ကြောင်လေးများ ၊ခွေးလေးများ မွေးထားသောသူများအနေနဲ့
မိမိတို့ အိမ်မွေးလေးများကို ချစ်လို့ မွေးထားတာအပြင် တခြား ဘာကျန်းမာရေး
အကျိုးကျေးဇူးတွေ ရလဲဆိုတာ သိချင်ကြမယ်လို့ ထင်ပါတယ် ။
(၁) စိတ်ဓာတ်အင်အား တိုးပွားစေခြင်း ၊စိတ်ဖိစီးမှုလျော့ချပေးခြင်း
-ကြောင်လေးများ ဆော့ကစားခြင်း ၊ခွေးကလေးများ ပွတ်တီးပွတ်သပ်လုပ်ခြင်း ၊ ငါးကလေးများ ရေကူးနေတာကို ကြည့်ခြင်းဖြင့် သင့်ခန္ဓာကိုယ်ထဲမှာ ဇီဝဓာတု ဖြစ်စဉ်များ ပြောင်းလဲမှုဖြစ်လာပါတယ်။ Stress စိတ်ဖိစီးမှုဖြစ်စေတဲ့ ကော်တီစုန်း ဟိုမုန်းလ်များကို အထွက်နည်းစေပါတယ်။ စိတ်ဖိစီးမှုကို လျော့ချစေတဲ့ ဆီရိုတိုနင် Serotonin ဟိုမုန်းလ်များကိုလည်း ထွက်စေပါတယ် ။
(၂) သွေးပေါင်တိုးခြင်းကို ထိန်းညှိပေးခြင်း
-အိမ်မွေးလေးများ မွေးထားခြင်းဖြင့် သွေးပေါင်များခြင်းနဲ့ နှလုံးခုန်မြန်ခြင်းကို ထိန်းညှိပေးတယ်လို့ လေ့လာသိရှိရပါတယ် ။
(၃) သွေးတွင်းအဆီဓာတ်ကို လျော့နည်းစေခြင်း
-အိမ်မွေးလေးများ မွေးထားသော ပိုင်ရှင်များတွင် သွေးတွင်းအဆီဓာတ်တွေဖြစ်တဲ့ Cholesterol နဲ့ triglyceride တွေကို လျော့နည်းစေတာတွေ့ ရတယ် ။ဘာကြောင့်နည်းစေတယ်ဆိုတာတော့ အတိအကျ မသိကြသေးပါ။ ဖြစ်နိုင်တဲ့အကြောင်းအရာတွေထဲက တစ်ခုက ခွေးကြောင်လေးတွေကို ကျောင်းရင်းနဲ့
ကိုယ်လက်လှုပ်ရှားမှု လုပ်ရတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။
(၄) နှလုံးကျန်းမာရေးကို ပိုမို ကောင်းမွန်စေခြင်း
-အိမ်မွေးတိရိစ္ဆာန်များ မွေးထားခြင်းသည် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အနှစ် ၂၀အောင် ကြာလေ့လာထားချက်အရ ကြောင်မွေးထားသောပိုင်ရှင်များတွင် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေသည် မမွေးထားသော သူများထက် ၄၀ ရာခိုင်နှုန်းခန့် နည်းပါးကြောင်း တွေ့ရှိရပါတယ် ။
(၅) စိတ်ဓာတ်ကျဆင်းမှုကို နည်းပါးစေခြင်း
-မိမိ အိမ်မွေး ခွေးများ ၊ကြောင်လေးများနဲ့ ဆော့ကစားခြင်း ၊ချော့မြူခြင်း ဖြင့် စိတ်ဓာတ်ကျဆင်းမှုကို လျော့နည်းစေပါတယ်။ သူတို့ရဲ့ ဝေယျာဝိစ္စများကို လုပ်ရတဲ့အတွက် မိမိတို့ရဲ့ အချိန်ကိုကုန်ဆုံးစေခြင်းဖြင့် စိတ်ဓာတ်ကျစရာတွေးဖို့ အချိန်တွေတောင် နည်းသွားနိုင်ပါတယ် ။
(၆) မိမိတို့ရဲ့ အားကစားလေ့ကျင့်ဖော် လေ့ကျင့်ဖက် အဖော်မွန်ကောင်းလေးများ
-မိမိ ခွေးလေး ကြောင်လေးများဖြင့် ၁ နေ့ နာရီဝက် တစ်ပတ် ၃ကြိမ်လောက် လမ်းလျှောက်ခြင်းသည် နှလုံးကျန်းမာရေးအတွက်ရော အထွေထွေကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ် ။
(၇) လေဖြတ်နိုင်ခြေ လျော့နည်းခြင်း
-အိမ်မွေးကလေးများ မွေးထားခြင်းဖြင့် စိတ်ဖိအားများ ၊ သွေးပေါင်တိုးခြင်းများ ၊ သွေးတွင်းအဆီဓာတ်များပြားခြင်းများ လျော့နည်းစေတာရယ် ၊သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေတာတို့ရယ်ကြောင့် လေဖြတ်နိုင်ခြေလျော့နည်းတာကို လေ့လာတွေ့ရှိရပါတယ် ။
(၈) ဓာတ်မတည့်ခြင်းကို ခံနိုင်ရည်ရှိလာခြင်း
-ငယ်ငယ်ကလေးကတည်းက ခွေးတွေကြောင်တွေ မွေးထားတဲ့ အိမ်မှာ ကြီးပြင်း လာတဲ့ ကလေးတွေသည် တခြားကလေးတွေထက်စာရင် ဓာတ်မတည့်ခြင်းကိုပိုမို ခံနိုင်ရည်ရှိလာတယ်လို့ ဆိုကြပါတယ် ။
(၉) နာတာရှည် ကိုယ်လက်နာကျင်ကိုက်ခဲခြင်းများကို သက်သာစေခြင်း
-ခွေးလေးကြောင်လေးများကို ထွေးပွေ့ထားက သူတို့ကိုယ်က ထွက်တဲ့ ကိုယ်အပူကြောင့် သွေးလည်ပတ်မှုတွေကောင်းကာ နာတာရှည် ကိုက်ခဲမှုများကို သက်သာစေပါတယ် ။
(၁၀) ဆီးချိုရောဂါသည်ရဲ့ ကျန်းမာရေး
-ဆီးချိုရောဂါသည်တွေရဲ့ ခွေးလေးများသည် အကြောင်းအမျိုးမျိုးကြောင့် သူတို့သခင်တွေရဲ့ သွေးတွင်းအချိုဓာတ်လျော့နည်းမှုကို သိရှိနိုင်ကြတယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် သွေးတွင်းအချိုဓာတ်နည်းလာတဲ့အခါ ထွက်လာ ဓာတုပစ္စည်းများရဲ့ အနံ့ကို ခံကာ သူတို့သခင်ကို အချိုစားဖို့လိုနေပြီဖြစ်ကြောင်း တစ်နည်းနည်းနဲ့ အသိပေးတတ်ကြပါတယ် ။
(၁၁) တခြားကျန်းမာရေး အထွေထွေ
-ခွေးလေးများကို သေချာ လေ့ကျင့်ပေးထားက မျက်စိအမြင်ချို့တဲ့သူများကို လမ်းပြပေးတဲ့နေရာမှာ ၊အတက်ရောဂါရှိသူများ တက်တဲ့အခါ ပတ်ဝန်းကျင်ကို ဟောင်ပြီးသတိပေးတဲ့နေရာမှာ စတဲ့ တခြားကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွေမှာလည်း အားကိုးရပါတယ် ။
ဒါကြောင့် အိမ်မွေး တိရိစ္ဆာန်ကလေးများ မွေးထားခြင်းသည် မိမိတို့ရဲ့ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေပါတယ် ။
Author: ခေတ်သစ် ဇီဝက