ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ရာသီဥတုများဖောက်ပြန်လာသည်ကို လူတိုင်းခံစားနေရပါပြီ။ အပူအအေးမမျှတခြင်း၊ လွန်ကဲ ခြင်း၏ နောက်ဆက်တွဲကျန်းမာရေးပြဿနာများသည် မသေးလှပါ။
“မနှစ်ကထက် ပိုပူတယ်ဟေ့´´
“ပူလိုက်တာ၊ ဘယ်လိုနေရမှန်းကို မသိဘူး´´
“အရှင်လတ်လတ် ငရဲပြည်ရောက်နေသလိုပဲ´´
“ပူ ကလည်းပူ၊ မီးကလည်းပျက်တဲ့အခါများ ဘယ်လိုနေရမှန်းတောင် မသိဘူး´´
ဆိုတဲ့စကားသံများ အခုလိုနွေရာသီတွင် ဆက်တိုက်ကြားရပါဦးမည်။
တစ်နှစ်ထက် တစ်နှစ် ပိုပူလာသည်ကတော့ အမှန်ပင်၊ ယခင်ကအညာဒေသ၊ မြေလတ်ဒေသကလူများသာ အပူဒဏ်ကို ခါးစည်းခံရခဲ့သော်လည်း ယခုနှစ်များတွင်တော့ ရန်ကုန်သူ/ ရန်ကုန်သားများလည်း အပူဒဏ်၏အရသာကို ကောင်းကောင်းခံစားနေရပါပြီ။ နောက်နှစ်လ၊ သုံးလ ဆက်ခံစားရပေဦးမည်။
အပူဒဏ်ကြောင့်ဖြစ်ရသော နောက်ဆက်တွဲကျန်းမာရေးပြဿနာများ
အပူလောင်ကွက်များ ဖြစ်ပေါ်ခြင်း
ခန္ဓာကိုယ်ရှိချွေးပေါက်များပိတ်၍ ယားယံခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းနှင့်အတူ အနီကွက်များပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ခေတ္တယာယီပြဿနာဖြစ်ပါသည်။
အပူဒဏ်ကြောင့်ကြွက်သားသားများ တောင့်တင်းနာကျင်ခြင်း
ချွေးထွက်များခြင်းကြောင့် ခန္ဓာကိုယ်မှရေနှင့် ဓာတ်ဆား ဓာတ်များ (အထူးသဖြင့် ဆိုဒီယမ်) ဆုံးရှုံးမှုများ၍ ကြွက်သားများ တောင့်တင်းနာကျင်ခြင်းဖြစ်ပါသည်။
အပူဒဏ်ကြောင့် ကြွက်တက်ခြင်း
ပူလောင်သောပတ်ဝန်းကျင်နေရာတွင် ကြာရှည်မတ်တတ်ရပ်ခြင်း၊ ထိုင်ခြင်းများကြောင့် ခြေထောက်များဖောရောင်လာခြင်း ဖြစ်ပါသည်။
အပူဒဏ်ကြောင့် ရုတ်တရက်မူးမေ့ခြင်း
အပူဒဏ်ကြောင့် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများကျယ်လာပြီး သွေးများ၊ ခန္ဓာကိုယ်တွင်းမှအရည်များ ခန္ဓာကိုယ်အောက်ပိုင်းသို့ ရွေ့လျားသွားခြင်းကြောင့်ဖြစ်ပါသည်။
အပူလျှပ်ခြင်း
ပူလောင်သောဝန်းကျင်တွင် အလုပ်ကြာရှည်လုပ်ခြင်း၊ အားကစားလုပ်ခြင်းတို့ကြောင့် ဆုံးရှုံးသွားသောရေနှင့် ဓာတ်ဆားများကို လိုအပ်သလောက်ပြန်လည်မဖြည့်တင်းနိုင်သည့်အခါ တဖြည်းဖြည်းချင်း အရည်ဓာတ်ချို့တဲ့မှုကြောင့်ဖြစ်ရပါသည်။
အပူဒဏ်ကြောင့် အပြင်းအထန်နာမကျန်းဖြစ်ခြင်း
အရေးပေါ်ကုသမှုလိုအပ်သော အခြေအနေတစ်ခုဖြစ်ပါသည်။ ခန္ဓာကိုယ်အပူဓာတ်ကို ထိန်းညှိပေးသည့်စနစ် ချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်အပူချိန် တဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံ ခန္ဓာကိုယ်အပူချိန် ၁၀၄-၁၀၅ ဒီဂရီ ဖာရင်ဟိုက်၊ သို့မဟုတ် ထိုထက်ပိုဖျားတတ်ပါသည်။
အထက်ပါ ကျန်းမာရေးပြဿနာများအနက် အပူလျှပ်ခြင်း (Heat Exhaustion) နှင့် အပူဒဏ်ကြောင့် အပြင်းအထန်နာမကျန်းဖြစ်ခြင်း (Heat Stroke) တို့သည် အရေးကြီးသော ကျန်းမာရေးပြဿနာများဖြစ်ပါသည်
အပူလျှပ်ခြင်း
ပူပြင်းသောနေရာ၊ နေပူထဲတွင် အလုပ်လုပ်ခြင်း၊ ကစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ကြောင့် ချွေးထွက်များပြီး ခန္ဓာကိုယ် အရည်ခန်းခြောက်ခြင်းနှင့် ခန္ဓာကိုယ်အပူချိန်မြင့်တက်လာခြင်းတို့ ဖြစ်ပါသည်။ ခန္ဓာကိုယ်အပူချိန်သည် ၁၀၄ ဒီဂရီဖာရင်ဟိုက်၊ သို့မဟုတ် ၄၀ ဒီဂရီစင်တီဂရိတ်ထက်မများပါ။
လက္ခဏာများ
– ချွေးထွက်များခြင်း၊
– ဖြူဖပ်ဖြူရော်ဖြစ်ပြီး ခြေဖျားလက်ဖျားအေးခဲခြင်း၊
– ကြွက်သားများတောင့်တင်းခြင်း၊ နာကျင်ခြင်း၊
– ခေါင်းမူးခြင်း၊ ခေတ္တမူးမေ့ခြင်း၊
– ခေါင်းကိုက်ခြင်း၊
– ရေငတ်ခြင်း၊
– ခြေကုန်လက်ပန်းကျခြင်း၊
– ပျို့အန်ခြင်း၊
– သွေးခုန်နှုန်းမြန်ခြင်း၊
– ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း (အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက်၊ သို့မဟုတ် ၄၀ ဒီဂရီစင်တီဂရိတ်ထက်မပိုပါ)
အပူလျှပ်သူများကို အိမ်တွင်ပြုစုကုသမှုပေးရမည့်အချက်များ
– လှုပ်ရှားမှုမလုပ်ဘဲ ငြိမ်၍နားနေပါ။
– အရိပ်ရှိသောနေရာ၊ အေးသောနေရာတွင်နားနေပါ။
– အရည်များများသောက်ပါ။
– ဓာတ်ဆားရည်သောက်ပါ။
– အဝတ်ပါးပါး၊ ချောင်ချောင်ဝတ်ပါ။
– ရေပတ်အုပ်ပါ။
(အရက်၊ သို့မဟုတ် ကဖိန်းဓာတ်ပါသောအရည်၊ ဖျော်ရည် များမသောက်ပါနှင့်)
အပူလျှပ်သောသူများ အောက်ပါလက္ခဏာများ တစ်ခုခုရှိပါက အရေးပေါ်ဆေးကုသမှုခံယူနိုင်ရန် နီးရာဆေးရုံသို့ အမြန်သွားသင့်ပါသည်။
– သတိလစ်ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊
– ရင်ဘတ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း၊
– အရည်မသောက်နိုင်ခြင်း၊
– ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဒီဂရီဖာရင်ဟိုက်၊ သို့မဟုတ် ထိုထက်ပိုများလာခြင်း၊
– အခြားကျန်းမာရေးပြဿနာတစ်ခုခုရှိနေသူများ
– ခန္ဓာကိုယ်အပူဒဏ်လျော့နည်းရန်ပြုလုပ်သော်လည်း သက်သာမှုမရှိသူများ
အပူဒဏ်ကြောင့် အပြင်းအထန်နာမကျန်းဖြစ်ခြင်း
– အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်ပြီး အသက်အန္တရာယ်ပေးခြင်း၊ သို့မဟုတ် ပြင်းထန်သောနောက်ဆက်တွဲ ကျန်းမာရေးပြဿနာများဖြစ်ခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။
– အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သည့်အခြေအနေတစ်ခုဖြစ်ပါသည်။
– ခန္ဓာကိုယ်၏ အပူဓာတ်ထိန်းချုပ်မှုစနစ် ပျက်စီးသွားခြင်းကြောင့်လည်းကောင်း၊ ပူလောင်သောပတ်ဝန်းကျင်နေရာတွင် ပြင်းထန်စွာလှုပ်ရှားမှုပြုလုပ်၍လည်းကောင်း ဖြစ်နိုင်ပါသည်။
– အသက်ငယ်သောကလေးငယ်များ၊ အထူးသဖြင့် အသက် လေးနှစ်အောက်ကလေးငယ်များ၊ အဝလွန်သူများ၊ အသက်အရွယ်ကြီးရင့်သူများ ပို၍ဖြစ်တတ်ပါသည်။
လက္ခဏာများ
– သတိလစ်ခြင်း၊ တက်ခြင်း၊
– ပြင်းထန်စွာ ခေါင်းမူးခြင်း၊ အမြင်ဝေဝါးခြင်း၊ ဂယောင် ချောက်ချားဖြစ်ခြင်း၊ မေ့မြောသွားခြင်း၊
– အရေပြားများခြောက်သွေ့ပူလောင်ခြင်း၊
– ပထမပိုင်းတွင် သွေးပေါင်ချိန်အနည်းငယ်တက်သော် လည်း သွေးပေါင်ချိန်ကျလာခြင်း၊
– အသက်ရှူမြန်ခြင်း၊
– ခန္ဓာကိုယ်အပူချိန် ၁၀၅ ဒီဂရီဖာရင်ဟိုက်၊ သို့မဟုတ် ထိုထက်ပိုများခြင်း၊
– အန်ခြင်း၊ ဝမ်းသွားခြင်း၊
– ပြင်းထန်သောအရည်ခန်းခြောက်မှုလက္ခဏာများရှိခြင်း။
အရေးပေါ်ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံသွားပါ။ ထိုသို့ ဆေးရုံသွားရန် ပြင်ဆင်နေချိန်အတွင်း အောက်ပါအတိုင်းအိမ်တွင် ပြုစုပါ။
– အဝတ်အစားပါးပါးချောင်ချောင်ဝတ်ပေးပါ။
– အေးသောနေရာသို့ရွှေ့ထားပါ။ အဲယားကွန်း၊ ပန်ကာ ဖွင့်ပေးပါ။
– ရေပတ်တိုက်ပါ၊ ရေကန်ထဲစိမ်ပါ။ (သတိရသည့်အခါ)
– အရည်သောက်နိုင်ပါက အရည်များများတိုက်ပါ။ ဓာတ်ဆားရည်တိုက်ပါ။
အပူဒဏ်ကြိုတင်ကာကွယ်ရန်
အပူဒဏ်ကြောင့် မလိုလားအပ်သောအကျိုးဆက်များ မဖြစ်ပေါ်စေရန် အောက်ပါအချက်အလက်များကိုလိုက်နာရန် လိုအပ်ပါသည်။
– နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီး ခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ်စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရအေးမြသောနေရာများတွင်နေပါ။
– နေပူထဲမှပြန်လာပြီးချက်ချင်းရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။
– နေပူထဲတွင် ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများ မပြု လုပ်သင့်ပါ။
– အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကိုဖြစ်ပေါ် လွယ်စေခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာခံစားရခြင်းတို့ကြောင့် ရှောင်ကြဉ်သင့်ပါသည်။
– နေ့ခင်းဘက်အပြင်ထွက်သည့်အခါတိုင်း အရိပ်လုံလောက် စွာရရှိနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းပါ။
– အလင်းရောင်ပြန်သော အဖြူရောင်၊ သို့မဟုတ် အရောင် ဖျော့ဖျော့အဝတ်အထည်များကို ဝတ်ဆင်ပါ။
– ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ပါ။
– ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိရေနှင့် ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရည်သောက်ပါ။
– ကိုယ်အပူချိန်တက်ပါက ရေအေးဖတ်နိုင်နိုင်တိုက်ပါ။
– ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် နေ့လယ်နေ့ခင်းတွင် အရိပ်ရ၍ လေဝင်လေထွက်ကောင်းသောနေရာမျိုး၌ နားနေပါ။
– မိတ်ဖု၊ ယားနာများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။
– အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန် တက်ခြင်း၊ သတိလစ်ခြင်းနှင့် အတက်ရောဂါဖြစ်ပါက နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးခန်း၊ ဆေးရုံတွင်ပြသပါ။
အထက်ပါအချက်များကို စနစ်တကျလိုက်နာခြင်းဖြင့် ပူပြင်းသောနွေရာသီ၏ဆိုးကျိုးများကို အကောင်းဆုံးရင်ဆိုင်နိုင်ကြပါစေ။
Author- -ဒေါက်တာထက်ဝေ