လို့ခေါ်တဲ့ ရောဂါဖြစ်နိုင်ပါတယ်။ ပလာဂရာဆိုတဲ့ရောဂါမှာ လက္ခဏာ ၃ခုရှိပါတယ်။ အဲ့ဒါတွေကတော့ အရေပြားရောင်ရမ်းတာ(Dermatitis) ၊ ဝမ်းလျှောတာ(Diarrhea) နဲ့ မှတ်ဉာဏ်နည်းလာပြီး သတိမေ့တတ်လာတာ(Dementia) တို့ဖြစ်ပါတယ်။
ဘီသရီးဓါတ်ချို့တဲ့ပါက ပလာဂရာရောဂါအပြင် အစာမကြေခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ လျှာများနီပြီးကွဲခြင်း၊ ပါးစပ်နဲ့ အစာအိမ်အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အမြှေးပါးအချွဲလွှာ(Mucous Membrane)တွေ ရောင်ရမ်းပြီး သွေးယိုစီးတာ၊ အနာဖြစ်တာတွေလည်းဖြစ်နိုင်ပါတယ်။
အစားအစာကနေရတဲ့ နိုက်ရာဆင်ဓါတ်ဟာ လိုအပ်တာထက် ပိုစားသုံးလို့ ဘေးထွက်ဆိုးကျိုးမရှိသော်လည်း ယနေ့ခေတ်မှာ နိုက်ရာဆင်ဖြည့်စွက် ဆေးဝါးများလည်းပေါ်နေပြီမို့ အဲ့ဆေးတွေကိုအလွန်အကျွံစားမိရင်တော့ ပျို့အန်တာ။ အရေပြားမှာအနီကွက်တွေထတာ။ ခေါင်းကိုက်တာ၊ မူးနောက်နောက်ဖြစ်တာ၊ ဆီးချိုကိုပိုဖြစ်စေတာ (နိုက်ရာဆင်နဲ့နိက်ရာဆင်နမိုက်က သွေးတွင်းအချိုဓါတ်ကို တက်စေတာမျိူးဖြစ်နိုင်လို့ပါ) သွေးပေါင်ထိုးကျတာ စသဖြင့် ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။
Author : Dr. 528