မလုပ်ရလျှင် မနေနိုင်သော အပြုအမူများ ရှိနေတတ်ကြောင်း စာဖတ်သူများ သတိပြုမိကြမည် ထင်ပါသည်။ ပြင်းပျလွန်းသော ဝါသနာဟု ဆိုနိုင်မည် ထင်ပါသည်။ တချို့ရုပ်ရှင်မကြည့်ရလျှင် မနေနိုင်သူရှိသည်။ ရုပ်ရှင်ကြည့်လိုက်ရမှ နေသာထိုင်သာဖြစ်သွားသည်။ တချို့လောင်းကစား ဝါသနာကြီးသည်။ လောင်းကစားမလုပ်ရလျှင်ပင် စိတ်ကျေနပ်မှုမရှိ ဖြစ်နေတတ်သည်။ ဥပမာအနေဖြင့် ဖဲမရိုက်လျှင် မနေနိုင်မှုမျိုးဖြစ်၏။
တစ်ချို့စာဖတ်ဝါသနာကြီးသည်။ စာအုပ်စာရွက်တွေ့လျှင်ပင် ဖတ်လိုက်ရမှ ကျေနပ်သည်။ တချို့မှာ သီချင်းဆိုခြင်း၊ စာဖတ်ခြင်း၊ စာရေးခြင်း စသည်တို့တွင် ဆန္ဒပြင်းပျလွန်းသည်။ တချို့မှာမူ အတင်းမပြောရလျှင် စားမဝင်အိပ်မပျော် ဖြစ်တတ်သည်။ တချို့က အိမ်လည်ဝါသနာပါသည်။ မလည်ရ မနေနိုင်ကြပေ။ အပြုအမူတစ်ခုကို ပြင်းပျလွန်းသော ဝါသနာကြောင့် မလုပ်ရလျှင် မနေနိုင်လောက်အောင်ဖြစ်ပါက ယင်းအပြုအမူကို (Compulsive Behavior) ဟု ခေါ်နိုင်ပါသည်။
ဤတွင် လူတချို့၌ Compulsive Sexual Behavior ဆိုသည်ရှိကြောင်း တွေ့ရမည်ဖြစ်၏။ လိင်ဆက်ဆံမှုအတွက် ဆန္ဒပြင်းပျခြင်း၊ ဝါသနာ ထုံလွန်းခြင်းဟု ဆိုနိုင်မည်ဖြစ်သည်။ လူ့ဘောင်လောကတွင် အိမ်ထောင်သားမွေးကိစ္စနှင့်အတူ မလွဲမရှောင်သာ ပါဝင်နေသည်ဖြစ်ရာ လိင်ဆက်ဆံခြင်းသည် မကင်းနိုင်သော၊ မရှောင်လွဲနိုင်သော ကိစ္စတစ်ရပ်ဟုလည်း ဆိုနိုင်ပါသည်။ သို့သော် တချို့သည် လိင်ဆက်ဆံမှုကိစ္စတွင် လွန်လွန်ကဲကဲ ဝါသနာကြီးတတ်ကြကြောင်း တွေ့ရသည်။
ဆေးပညာရှင်များက လိင်ဆက်ဆံမှုနှင့် ပတ်သက်၍ ပြဿနာတစ်ရပ်ရှိနေပြီ (သို့မဟုတ်) လူတစ်ဦးတစ်ယောက်သည် Compulsive Sexual Behavior လိင်ဆက်ဆံမှုအပေါ် လွန်ကဲစွာ ဆန္ဒကြီးမားနေပြီဆိုခြင်းကို အောက်ဖော်ပြပါလက္ခဏာများဖြင့် သုံးသပ်ဆုံးဖြတ်ကြပါသည်။
– လိင်ဆက်ဆံဖော်အများအပြားထားခြင်း၊
– မိမိ၏ ဇနီးမယားခင်ပွန်းအပြင် အခြားအဖော်များစွာရှိနေခြင်း၊
– ပြည့်တန်ဆာ (Prostitutes) များနှင့် အကြိမ်များစွာ ပျော်ပါးခြင်း၊
– လိင်စိတ်ဖြစ်ပေါ်စေသော မီဒီယာအမျိုးမျိုးကို စိတ်ဝင်စားလွန်းခြင်း၊
– မိမိကိုယ်တိုင် အလွန်အကျူးစိတ်ဖြေ ဖျောက်ခြင်း၊
-သဘာဝမဟုတ်သော လိင်ဆက်ဆံနည်းများကို နှစ်သက်တတ်ခြင်း၊
– သဘာဝမဟုတ်သော လိင်ဆက်ဆံနည်းများကို အသုံးပြုတတ်ခြင်း၊
– အပြာစာအုပ်၊ အပြာဓာတ်ပုံ၊ ရုပ်ရှင်များ မကြာခဏ ဖတ်ခြင်း၊ ကြည့်ရှုခြင်း၊
– ဖိစီးမှု၊ ပူပန်မှု၊ စိတ်ကျမှုတို့ဖြစ်တိုင်း လိင်ဆက်ဆံခြင်းဖြင့် ဖြေဖျောက်တတ်ခြင်း၊
ဆေးပညာတွင် Obsessive Compulsive Behavior ဆိုသည်ရှိသည်။
စိတ်အာရုံ၌ ပယ်ဖျောက်မရနိုင်သော ထင်မြင်မှု၊ ယုံကြည်မှု၊ ခံစားမှု တစ်ခုဖြစ်ပေါ်ခြင်း၊ (Obsessive) ကြောင့် တစ်စုံတစ်ခု မလုပ်ရမနေနိုင်သဖြင့် အကြိမ်ကြိမ်ပြုမှု လုပ်ဆောင်ခြင်း Compulsive Behavior ဖြစ်စေတတ်၏။ ဥပမာ- မိမိ၏လက်သည် (အမှန်တကယ် ညစ်ပတ်မှု မရှိသော်လည်း) ညစ်ပတ်နေသည်ဟု စိတ်ထဲ၌ စွဲထင်နေသဖြင့် အကြိမ်ကြိမ် လက်ဆေးတတ်သည့် အပြုအမူမျိုး ဖြစ်သည်။ လိင်ကိစ္စတွင်လျှင် Sexually Obsessive Compulsive Behavior ဆိုသည်ရှိနေပါသည်။
ဤပြဿနာဖြစ်ရခြင်းနှင့် ပတ်သက်၍ ကျွမ်းကျင်ပညာရှင်များက လေ့လာခဲ့ရာတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးယိုယွင်းမှု၏ လက္ခဏာတစ်ရပ် ဖြစ်သည်ဟု လက်ခံကြသည်။ စိတ်မတည်ငြိမ်မှုနှင့် ကိုယ်ရည်ကိုယ်သွေး ယိုယွင်းမှုအပေါ် ပြန်လည်ထိန်းချူပ်နိုင်စွမ်း မရှိသူများတွင် လိင်ဆန္ဒလွန်ကဲမှု ကြုံတွေ့လာရခြင်း ဖြစ်သည်။ ကလေးဘဝတွင် လိင်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရမှုကြောင့်လည်း ဤသို့ ဖြစ်စေတတ်သည်။ စော်ကားခံခဲ့ရမှုသည် ကျန်းမာခြင်းနှင့် ညီညွတ်မရှိသော သဘောထားများနှင့် မှားယွင်းသော အယူအဆများ ဖြစ်ပေါ်လာစေနိုင်သည်။ အထီးကျန်ဆန်စွာ နေထိုင်ရခြင်းနှင့် စိတ်ကျဝေဒနာတို့သည်လည်း ဆန္ဒလွန်ကဲမှုကို ဖြစ်စေနိုင်သော ကြောင်းရင်းဇာစ်မြစ်များ ဖြစ်နိုင်ပါသည်။ ဦးနှောက်နှင့် အာရုံဆိုင်ရာပြဿနာများ၊ ရောဂါများကြောင့် လိင်ဆန္ဒလွန်ကဲမှု ဖြစ်တတ်ကြောင်းလည်း တွေ့ရသည်။ ဥပမာအားဖြင့် ဝက်ရူးပြန်ရောဂါ Epilepsy နှင့် ရူးသွပ်ခြင်းတို့ကြောင့် ဆန္ဒလွန်ကဲမှု ဖြစ်နိုင်သည်ဟု ဆိုပါသည်။
လိင်ဆန္ဒလွန်ကဲမှုကို အများအားဖြင့် ကုသရန် လိုအပ်သည်။ မိမိစိတ်ကို မိမိထိန်းချုပ်နိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်သော ပြဿနာဖြစ်သဖြင့် ကိုယ်တိုင်ဂရုစိုက် ကုသရန်မှာ မဖြစ်နိုင်ပေ။ လိင်ပိုင်းဆိုင်ရာ အပြုအမူ မှားယွင်းမှုကို ကုသရန်၌ အထူးကျွမ်းကျင်သော ဆရာဝန်နှင့် ပြသရန်မှာ ဖြစ်ပါသည်။
လိင်ဆန္ဒလွန်ကဲမှု၏ နောက်ဆက်တွဲဆိုးကျိုးပြဿနာမှာလည်း များပြားစွာ တွေ့ရနိုင်သည်။
– အိမ်ထောင်ပြိုကွဲခြင်း၊
– ဆက်ဆံရေး ပြိုကွဲပျက်စီးခြင်း၊
– အပျော်အပါးလိုက်စားမှု လွန်ကဲသဖြင့် စီးပွားရေးကျဆင်းခြင်း၊ ငွေကုန်ကြေးကျများခြင်း၊ အကြွေးတင်ခြင်း၊
– ပြစ်မှုကျူးလွန်မပါက တရားစွဲဆိုခံရခြင်း၊
– အလုပ်အကိုင်အပေါ် စိတ်ဝင်စားမှု မရှိတော့သဖြင့် လုပ်ငန်းခွင်ပြဿနာများ ကြုံတွေ့လာရခြင်း၊
– ဆန္ဒလွန်ကဲမှုနှင့်အတူ အရက်၊ ဆေး စသည်တို့ပါစွဲခြင်း (ဆေးစွဲခြင်း၊ အရက်စွဲခြင်း)၊
– လူမှုရေးအရ လက်ခံခြင်းမရှိသော အပြုအမူများကြောင့် အရှက်ရခြင်း၊ သိက္ခာကျဆင်းခြင်း၊ ဂုဏ်ငယ်ခြင်း စသည်တို့မှာ ဆန္ဒလွန်ကဲမှု၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်စဉ်များ ဖြစ်ပါသည်။
အထက်တွင် ဖော်ပြထားသကဲ့သို့ ကြောက်ရွံမှု၊ ရှက်ခြင်း၊ စိတ်ကသိကအောင့်ဖြစ်ခြင်းတို့ကြောင့် လူနာသည် ဆေးပညာရှင်ထံ တိုင်ပင်ဆွေးနွေးမှု ပြုလုပ်ခြင်း မပြုလုပ်တတ်ကြပေ။ အလားတူ အခြားအကူအညီများကိုလည်း ရှာဖွေခြင်းမရှိကြပေ။ မိမိ၏စိတ်ကို မိမိမနိုင်သဖြင့် ဖြစ်သောပြဿနာကို ဆေးပညာရှင်၊ စိတ်ပညာရှင်၊ စိတ်ကျန်းမာရေးဆရာဝန်၊ နှစ်သိမ့်ဆွေးနွေးပညာပေးသူတို့၏ အကူအညီကို မလွဲမသွေရရှိရန် လိုအပ်မည်ဖြစ်ပါသည်။
ဆန္ဒလွန်ကဲမှုပြဿနာကို-
(က) စိတ်ပိုင်းဆိုင်ရာ ကုထုံးနည်း၊
(ခ) အိမ်ထောင်ရေးနှင့် ပတ်သက်သော နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း၊
(ဂ) ဝေဒနာတူ လူများဖြင့် ဖွဲ့စည်းထားသော အုပ်စု၏ကူညီမှု၊
(ဃ) စိတ်ကျဝေဒနာကုဆေးဝါးမျာ မှီဝဲခြင်း၊
ဥပမာ- Fluoxetine, Paroxetine Sertraline
(င) အခြားဆေးဝါးများ ဥပမာ- Naltrexone
တို့ဖြင့် ကုသပေးနိုင်မည် ဖြစ်ကြောင်းတင်ပြလိုက်ရပေသည်။
Author: Dr. အေးကျော်, လိင်ကျန်းမာရေး ပညာပေးဆွေးနွေး