ကော်ရှူခြင်း အလေ့အထကို ကမ္ဘာမှာ အစောဆုံး သတိထားမိခဲ့ကြတာကတော့ ၁၉၅၉ ခုနှစ်လောက်မှာ ဂရိနိုင်ငံကစတယ်လို့ စာတမ်းအချို့က ဆိုပါတယ်။
၁၉၆၁ ကနေ ၁၉၆၅ အတွင်းမှာတော့ epidemic အသွင်ဆောင်ပြီး ဒန်ဗာ Denver(USA)ကို ရောက်ရှိခဲ့ပြီး အဲ့ကတဆင့် အမေရိကန် ပြည်ထောင်စုရဲ့ တခြားမြို့တွေဖြစ်တဲ့ New York မြို့ Salt Lake မြို့တို့ကို ကူးစက်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှမှာတော့ ၁၉၇၇ မှာ စင်ကာပူနိုင်ငံမှာ ပထမဆုံး case ကို တွေ့ရပြီး ၁၉၈၇ မှာတော့ စုစုပေါင်း ကော်ရှူသူ ၁၁၁၂ ဦး တွေ့ရှိရပြီး ပြဿနာဟာ အမြင့်ဆုံး အခြေအနေ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ကော်ရှုခြင်းအလေ့ဟာ ရန်ကုန် မန်းလေးမြို့များမှာ ၂၀၁၀ပြည့်လွန်နှစ်များတွင် စတင်ခဲ့သည်ဟု ထင်ရပြီး ၂၀၁၃ခုနှစ်လောက်တွင် မြို့ကြီးများရှိ လူငယ်များအကြားတွင် တော်တော်ကြီးကို တွင်ကျယ်လာကာ ၂၀၁၃ခုနှစ် ဇူလိုင် ၄ရက်နေ့တွင် လွှတ်တော်မှာ အဆိုပြု တင်သွင်းဆွေးနွေးရတဲ့ အထိဖြစ်ခဲ့သည်။ သို့သော်ယနေ့တိုင် ထိရောက်စွာ မဖြေရှင်းနိုင်သေးပေ။
အစပိုင်းကာလများတွင် လမ်းပေါ်က(လမ်းဘေးနေ) ကလေးလူငယ်များ၊ လေလွင့်ကလေးများသာ ရှုကြသည်။ သူတို့သည် စားဝတ်နေရေးအတွက် များသောအားဖြင့် ဘုရားသို့မဟုတ် မီးပွိုင့်များတွင်တောင်းစားကြသည်။ နေတာကတော့ ကမ်းနားလမ်းတလျှောက် ဘူတာကြီးတဝိုက်နဲ့ ခုံးကျော်တံတားများအောက် စသည့်နေရာများတွင် အစုအဖွဲ့နဲ့ နေကြသည်။
လမ်းဘေးကလေးလူငယ်တွေ ဘာကြောင့်ကော်ရှူကြတာလဲ ??
ကျွန်တော်သည် ကိုယ်ပိုင်ဆေးခန်းကို ကမ်းနားလမ်းညောင်ကွဲရပ် တွင်ဖွင့်ထားရာ ထိုမေးခွန်းနဲ့ပတ်သက်ပြီးသိချင်သောကြောင့် မန်းလေးကမ်းနားလမ်း ညောင်ကွဲရပ်တဝိုက်ရှိ လမ်းဘေးလူငယ်တစ်စုကို မေးမြန်းကြည့်ရာ
မောင်သက်နိုင်(အမည်လွှဲ)ခေါ် အသက်၁၆နှစ် လူငယ်က
” ရှူပြီးရင် ဗိုက်မဆာဘူးဗျ တစ်နေကုန်လျှောက်သွားပြီး အလုပ်လုပ်လို့ရတယ် ပြီးတော့ နေလို့ ထိုင်လို့ သွားလို့ လာလို့ ကောင်းတယ် “ဟုပြောသည်။ နောက်ဖိုးတာဆိုသော လူငယ်တစ်ဦးကလည်း သူ့ညီမလေးကိုချီလျက်
“ကျွန်တော် မြစ်ကြီးနားကနေ ဒီရောက်လာတာ သုံးနှစ်လောက်ရှိပြီ အစ်ကို။ အသက်က ၁၄။ ကျောင်းကို နှစ်တန်းထိ နေဖူးတယ်။ အဖေကတော့ ဆုံးသွားပြီ ။ အမေကတော့ လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကမှမူးလဲလို့ဆေးရုံကြီးပို့လိုက်ရပြီး မနေ့ကမှ ဆေးရုံက ဆင်းလာတာ။ ပထွေးက အရက်သမား ကြက်သမား ကျွဲရေကုန်းက စက်ရုံတစ်ရုံမှာ အလုပ်လုပ်တယ်။ ပထွေးက ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကို မကျွေးလို့ထွက်ပြီးတောင်းရတာ။ အမေဆေးရုံတက်ရတုန်းက သူများဆီကနေ အတိုးနဲ့ချေးထားတဲ့ပိုက်ဆံ တစ်သိန်းဆပ်စရာ ရှိနေတယ်။ အတိုးကလည်း တဖြည်းဖြည်းနဲ့ တက်နေတာ။ အဲ့ဒါအတိုးကို မရှာနိုင်သေးတော့ စိတ်ညစ်လို့ကော်ရှူပြီး မေ့အောင်လုပ်နေတာ။ ကျွန်တော်အမှိုက်ကောက်ပြီး ဘူးခွံတို့ အိတ်တို့ရောင်းတာက တစ်ရက်ကို တစ်ထောင်လောက်တော့ ရတယ်။ ကော်ဘူးက တစ်ဘူးကို လေးရာ။ ညောင်ကွဲနားက ကုန်မာဆိုင် သို့မဟုတ် အိမ်သုတ်ဆေးရောင်းတဲ့ ဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတယ်။
တစ်ဘူးဆိုရင် တစ်ပတ်လောက်တော့ ရှူလို့ရတယ်။
ကျွန်တော် ရှူချင်လို့တော့ မဟုတ်ပါဘူး အစ်ကိုရာ။ ဒါပေမယ့် အဲ့ဒါ တစ်ဘူးဝယ်ထားလိုက်ပြီးနည်းနည်းချင်းရှူနေရင် တစ်နေကုန် ဘာမှမစားဘဲလည်း နေလို့ရတယ်။ နေပူတာ မိုးစိုတာတွေလည်းမမှုဘူး။ စိတ်ညစ်တာတွေလည်း ပျောက်တယ်။ ရန်ဖြစ်လို့ တစ်ယောက်ယောက်က ထိုးရင်လည်း နာမှန်း မသိတော့ဘူး။ မူးယစ်ဆေးလို လက်ဝယ်တွေ့ရင်လည်း အဖမ်းခံရတာမျိုး မရှိဘူး။ ဖိနပ်ကပ်ဖို့လို့ပြောလိုက်လို့ ရတယ်။ ကော်ရှူထားမှန်းလည်း ကြည့်ရုံနဲ့ သိဖို့မလွယ်ဘူး။
အဓိကကတော့ စိတ်ကူးယဉ် ကမ္ဘာထဲရောက်သွားပြီး ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လို့ရတယ်။ အဲ့ဒါသုံးနေတဲ့အချိန်ဆို နေလို့ကောင်းတယ်။ အဲ့ဒါကြောင့်မို့ သုံးဖြစ်သွားတာ” ဟု ဖြေလေသည်။
နောက် မောင်ကောင်းခေါ် ၁၀နှစ်သားလေးကလည်း “ကော်ရှူတဲ့အချိန်မှာ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုထဲရောက်သွားပြီး အပြင်မှာ ဝယ်မစီးနိုင်တဲ့ ကတ္တီပါဖိနပ်လေးလည်း စီးနိုင်တယ် အစားကောင်းတွေလည်းစားရတယ် အပူအပင်လည်း မရှိဘူး”ဟုဝင်ပြောသည်။
တကယ်တော့ ကော် ဆိုသည်မှာ toulene,Acetone,Methyl Ethyl Ketone, Ethyl Acetone ဆိုသည့် ဓာတုပစ္စည်း များဖြင့် အချိုးကျ ပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။
ကော်အမျိုးအစားအားဖြင့် ပိုက်ဆက်ကော် သစ်သားကပ်ကော် စက်ဘီးတာယာဖာကော် စသဖြင့် အမျိုးအစား များလှသလို သုံးစွဲရာမှာလည်း နည်းလမ်းစုံလင်ပါတယ်။
အများစုသုံးတဲ့နည်းကတော့ ပလတ်စတစ်အိတ် သို့မဟုတ် ကျွတ်ကျွတ်အိတ်အတွင်း ရေ အနည်းငယ်နှင့် ကော်အနည်းငယ်ထည့်ကာ ပွတ်ချေပြီးထွက်လာသော အနံ့ကို အိတ်ဖောင်းအောင်လုပ်ကာ အိတ်အတွင်းရှိ လေကုန်အောင်ရှူတာမျိူး သို့မဟုတ် ကော်ဗူးနဲ့နှာခေါင်းနဲ့ တေ့ရှူတာမျိုးပါ။
နို့ဆီဘူးတစ်ဝက်ခန့် အရွယ်ရှိသော TVဟူသော အင်္ဂလိပ်စာလုံးပါ အဝါရောင်ကော်ဘူးကို အရှူများကြသည်။ ပုံမှန်ဆိုလျှင် ကော်တစ်ဘူးကို တစ်ပတ်ခန့် ရှူနိုင်သော်လည်း တစ်ရက်ထဲနဲ့ တစ်ဘူးကုန်အောင်ရှူကြသော ကလေးလူငယ်များလည်း ရှိသည်။ တချို့ကလေးတွေဆို ကော်ကိုပါးစပ်ထဲထည့်ပြီးငုံတာမျိူး အထိပါ လုပ်ကြသည်။ ထိုသို့ အလွန်အကျွံသုံးပြီးနောက်တွင် ကြောင်သွားတာ၊ ကယောင်ကတန်းပြောတာ၊ ဒုစရိုက်မှု့ ကျူးလွန်ဖို့ဝန်မလေးတော့တာမျိူးတွေ ဖြစ်လာသည်။ ကော်အလွန်အကျွံ့သုံးရင်းနဲ့ချွေးစေးတွေပျံ့လာတာ မူးဝေအော့အန်ပြီး အသက်ဆုံးရှုံးခဲ့ရသူများလည်း ရှိသည်။
ကော်ရှူခြင်းသည်အစပိုင်းတွင် လူမှုစီးပွားရေး နိမ့်ကျသည့် ပတ်ဝန်းကျင်တွင် ယောက်ျားလေးများသာသုံးစွဲခဲ့ရာမှ ယခုအခါတွင် ငွေကြေးချမ်းသည့် လူ့ပတ်ဝန်းကျင်ထိပါ တွင်ကျယ်စွာပျံ့နှံ့လာပြီး အမျိုးသားရော အမျိုးသမီးများပါ ကော်ရှူလာကြသည်ကိုလေ့လာတွေ့ရှိရသည်။
ဘာကြောင့် ကော်ရှူခြင်းအလေ့ဟာလူငယ်တွေကြားမှာ ပျံ့နှံ့လာခဲ့တာလဲ ??
အဆာခံနိုင်တယ် အပင်ပန်းခံနိုင်တယ် စိတ်ခံစားမှုကောင်းတယ် စသဖြင့်သာ ကြားဖူးနားဝရှိပြီး ကော်ရှူခြင်းဆိုးကျိူးများကို သေချာမသိခြင်းကြောင့် လူငယ်သဘာဝ စမ်းသပ်စူးစမ်းလိုစိတ်ဖြင့် စမ်းသပ်သုံးစွဲခြင်း၊ အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း၊ တန်ဖိုးနည်းခြင်း၊ မူးယစ်ဆေးဝါး အစားထိုး သုံးစွဲခြင်း၊
မူးယစ်ဆေးလိုသုံးပြီးခဏအတွင်းမှာပင်အာနိသင်ရခြင်း၊ မူးယစ်ဆေးဝါးကဲ့သို့ လက်ဝယ်တွေ့လည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်ရန် မလိုအပ်ခြင်း စတဲ့အကြောင်းရင်းများကြောင့် ဖြစ်နိုင်ပါတယ်။
ကော်ရှူတဲ့သူ အများစုက ကော်ရှူရာတွင် ဖြစ်ပေါ်လာသော တဒင်္ဂ မူးယစ်ရီဝေတာ အဆာခံနိုင်တာ ဘာလုပ်လုပ် မတွန့်ဆုတ်တာ ရှူရှိုက်ပြီးတာနဲ့ စည်းစိမ်တွေ့တာ လုံခြုံ စိတ်ချရမှုကို ခံစားကြရတာ စတဲ့ခံစားမှုတွေပေါ်မှာသာ သာယာတတ်ကြပြီး နောက်ဆက်တွဲ ဆိုးကျိူးများကို မသိတဲ့သူတွေ များပါတယ်။
ကော်ရှူတာများလာတာနဲ့အမျှ ကော်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့် လူရဲ့ဦးနှောက်အာရုံကြောများ ထိခိုက်လာပါတယ်။
ထိုကြောင့် ကော်စစရှုခြင်းတွင် ပင်ပန်းခံပြီး စိတ်ဓာတ်တက်ကြွတာမျိူးကိုခံစားရသော်လည်း ကြာလာသည်နှင့်အမျှ ခေါင်းကိုက်တာ၊ စိတ်ပျံ့လွင့်ပြီးမှိန်းတာ၊ ဘာအလုပ်မှ လုပ်ချင်ကိုင်ချင်စိတ်မရှိတာ အမြင်အာရုံတွေ ဝေဝါးလာတာ စကားမပီတော့တာ လမ်းလျှောက်ရာတွင်ဟန်ချက်မထိန်းနိုင်တာစတဲ့ အာရုံကြောရောဂါတွေ ခံစားလာရနိုင်ပါတယ်။
ဒါ့ပြင် ကော်မှာပါတဲ့ ဓာတုပစ္စည်းများသည် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေပါ ထိတဲ့အတွက် ရင်ဘတ်အောင့်တာ၊ လေပြွန်ရုတ်တရက်ကျဉ်းတာ၊ ဝမ်းဗိုက်နေရာအနှံ့ နာကျင်မှုကို ခံစားရတာမျိူးတွေလည်း ဖြစ်နိုင်တယ်။
နောက်ဆုံးတွင် စိတ်ဓာတ်ကျကာ မိမိကိုယ်ကို သတ်သေတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
အရွယ်ကောင်း၊ လုပ်အားရှိ၊ တက်လမ်းများစွာရှိသည့် အရွယ်ဖြစ်သော ဆယ်ကျော်သက် ကလေးလူငယ်များတွင် ကော်ကို မူးယစ်ဆေးသဖွယ်စွဲလမ်းစွာ အသုံးပြုနေခြင်းက နိုင်ငံရဲ့အနာဂတ်အတွက် ရင်လေးစရာ အကြောင်းအရင်း တစ်ခုဖြစ်လာသည်။ ယောက်ျားလေးများမှာ အလုပ်လုပ်နိုင်သောအရွယ်၊ တိုးတက်မှုကို ရှာဖွေနိုင်သောအရွယ် ဖြစ်သော်လည်း ဘာကိုမှလုပ်ရန် စိတ်မပါတော့ပေ။ အသုံးကြာလာရာမှ ကော်ရှူခြင်းကို မူးယစ်ဆေးသဖွယ် စွဲလမ်းလာသောအခါတွင် ကြုံရာကျပန်းအလုပ်ဖြစ်သော စားပွဲထိုးလုပ်ခြင်း၊ တောင်းစားခြင်း၊ အမှိုက်ကောက်ခြင်းကိုတောင် မလုပ်နိုင်တော့ ဟုဆိုသည်။
ကော်ရှူပြီးမူးယစ်နေသော ဆယ်ကျော်သက်မိန်းကလေးများမှာလည်း လူကုန်ကူးခံရမှု အန္တရာယ်၊ လိင်အလွဲသုံးစားပြုခံရမှု အန္တရာယ်စသဖြင့် ကြုံတွေ့လာနိုင်သော အခြေအနေ ရှိနေလေသည်။
ကော်ရှူခြင်းပြဿနာကို ဘယ်လိုနည်းတွေနဲ့ ဖြေရှင်းခဲ့ဖူးလဲ ?
ထိုမေးခွန်းနဲ့ပတ်သက်ပြီး ညောင်ကွဲလူငယ်ပရဟိတ အဖွဲ့တစ်ခုရဲ့ အတွင်းရေးမှုးဖြစ်တဲ့ ကိုသက်စည်ကိုမေးတဲ့အခါမှာ
“ကျွန်တော်တို့ ကော်ရှူနေတဲ့ကလေးတွေကို တွေ့တဲ့အခါမှာ စိုးရိမ်လို့ လူကြီးသူမတွေ လက်ထဲအပ်ပြီး ကြိမ်နဲ့ရိုက်ဆုံးမတာမျိုးတွေ လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် မရပါဘူး။ ရိုက်နှက်ဆုံးမတဲ့အခါ ကလေးတွေက အဲ့ရိုက်နှက်တဲ့ဒဏ်ကို ဖြေဖျောက်ဖို့အတွက် ကော်ထပ်ရှူကြတယ်။ တစ်ဘူးကိုလေးရာ ငါးရာပဲရှိတဲ့အပြင် ဝယ်ရလည်း လွယ်တယ်လေ။ ဒီလိုနဲ့ မကောင်းတဲ့ သံသရာလည်တာကြောင့် ရိုက်နှက်ဆုံးမတာဟာလည်း ထိရောက်တဲ့ဖြေရှင်းနည်းမဟုတ်ဘူး။
နောက်ပြီး ကော်ရှူတဲ့ကလေးတွေကို ရဲတွေလက်ထဲအပ်ဖူးတယ်။ အပ်တဲ့အခါ ရဲစခန်းကလည်း ဘာပြောလဲဆိုတော့ ဒီကလေးတွေကို စခန်းမှာခေါ်ထားပြီး ကျွေးထားဖို့ဆိုတာ မလွယ်ဘူး။ နောက်ကော်ရှုတဲ့ကလေးတွေကိုဖမ်းဖို့ လူငယ်ထိန်းသိမ်းရေးစခန်းမှာ ပြုပြင်ထိန်းသိမ်းပေးဖို့ရာအတွက်လည်း ကျွန်တော်တို့မှာညွန်ကြားထားတာ ဘတ်ဂျက်ပေးထားတာမရှိဘူးလို့ပြောတယ်။
သေချာစဉ်းစားကြည့်ရင် ရဲတွေဖက်ကလည်း မှန်ပါတယ်။ ကလေးတွေကိုဖမ်းပြီး ထောင်ချတာ လူငယ်ထိန်းသိမ်းရေးစခန်း ပို့တာဟာလည်း ထိရောက်တဲ့ဖြေရှင်းနည်းမဟုတ်ဘဲ ဆေးမြီးတိုသဖွယ်ပင်ဖြစ်တယ်” လို့ ကိုသက်စည်ကပြောပါတယ်။
အချုပ်အားဖြင့်ဆိုရသော် အခြေအနေမဲ့စာမတတ် ဗဟုသုတနည်းပါးတဲ့လမ်းဘေးကလေးသူငယ်တွေကို ရိုက်နှက်ဆုံးမတာ ထောင်ချရုံနဲ့ ကော်ရှူခြင်းအလေ့အကျင့်ဟာ မပျောက်ကွယ်နိုင်သလို ရောင်းသူတွေကို ပိတ်ပင်ဖို့ဆိုတာလည်း ကော်ဆိုတာ နေ့စဉ်နီးပါးလိုအပ်တဲ့ပစ္စည်းဖြစ်တဲ့အတွက် ပိတ်ဖို့မလွယ်ပါဘူး။
ကော်ရှူခြင်း အလေ့ပျောက်ဖို့ဆိုတာဟာ လူတိုင်းပါဝင် ဆောင်ရွက်ဖို့လိုပါတယ်။ မိမိပတ်ဝန်းကျင်မှာကော်ရှူတဲ့ကလေးတွေ တွေ့ပါက အမှုမဲ့အမှတ်မဲ့မနေဘဲ ရပ်ကွက်ပရဟိတအသင်းတွေနဲ့ ချိတ်ဆက်ကာ ကော်ရှူတဲ့ကလေးများကို ကော်ရှူခြင်းရဲ့ဆိုးကျိုးများကို ပညာပေးဟောပြောခြင်း၊ လမ်းဘေးကလေးများကို စာဖတ်တတ်အောင် ပန်းပျိူးလက်တို့ ဥယျာဉ်မှူးအစရှိတဲ့ အခမဲ့စာသင်ဝိုင်းများနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်းများလုပ်ပေးသင့်သည်။
ပြည်တွင်းပြည်ပလူမှုကူညီရေးအဖွဲ့အစည်း အင်ဂျီအို အိုင်အင်ဂျီအိုများနဲ့ချိတ်ဆက်ပြီး လမ်းဘေးနေလေလွင့်ကလေးလူငယ်အရေအတွက်များစွာမတိုးလာရေးအတွက် လမ်းဘေးနေ အိမ်ထောင်သည်များအား မျိူးဆက်ပွားကျန်းမာရေးဟောပြောခြင်း၊ တားဆေးများအခမဲ့ထိုးပေးခြင်း၊သောက်ဆေးများဝေခြင်းစတာတွေလည်းလုပ်သင့်သည်။
ကော်ဘူးရောင်းတဲ့သူများကလည်း ပိုက်ဆံရဖို့တစ်ခုပဲကြည့်ကာ လာဝယ်တဲ့ကလေးလူငယ်တိုင်းကိုရောင်းပေးတာမျိူးရှောင်ပြီး သားသမီးချင်းကိုယ်ချင်းစာကာ ခဏခဏလာဝယ်နေတဲ့ကလေးမျိူးတွေ့ပါက နီးစပ်ရာရပ်ကွက်ကျန်းမာရေးအဖွဲ့များ ပရဟိတအဖွဲ့များနဲ့ပူးပေါင်းဆောင်ရွက် စုံစမ်းတာမျိူးလုပ်သင့်ပါတယ်။
ဒါ့အပြင် ဆင်းရဲမွဲတေမှုပပျောက်ရေး၊ ကျောင်းနေအရွယ်ကလေး ကျောင်းအပ်ရေး၊ မူးယစ်ဆေးဝါး ကွပ်ကဲထိန်းသိမ်းရေး၊ မူးယစ်မဟုတ်သော ပစ္စည်းများကို မူးယစ်ဆေးသဖွယ် အလွဲသုံးစားမှုများ မဖြစ်စေရန် အရောင်းဆိုင်များကို ပညာပေးရေး ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး စတဲ့နည်းလမ်းများ စီမံချက်များလည်း လုပ်ဖို့လိုသည်။
ဒီလိုမျိူး အဖက်ဖက်က ဝိုင်းဝန်းဆောင်ရွက်ပါက လူငယ်ဘဝများစွာကို တငွေ့ငွေ့ လောင်မြိုက်နေသော ဖွဲမီးကိုငြိမ်းနိုင်ပေလိမ့်မည် ယုံကြည်သည်။
Author : Dr. 528