ဇီဝကတို့လို အပူချိန်နည်းနည်းကဲတဲ့ တိုင်းပြည်တွေမှာ အပူဒဏ် သက်သာအောင် လူတွေသည် မိမိတို့ အဆင်ပြေတဲ့နည်း အမျိုးမျိုးနဲ့ ကြိုးစားနေထိုင်လျက်ရှိကြပါတယ်။ သစ်ရိပ် ဝါးရိပ်အောက်နေတာတွေ ၊ ယပ်တောင်ခပ် ၊ ပန်ကာခံ ၊ အဲယားကွန်းတပ်စသဖြင့်ပေါ့။ ခုဆို မြို့နေလူထုတော်တော်များများ အဲယားကွန်းကို အသုံးပြုလာကြတာ နှစ်အတန်ကြာခဲ့ပါပြီ။ ဒါကြောင့် ဇီဝကတို့ အသုံးပြုလျက်ရှိတဲ့ အဲယားကွန်းနဲ့ ကျန်းမာရေးအကြောင်း ပြောပြချင်ပါတယ်။
နိုင်ငံရပ်ခြားမှာ ရှိတဲ့ ရောဂါကာကွယ်ရေးနဲ့ နှိမ်နင်းရေး စင်တာအများစုက အခုလို ဆိုထားကြပါတယ်။ အဲယားကွန်းနဲ့ လေအေးပေးခြင်းဖြင့် အပူချိန်မြင့်မားခြင်းနဲ့ စပ်ဆိုင်တဲ့ ရောဂါများနဲ့ သေဆုံးခြင်းများကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။ အပူဒဏ်ကို အသက် ၄နှစ်အောက် ၊ ၆၅နှစ်အထက် နဲ့ နာတာရှည် ရောဂါကို ခံစားနေရသူတွေ ၊ အဝလွန်သူတွေ ပိုမိုခံစားရပါတယ်။
ဒါကြောင့် အပူဒဏ် သက်သာစေဖို့ အဲယားကွန်းနဲ့ လေအေးခံသင့်သလို ရေများများ သောက်သုံးသင့်ပါတယ်။ အဲယားကွန်းဖွင့်ထားခြင်းဖြင့် အခန်းတွင်း စိုထိုင်းဆကို လျော့ချပေးတဲ့အတွက် အိမ်တွင်းပေါက်တတ်တဲ့ မှိုပိုးများ ၊ အမှုန်အမွှားများ ဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ ဒါ့အပြင် အဲယားကွန်းဖွင့်ထားရင် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များမှတဆင့် ထွက်ရှိသော လေကတဆင့် ဝင်ရောက်လာတဲ့ ပန်းဝတ်မှုန်များကို စစ်ထုတ်ပေးပါတယ် ။
ဒါကြောင့် ရင်ကြပ်ပန်းနာရှိသူများ ခဏ ခဏ ထမကြပ်အောင် ကာကွယ်ပေးပါတယ်။ အဲယားကွန်းအသုံးပြုခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူ
ပေးနိုင်သလို ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။ အဲယားကွန်းထဲမှာ စိုထိုင်းဆများသဖြင့် သေချာ မစစ်ဆေးဘဲ ရေရှည်အသုံးပြုရင် အဲယားကွန်းသည် ပိုးမွှားတို့ ပျော်စံရာနေရာ ဖြစ်လာပါတယ်။
အထူးသဖြင့် Legionella ဆိုတဲ့ ပိုးတွေဟာ မသန့်တဲ့ အဲယားကွန်းစက် တွေထဲမှာ ပေါက်ပွားတတ်ပါတယ်။ ထိုပိုးကူးစက်ခံရရင် ပြင်းထန် အဆုတ်ရောင်နာ ဖြစ်ပွားတတ်ပါတယ်။ Occupational Health Journal က အဲယားကွန်း လေအေးပေးစက်တွေသည် Sick Building ဝေဒနာစုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ထိုဝေဒနာ ခံစားရသူတွေသည် ခေါင်းမူးခြင်း ၊မျက်လုံးများ ယားခြင် ၊အာခေါင်ခြောက်ခြင်း ၊ပျို့ခြင်း စတာတွေ ခံစားရပါတယ်။ ဒါကြောင့် လေအေးပေးစက် အသုံးပြုသူတွေအနေနဲ့ သတိရှိစေချင်ပါတယ် ။
ဒါကြောင့် လေအေးပေးစက် အဲယားကွန်းတွေကို စနစ်တကျ အသုံး ပြုသင့်ပါတယ်။ လေအေးပေးစက်တွေကို ပုံမှန် စစ်ဆေးပါ။ Air filter များကို ပုံမှန်လဲပါ။ Exhaust fan များကို ပုံမှန်စစ်ဆေးပါ ။လေအေးပေးစက်များ အနီးအနားတွင် သန့်စင် ဆေးရည်များ ၊အိမ်သုတ်ဆေးများ နဲ့ ဓာတုပစ္စည်းများ ထားခြင်းရှောင်ပါ။ ဘာလို့လဲဆိုရင် မီးခိုးမှုန်တွေ ထွက်လာနိုင်လို့ပါ ။
Author : ခေတ်သစ် ဇီဝက