ကျန်းမာဖို့အတွက် အကျိုးပြုတာမဟုတ်ဘဲ အလှအပရေးရာအတွက် ငှက်ပျောသီးဟာ များစွာအကျိုးပြုပါတယ်။ ခန္ဓာကိုယ်ကို စွမ်းအားတွေ ချက်ချင်းပြည့်လာနိုင်သလို သဘာဝ သကြားဓာတ်တွေ ဖြစ်တဲ့ ဂလူးကို့စ်၊ ဖရပ်တို့စ်နဲ့ ဆူးကရို့စ်စတာတွေ ပါဝင်ပြီး အမျှင်ဓာတ်တွေနဲ့ ပေါင်းတဲ့အတွက် ခန္ဓာကိုယ်ကို အားအင်တွေ ဖြစ်စေနိုင်သလို အဲဒီအားအင်တွေ တာရှည်ရှိစေဖို့လည်း ပြုလုပ်ပေးပါတယ်။ ခန္ဓာကိုယ်တွင်း အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကို အာဟာရ ဖြစ်စေတဲ့ ဓာတ်တွေပါဝင်ပြီး သွေးတွင်းသကြားဓာတ် အဆင့်ကို ထိန်းသိမ်းရာမှာ ကူညီပေးတဲ့ ဗီတာမင် B6 ပါဝင်ပါတယ်။ B6 ဟာခန္ဓာကိုယ်မှာ ပရိုတင်းတွေ တည်ဆောက်ဖို့၊ အာရုံကြောနှင့်ခုခံအားဆဲလ်တွေအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ ကျန်းမာလှပမှုတွေကို ငှက်ပျောသီးကဘယ်လိုစွမ်းဆောင်ပေးသလဲဆိုရင်….
ငှက်ပျောသီးမှာ ထရိုင်တိုဖန်နဲ့ အမီနိုအက်ဆစ်တွေ ပါဝင်တာကြောင့် စိတ်ခံစားမှုကို ကောင်းစေပြီး စိတ်ဓာတ်ကျဆင်းမှုနှင့် စိတ်ဖိစီးမှုတွေကို သက်သာရာရစေပြီး လူကိုလန်းဆန်းစေပါတယ်။ ပိုတက်စီယမ်ဓာတ်တွေ အမြောက်အများ ပါဝင်တဲ့အတွက်လည်း နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက်ညီအောင် ညှိပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ကို ကြည်လင်စေပြီး မှတ်ဉာဏ်ကို ဖွံ့ဖြိုးစေပါတယ်။
ငှက်ပျောသီးကို ဆေးလိပ်ဖြတ်တဲ့နေရာမှာလည်း အထောက်အကူပြုပါတယ်။ ဗီတာမင် B6, B12, ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်များစွာပါဝင်တာကြောင့် နီကိုတင်းဖြတ်လိုက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို မြန်မြန်ကောင်းအောင် ကူညီဖြည့်တင်းပေးပါတယ်။အမျိုးသမီးတွေ ရာသီမလာခင် ခံစားရတဲ့ဝေဒနာတွေကို ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်က လျော့ပါးသက်သာစေတဲ့အပြင် သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ငှက်ပျောသီးမှာပါတဲ့ သံဓာတ်တွေဟာ ခန္ဓာကိုယ်တွင် ဟေမိုဂလိုဘင် ကြီးထွားဖို့ လှုံ့ဆော်နိုင်တာကြောင့် သွေးအားနည်းရောဂါအတွက် သင့်တော်တဲ့အပြင် သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဘင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးလို့ ပျိုမေတို့အတွက် ရာသီလာပြီးချိန်မှာ ကုန်ခမ်းသွားတဲ့ ဟေမိုဂလိုဘင်တွေကို ပြန်လည်ဖြည့်ဆည်းပေးပါတယ်။
ငှက်ပျောသီးမှာပါတဲ့ အမျှင်ဓာတ်တွေက အူလမ်းကြောင်းကို ကောင်းမွန်စေပြီး အူမကြီးရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လည်ပတ်အောင် ကူညီပေးနိုင်ပါတယ်။ Pectin လို့ခေါ်တဲ့ ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ်တွေကလည်း အစာလမ်းကြောင်းတစ်လျှောက် ပုံမှန်ရွေ့လျား အလုပ်လုပ်အောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် ဝမ်းပုံမှန်သွားဖို့အတွက်ဆိုရင် ငှက်ပျောသီးကို ပုံမှန်စားသုံးသင့်ပါတယ်။ အစာစားပြီးနောက် ငှက်ပျောသီးကို စားသုံးရင် ခန္ဓာကိုယ်က မလိုအပ်တဲ့ဓာတ်တွေကို လောင်ကျွမ်းစေနိုင်ပြီး အသားအရည်ကျစ်လစ်ကာ အဆီကျစေပါတယ်။ ဒါပေမယ့် အစာမရှိတဲ့အချိန်မှာ ငှက်ပျောသီးကို စားမိရင်တော့ သူ့မှာပါတဲ့ ကယ်လိုရီဓာတ်တွေက လူကိုဝလာစေပါတယ်။
ငှက်ပျောသီးဟာ အတွင်းသားတင်မကဘဲ အခွံမှာပါ အကျိုးပြုဓာတ်တွေ ပါဝင်ပါတယ်။ ပျိုမေတို့ရဲ့ မျက်နှာကို ကြည်လင်စေပြီး အပြစ်အနာအဆာကင်းချင်တယ်ဆိုရင် ငှက်ပျောခွံနဲ့ မျက်နှာကို ပွတ်ပေးနိုင်ပါတယ်။ ဝက်ခြံရှိသူတွေ အတွက် ပိုမိုကောင်းမွန်ပြီး အလွယ်တကူ ပျောက်ကင်းတာကို တွေ့ပါလိမ့်မယ်။ ဒါ့အပြင် ငှက်ပျောသီးကို ကြိတ်ချေပြီး မျက်နှာကို လိမ်းကာပေါင်းတင်နိုင်ပါသေးတယ်။ မျက်နှာကိုလိမ်းပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်ထားကာ မျက်နှာသစ်ချပါ။ ပုံမှန်လေးလုပ်သွားရင် မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်ကာ အသားအရေကို ကြည်လင်ဝင်းပလာပြီး အမာရွတ်တွေကိုပါ ပျောက်ကင်းစေပါတယ်။
ဒါ့အပြင် ငှက်ပျောသီး ၁ လုံး ထောပတ်သီး ၁ လုံးကို ရောပြီး ကြိတ်ချေကာနယ်ပေးပြီး နွားနို့စစ်စစ် ၂ ဇွန်း ရောထည့်မွှေကာမျက်နှာနှင့်ခန္ဓာကိုယ်အရေပြား တွေကို လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီးမှ ရေနဲ့ ဆေးကြောလိုက်ရင် အရေပြားနူးညံ့ပြီး ဝင်းပလာပါလိမ့်မယ်။
ငှက်ပျောသီးရဲ့ အခြားကောင်းကျိုးတွေက များစွာသော ပိုတက်စီယမ်နဲ့ အလွန်နည်းလှတဲ့ ဆိုဒီယမ်ကြောင့် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ငှက်ပျောသီး ပုံမှန်စားတဲ့ အသက်ကြီးသူတွေဟာ အမြင်အာရုံဆုံးရှုံးစေတဲ့ မက်ကူလာ ပျက်စီးယိုယွင်းမှု ဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းဒြပ်ပေါင်း Phenolic ကြောင့် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ပုံမှန်စားပေးရင် ကျောက်ကပ်ကျန်းမာရေးကို ကူညီနိုင်ပါတယ်။ သဘာဝအက်ဆစ်ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ရင်ပူတာကို ခံစားနေရသူတွေဟာ လေဆေးမသောက်ဘဲ ငှက်ပျောသီး စားပေးနိုင်ပါတယ်။
နေ့စဉ်ပုံမှန် ငှက်ပျောသီး စားသုံးခြင်းက လေဖြတ်ရောဂါကြောင့် သေဆုံးနိုင်ခြေကို ၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်။
သတိပြုရမယ့်အချက်က ငှက်ပျောသီးဟာ မဂ္ဂနီစီယမ် ကြွယ်ဝတဲ့အတွက် အစာအိမ်မှာ အစာမရှိတဲ့အချိန် စားမိရင်တော့ သွေးထဲမှာ မဂ္ဂနီစီယမ်ဓာတ် မြင့်တက်လာပြီး သွေးလည်ပတ်နှုန်းကို မြန်စေတဲ့အတွက် ရုတ်တရက် နှလုံးရပ်တန့်တာတွေ၊ မူးမေ့တာတွေ ဖြစ်တတ်တာကိုတော့ သတိထားစေချင်ပါတယ်။ အစာစားပြီးနောက် ငှက်ပျောသီးစားသုံးရင်တော့ ခန္ဓာကိုယ်က မလိုလားအပ်တဲ့ဓာတ်တွေကို လောင်ကျွမ်းပေးလို့ အစာစားပြီးချိန်မှာ ငှက်ပျောသီးကို စားပေးသင့်ပါတယ်။
ကဲ … ငှက်ပျောသီးရဲ့ ကောင်းမွန်တဲ့ အကျိုးပြုချက်တွေကို လေ့လာပြီးရင်တော့ ခန္ဓာကိုယ်တွင်း ကျန်းမာဖို့အတွက်ရော ပျိုမေတို့ အလှအပအတွက်ပါ လို အပ်သလို အသုံးချလို့ လှပကျန်းမာတဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ ။
Author: ရွှေနန်းစံ, Healthcare Journal, vol 8,no 25