ဖြည့်စွက်စာဆိုတာ ယနေ့ခေတ်မှာ နေရာတိုင်းပတ်ဝန်းကျင်တိုင်းမှာ တွေ့မြင်နေရပါတယ်။ ခုဆိုဖြည့်စွက်စာအနေနဲ့ ထုတ်လုပ်ထားတဲ့ဆေးတွေ တော်တော်များများ တွေ့နေရပါတယ်။ ခုဖော်ပြမယ့်ဖြည့်စွက်စာကတော့ အလွယ်တကူရနေတဲ့ အစားအသောက်တွေထဲကပါပဲ။ ပြောရမယ်ဆိုရင်တော့ အုန်းဆီ၊ ချောကလက်၊ ထောပတ်၊ ထောပတ်သီး၊ ဝိုင်နီ၊ ပန်းသီးရှာလကာရည်၊ ကော်ဖီနဲ့ လိမ္မော်ရည်စတဲ့ အစားအသောက်တွေကို ဖြည့်စွက်စာအနေနဲ့ သင့်တင့်မျှတစွာ စားသုံးပေးသင့်ပါတယ်။
(၁) အုန်းဆီ
လူတွေရဲ့ သုံးပုံတစ်ပုံနီးပါးက အုန်းဆီဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ဆိုကြပါတယ်။ အုန်းဆီဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ဆိုကြပါတယ်။ အုန်းဆီဟာ ခန္ဓာကိုယ်အကျိုးပြုတဲ့ ကိုလက်စထရောကို ထောက်ပံ့ပေးတဲ့အတွက် နှလုံးရောဂါကို သက်သာစေခြင်းအပြင် အဆစ်ရောင်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ ဆီးချိုရောဂါတွေအတွက်လည်း ကောင်းမွန်စေတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာ မှန်ပါတယ်။
အမေရိကန် နှလုံးရောဂါကာကွယ်ရေးအဖွဲ့ ကလည်း အုန်းဆီစားတာကို ထောက်ခံပါတယ်။ ဒါပေမယ့် အုန်းဆီမှာ ပြည့်ဝဆီ ၈၁ ရာခိုင်နှုန်း အထိပါတဲ့အတွက် ကောင်းမွန်တဲ့ ကိုလက်စထရောသာမက ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောတွေလည်း ပါဝင်နေပါတယ်တဲ့။ ကိုလက်စထရောတွေ ပါတဲ့အတွက် အလွန်အကျွံတော့ မစားသုံးသင့်ပါဘူး။ အုန်းဆီကို လုံးဝမစားတာထက်စာရင် နည်းနည်းတော့ စားပေးရပါမယ်။ တစ်နေ့ကို ဟင်းခတ်ဇွန်းတစ်ဇွန်းစာပမာဏ စားသုံးပေးခြင်းအားဖြင့် အထက်မှာဖော်ပြခဲ့သလို နှလုံးရောဂါ၊ အဆစ်ရောင်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ ဆီးချိုရောဂါတွေကို သက်သာစေမှာပါ။
(၂) ချောကလက်
ချောကလက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါတဲ့အတွက် နှလုံးရောဂါအန္တရာယ်ကို ကာကွယ်ပေးပါတယ်။ လေဖြတ်ရောဂါကို ကာကွယ်ပေးတဲ့အပြင် မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုတွေကိုလည်း ကောင်းမွန်သလို အရွယ်တင်နုပျိုစေပါတယ်။ အချိုအရသာနဲ့ နို့တွေနဲ့ပြုပြင်ထားတဲ့ ချောကလက်ထက် ခါးသက်သက် မည်းမည်းချောကလက်ကသာ ကျန်းမာရေးအတွက် ပိုကောင်းတာပါ။ ချောကလက်အရောင်မည်းလေလေ ကျန်းမာရေးအတွက် ကောင်းလေလေပါပဲ။ ချောကလက်က သွေးဖိအားကို ကျစေတဲ့အတွက် သွေးတိုးသမားတွေလည်း စားသုံးပေးသင့်ပါတယ်။ ဒါကြောင့် ချောကလက်ကို ဖြည့်စွက်စာအဖြစ် နေ့စဉ်စားပေးသင့်ပါတယ်။
(၃) ထောပတ်
လွန်ခဲ့တဲ့နှစ်တွေက ထောပတ်စားတာဟာ နှလုံးကျန်းမာရေးအတွက် မကောင်းဘူးလို့ ပြောကြပါတယ်။ ထောပတ်မှာပါဝင်တဲ့ ပြည့်ဝဆီတွေကြောင့်လို့ ပြောကြပါတယ်။ တကယ်တော့ ထောပတ်ဟာ ဆီးချိုရောဂါ အမျိုးအစား(၂)ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးပါတယ်။ ဒါကြောင့် လုံးဝမစားတာထက်စာရင် အနည်းငယ်တော့ စားသုံးပေးသင့်ပါတယ်။ ထောပတ်ကို အလွန်အကျွံတော့ မစားသုံးသင့်ပါဘူး။
(၄) ထောပတ်သီး
ထောပတ်သီးဟာ ကျန်းမာရေးအတွက် အလွန်အသုံးဝင်ပါတယ်။ ဆီးချိုရောဂါ၊ နှလုံးရောဂါအပြင် တခြားရောဂါတွေအတွက်လည်း သက်သာစေပါတယ်။ ခန္ဓာကိုယ်အတွက် မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ကျစေပြီး ခန္ဓာကိုယ်အကျိုးပြုတဲ့ ကိုလက်စထရောတွေကို တိုးများလာစေပါတယ်။ ဒါ့ပြင် အဆစ်အမြစ်ရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။ ထောပတ်သီးကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက် ဆေးတစ်ပါးလိုပါပဲ။ ဒါပေမဲ့ သင်ကဝိတ်ချနေတဲ့သူဆိုရင်တော့ ထောပတ်သီးရဲ့ သုံးပုံတစ်ပုံလောက်ပဲ စားပေးသင့်ပါတယ်။
(၅) ဝိုင်နီ
ဝိုင်နီဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေကို ဖြစ်စေတယ်ဆိုတာ လုံးဝအပြည့်အဝကြီးတော့ မမှန်ပါဘူး။ ဝိုင်နီကို သင့်တင့်မျှတစွာ သောက်သုံးတဲ့သူတွေဟာ (လုံးဝမသောက်တဲ့သူနဲ့ နှိုင်းယှဉ်ကြည့်ရင်) နှလုံးရောဂါနဲ့ ဆီးချိုရောဂါ အန္တရာယ်လျော့နည်းတာကို တွေ့ရပါတယ်။ အညံ့စားဝိုင်တွေ အလွန်အကျွံသောက်ရင်တော့ နှလုံးရောဂါ၊ အသည်းရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် ဝိုင်နီကို အလွန်အကျွံ မသောက်ပဲ သင့်တင့်မျှတစွာ သောက်ပေးရပါမယ်။ အမျိုးသမီးတွေဟာ တစ်နေ့ကို ဝိုင်နီတစ်ခွက် သောက်သင့်ပြီး အမျိုးသားတွေကတော့ တစ်နေ့ကို နှစ်ခွက်သောက်သင့်ပါတယ်။
(၆) ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ဟာ သင့်ရဲ့သွားတွေကို ဖြူစေပါတယ်။ သွေးတွင်းသကြားဓာတ်မကို လျော့နည်းစေပါတယ်။ ရောဂါပိုးဝင်ခြင်း၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ပန်းသီးရှာလကာရည်ကိုလည်း နေ့စဉ်အနည်းငယ် စားသုံးပေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက် အသုပ်တွေမှာလည်း ထည့်သုံးနိုင်ပါတယ်။
(၇) ကော်ဖီ
ကော်ဖီသောက်ခြင်းဟာ ဆီးချိုရောဂါ အမျိုးအစား(၂)၊ အသည်းရောဂါနဲ့ နှလုံးရောဂါတို့ကို လျော့ကျစေတဲ့အပြင် အသက်ပိုရှည်စေတယ်လို့ သိရပါတယ်။ ဦးနှောက် အာရုံကြောရောဂါသမားများ သောက်ပေးသင့်ပါတယ်။ ဦးနှောက်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။ ကဖင်းဓာတ်ပါတဲ့ ကော်ဖီဖြစ်စေ၊ မပါတဲ့ကော်ဖီဖြစ်စေ ဆီးချိုရောဂါ အမျိုးအစား (၂)ကို တိုးတက်ကောင်းမွန်စေပါတယ်။ ကော်ဖီသောက်ခြင်းဟာ သားအိမ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာကို လျော့ကျစေပါတယ်။ ဒါပေမယ့် အဆုတ်ကင်ဆာကိုတော့ ပိုဆိုးစေပါတယ်။
ချိုအောင်ပြုပြင်ထားတာ၊ သကြားထည့်ထားတာ စတဲ့ကော်ဖီတွေထက် ကော်ဖီခါးခါးကသာ ကျန်းမာရေးအတွက် အကျိုးရှိနိုင်တာပါ။ ကော်ဖီကို အလွန်အကျွံသောက်ရင်တော့ ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်။ ကော်ဖီကို တစ်နေ့တစ်ခွက်၊ နှစ်ခွက်လောက်သောက်ပေးရင် ကျန်းမာရေးအတွက် အဆင်ပြေနိုင်ပါတယ်။
(၈) လိမ္မော်ရည်
ရေထဲကို လိမ္မော်ရည်အနည်းငယ်ထည့်သောက်တာဟာ အစာကြေစေပါတယ်။ ခန္ဓာကိုယ်အလေးချိန်ကိုလည်း လျော့ချပေးနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်တွက် ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ နောက်ပြီး ကျောက်ကပ်ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ဗီတာမင်စီလည်း ကြွယ်ဝစွာပါပါတယ်။ တစ်နေ့ကို ရေခြောက်ခွက်ကနေ ရှစ်ခွက်အထိ သောက်သင့်ပြီး သောက်တဲ့အခါတိုင် လိမ္မော်ရည်နည်းနည်း ညှစ်ထည့်ပြီး သောက်မယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ လူကိုလည်း လန်းဆန်းစေပါတယ်။
Author: ဖြိုးသူဇာ, Healthcare Journal, vol 8,no 28 (28.7.17)