လူတိုင်း နောက်ကျောတစ်နေရာရာမှာ နာကျင်တတ်ပါတယ်။ နာကျင်တယ်ဆိုတာ မရှိတဲ့သူတွေဟာ တစ်မူထူးခြားတဲ့သူတွေပဲလို့ ဝါရှင်တန်တက္ကသိုလ်မှ နာကျင်မှုကို သုတေသနပြုတဲ့အဖွဲ့မှာပါတဲ့ စိတ်ပညာဆရာ ဒင်းနစ်တပ်ကဆိုတယ်။ အချို့အတတ်ပညာဆိုင်ရာ အသက်မွေးလမ်းကြောင်းအလုပ်သည် လုပ်ငန်းခွင်၌ လှုပ်ရှားမှုများကြောင့် ကျောနာခြင်းအနှံ့အပြား ဖြစ်ပေါ်စေတယ်လို့ စက်မှုလုပ်ငန်းနှင့်ဆိုင်သော ဆေးပညာဂျာနယ်အရ သိရသည်။
ဆောက်လုပ်ရေးသမားတွေ၊ လက်သမားဆရာတွေ၊ ထရပ်ကားမောင်းသူတွေ၊ လယ်သမားတွေ၊ သူနာပြုတွေ၊ အိမ်ဖော်တွေ၊ သန့်ရှင်းရေးသမားတွေ၊ ဆံသသမားတွေနဲ့ ဆံပင်အလှပြင်သူတွေဟာ နောက်ကျောနာ၊ ခါးနာဖြစ်တတ်ကြတယ်လို့ဆိုတယ်။ သမာရိုးကျ ကုသနည်းတစ်ခု ဒါမှမဟုတ် နှစ်ခုနဲ့ လူအများစုဟာ သက်သာသွားကြပါတယ်။ ကုသနည်း ရှစ်မျိုးကို ဖော်ပြလိုက်ပါတယ်။ စမ်းကြည့်သင့်ပါတယ်။
မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်း
လေးတဲ့ပစ္စည်းကို မတင်လိုက်တဲ့အခါမှာ သင့်နောက်ကျောက နာကျင်လာရင် ဆရာဝန်တွေက ဒီစူးရှတဲ့ နာကျင်မှုကို သက်သာအောင် အက်စပရင်လို နာကျင်ကိုက်ခဲသက်သာတဲ့ ဆေးတွေပေးတယ်။ ဒီနာကျင်မှုဟာ ပြန်ပြန်ပြီးဖြစ်နေရင် ဆရာဝန်တွေကနာတဲ့ နေရာမှာ ရေခဲတင်ရမယ်လို့ အကြံပြုတယ်။ တစ်ခါတင်ရင် ၁၅ မိနစ်၊ တစ်နေ့မှာ သုံးကြိမ်မှ ငါးကြိမ်ထိတင်ဖို့ ပြောပါတယ်။ နာကျင်မှုဟာ ရက်အနည်းငယ်ကြာလာရင် ရေခဲအစား ရေနွေးအိတ်ကပ်ပေးပါ။ လုပ်နေကျ လှုပ်ရှားမှုတွေကို တတ်နိုင်သလောက် ဆက်လုပ်ပါ။
နောက်ထပ်ဖြစ်လာမှာကို ကာကွယ်တဲ့အနေနဲ့ ခိုင်မာတဲ့မွေ့ရာပေါ်မှာ နံဘေးစောင်းပြီး ခွေအိပ်ပါ။ ဒူးနှစ်ဘက်ကြား ခေါင်းအုံးရှည်ထားပါ။ စာရေးသူရဲ့ ကိုယ်တွေ့၊ ခါးနာတတ်တဲ့ ကျွန်မ အိပ်ရာပေါ်မှာ ပက်လက်အိပ်တာထက် အထက်ပါအတိုင်း အိပ်တာ သက်သာတယ်လို့ ကိုယ်တွေ့ခံစားရတယ်။ ကိုယ့်ခါးကို ထောက်ပင့်တဲ့ ကုလားထိုင်မျိုးကို ရွေးချယ်ပါ။ ဝေဒနာကို ပိုဆိုးစေတဲ့ အပြုအမူတွေကို ပြန်စဉ်းစားပါ။ အကြာကြီးထိုင်ခြင်း၊ လေးတဲ့ပစ္စည်းမခြင်းနဲ့ ကိုယ့်ကိုယ်ကို ပူပင်သောကများစေခြင်းတို့ဟာ ခါးနာခြင်းကို ဖြစ်စေတယ်လို့ သိရတယ်။
ကာယလေ့ကျင့်ခန်း
အိပ်ရာထဲမှာ လှဲနေရင် ကောင်းမယ်လို့ သင်ခံစားမိပေမဲ့ မှန်မှန်ကာယလေ့ကျင့်ခန်းက ခါးနာမှုအတွက် အကောင်းဆုံးနည်းဖြစ်တယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းကို သင်ရှောင်သင့်တဲ့အချိန်ဟာ စူးရှတဲ့ နာကျင်မှုကို ဖြစ်တဲ့ ပထမနေ့ရက်တချို့ဖြစ်တယ်။ တတ်နိုင်သမျှ လှုပ်ရှားရတဲ့အလုပ်ကို လုပ်တဲ့သူတွေဟာ အကောင်းဆုံး ပြန်ကောင်းတယ်ဆိုတာကို လေ့လာရေးတွေက တွေ့ရှိတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းကို လျှင်မြန်တက်ကြွစွာ လမ်းလျှောက်ခြင်းနဲ့ သင့်နောက်ကြောနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို အားဖြည့်ဖို့ နောက်ကြောဆန့်တဲ့ လေ့ကျင့်ခန်းကို လုပ်ဖို့ ကျွမ်းကျင်သူတွေက ဆိုတယ်။
သက်တောင့်သက်သာနေခြင်း နည်းနိဿယ
စိတ်ဖိစီးမှုက သင့်ခန္ဓာကိုယ်ကို တောင့်တင်းစေပြီး ခါးနာခြင်းကို ပိုဆိုးဝါးစေတယ်လို့ ဝါရှင်တန်တက္ကသိုလ်မှ အထူးကု ဆရာဝန်ရစ်ချတ်ဒီယိုက ဆိုတယ်။ သက်တောင့်သက်သာနေခြင်း နည်းနိဿယတွေက နာကျင်မှုကို ဖြစ်စေတဲ့ ဖိစီးမှုတွေကို ပျောက်သွားအောင် ကူညီပေးနိုင်တယ်။ ကမ္မာဌာန်းထိုင်ခြင်းနဲ့ အိပ်မွေ့ချခြင်းကဲ့သို့သော နည်းလမ်းများက ပြင်းထန်တဲ့ နာကျင်မှုကို သက်သာစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုတယ်။ ဒီနည်းတွေက သင့်ရဲ့နာဗ်ကြောစနစ်ကို သက်တောင့်သက်သာဖြစ်စေပုံရကြောင်း သိပ္ပံပညာရှင်တွေကဆိုတယ်။ သက်တောင့်သက်သာဖြစ်စေတဲ့ နည်းနာအချို့ဖြစ်တဲ့ ယောဂကျင့်စဉ်နဲ့ တိုက်ချိတို့ကလည်း အကျိုးရှိတဲ့ လေ့ကျင့်ခန်းများဖြစ်တယ်။
ဗဟီဒွကုထုံး
ဗဟီဒွကုထုံးဆရာက ခါးနာလွန်းလို့ မတ်တပ်တောင်မရပ်နိုင်တဲ့ လူနာကို ဆန့်ခြင်းနဲ့ အားဖြည့်ခြင်း လေ့ကျင့်ခန်းကိုပြပြီး၊ ကိုယ့်ကိုယ်ကို မနာကျင်အောင် မည်သို့ ရွေ့လျားရမည်ကို သင်ပေးတယ်။ ခန္ဓာကိုယ်အနေအထားနဲ့ဆိုင်သောပြဿနာများ၊ ကြွက်သားများအားနည်းခြင်းနှင့် နာကျင်မှုကို ဖြစ်စေပြီး ပိုဆိုးရွားစေတဲ့ ဟန်ချက်မညီခြင်းတို့ကို ဖယ်ရှားရန် လေ့ကျင့်ခန်းများကို ရုပ်ပိုင်းဆိုင်ရာ ကုသနည်းဖြင့် ကုသသောဆရာက သင်ပေးတယ်။
လေးတဲ့ပစ္စည်းကို မရန်နှင့် ကွေးညွတ်ရန် မှန်ကန်တဲ့ နည်းလမ်းတို့ကိုလည်း ၎င်းက သင်ပေးတယ်။ ခံနိုင်ရည် လေ့ကျင့်ခန်းဖြင့် ဆန့်ခြင်၊ အားဖြည့်ခြင်းကို မှန်ကန်တဲ့ ခန္ဓာကိုယ်ရဲ့ နေ့စဉ် လုပ်နေကျနည်းစနစ်များဖြင့် ပေါင်းစပ်ခြင်းက တာရှည်နေတဲ့ ခါးဒဏ်ရာကို ပြန်ကောင်းစေနိုင်တယ်လို့ မကြာမီက ပြုလုပ်တဲ့ သုတေသနက အကြံပြုပါတယ်။
ကျောရိုးကို နိုပ်နယ်၍ ကုသခြင်း
လူနာရဲ့ ကျောရိုးကို လက်ဖြင့် ကျွမ်းကျင်စွာ နှိပ်ပေးခြင်းက ခါးနာမှုကို အမှန်တကယ် သက်သာစေတယ်လို့ လေ့လာရေးတစ်ခုကို လက်တွေ့ရှင်းပြတယ်။ ရောင်ရမ်းမှု အဆစ်အမြစ်ပုံမမှန်ဖြစ်မှုတွေနဲ့ ကြွက်သားအကြောဆွဲခြင်းတွေက နောက်ကျောအဆစ်အမြစ်တွေကို မလှုပ်နိုင်အောင် လုပ်နိုင်ကာ ဆိုးရွားတဲ့ နာကျင်မှုကို ဖြစ်စေတယ်။ ဒီအဆစ်အမြစ်တွေကို လက်များဖြင့် ရွေ့စေခြင်းဖြင့် တင်းမှုကို လျော့စေနိုင်ပြီး ပြန်ရွေ့လျားစေနိုင်တယ်။
နှိပ်နယ်ခြင်း
နှိပ်နယ်ပြီးရောဂါကုတဲ့ဆရာတွေက နောက်ကျောနဲ့ ပတ်ဝန်းကျင်ရှိ နေရာများကို စူးစိုက်နှိပ်ပေးရာတွင် အချို့လူနာချက်ခြင်း ပျောက်ကြတယ်။ ပွတ်ခြင်း၊ တွန်းခြင်းနဲ့ မုန့်နယ်သလို ကြွက်သားတွေကို နှိပ်နယ်ခြင်းဟာ နောက်ကျောမှာ သွေးလည်ပတ်မှုကို တိုးပွားစေပြီး တင်းနာနေတဲ့ ကြွက်သားတွေကို ပျော့ပျောင်းစေတယ်။ အရေးကြီးပြီး တိကျတဲ့ နေရာကို ချိန်ရွယ်တဲ့ အာရုံကြောကြွယ်သားနှိပ်နယ်ပြီး ကုသနည်းဟာ အထူးသဖြင့် ခါးနာခြင်းအတွက် ထိရောက်တဲ့နည်းဖြစ်တယ်။
အပ်စိုက်ကုထုံး
အပ်စိုက်ကုသနည်းဟာ ခါးနာတာကို ကုသရာမှာ တကယ်ထိရောက်တယ်လို့ သိရပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ သဘာဝ နာကျင်ကိုက်ခဲပျောက်စေတဲ့ အင်ဒိုဖင်း ထုတ်လွှတ်မှုကို အပ်စိုက်ကုသခြင်းက နှိုးဆွပေးတယ်လို့ သုတေသီများက ထင်ကြတယ်။ လူနာသုံးပုံနှစ်ပုံက ရလဒ်များကောင်း၍ စိတ်ချမ်းသာကြကြောင်း ပြောကြသည်ဟု အပ်စိုက်ကုသဆရာတစ်ဦးက ပြောတယ်။
ခွဲစိတ်ကုသခြင်း
ခါးနာ၊ ကျောနာတဲ့ လူနာတွေထဲမှ နှစ်ရာခိုင်နှုန်းလောက်သာ ခွဲစိတ်ကုသမှုလိုအပ်ကြောင်း ဆရာဝန်ဒီယိုကဆိုတယ်။ ဒူးအောက်နားတွင် ဆိုက်ယဲ့တစ်အာရုံကြော နာကျင်မှုကို ဖြစ်စေတဲ့ ကျောရိုးဆစ်ကြားရှိ ရိုးနုချပ်ဝိုင်းကျွံကျခြင်း၊ ကျောရိုးနာဗ်ကြောစည်းပြွန်ကျဉ်းခြင်း၊ နေရာရွေ့နေတဲ့ ကျောရိုးဆစ် ဒါမှမဟုတ် အသားပိုတို့ကြောင့် ခွဲစိတ်ကုသမှု လိုအပ်သည်ဟု ဒီယိုကဆိုသည်။ ထိုသို့ဖြစ်လျှင် အတွေ့အကြုံရှိတဲ့ ခွဲစိတ်ကုဆရာဝန်ကို ရှာဖို့၎င်းက အကြံပြုသည်။
Author: နှင်းအေးဝေ, Healthcare Journal, vol 8,no 24 (30.6.17)