အခုခေတ်ဟာတိုးတက်လာတာနဲ့အမျှ ကွန်ပျူတာနဲ့လုပ်ရတဲ့အလုပ်တွေလည်းပိုများလာပါတယ်။ အရင်တုန်းက စာရင်းတွေကို စာအုပ်နဲ့ရေးမှတ်နေရာကနေ နောက်ပိုင်းမှာ ကွန်ပျူတာကို အစားထိုးသုံးလာကြပါတယ်။ ကွန်ပျူတာနဲ့ အလုပ်လုပ်တဲ့အခါမှာ အလုပ်တွေ ပိုအဆင်ပြေပေမယ့် တစ်နေကုန်နီးပါး ထိုင်ရတာ စာစီစာရိုက်လုပ်ရတာတွေကြောင့် ကျန်းမာရေးနဲ့ပတ်သက်ပြီး ထိခိုက်မှုတွေရှိတတ်ပါတယ်။
ရုံးအတွင်း ကွန်ပျူတာနဲ့ စာစီစာရိုက်လုပ်ငန်းကို တစ်နေ့ခြောက်နာရီနှုန်းနဲ့ တစ်ပတ်ကို နာရီ၂၀ကျော်အလုပ်လုပ်ရသူတွေမှာဆိုရင် လက်ကောက်ဝတ် သို့မဟုတ် လက်မောင်း သို့မဟုတ် လက်မှာဒဏ်ပိတာတွေ ဖြစ်နိုင်ပါတယ်။ လက်အဆစ်တွေ ညောင်းတာကိုက်တာတွေ ဖြစ်နိုင်ပါတယ်။
ဒီလိုမျိူးဖြစ်တာကို သက်သာဖို့အတွက်ကတော့ သင်နဲ့ကွန်ပျူတာစကရင်ကို သင့်လက်အရှည်အတိုင်း အကွာအဝေး ချိန်ထားပါ။ နောက်ပြီး မျက်စိထိခိုက်မှုနည်းဖို့အတွက် ကွန်ပျူတာစကရင်ရဲ့ ထိပ်ဆုံးနေရာနဲ့ သင့်မျက်စိနဲ့ တစ်တန်းတည်း ထားပေးပါ။ နောက်သင်ထိုင်တဲ့ ကုလားထိုင်အမြင့်ဟာ သင့်လက်ကောက်ဝတ်က တံတောင်ဆစ်အောက် အနည်းငယ်ရောက်နေတဲ့ အနေအထားဖြစ်ရင် ပိုကောင်းပါမယ်။ နောက် သင့်ထိုင်ခုံက မြင့်လို့ဖြစ်ဖြစ် သို့မဟုတ် သင့်ကအနည်းငယ်ပုနေလို့ဖြစ်ဖြစ် သင့်ခြေဖဝါးနဲ့ကြမ်းပြင်နဲ့ လွတ်နေခဲ့မယ်ဆိုရင် ခြေထောက်အောက်မှာ ခွေးခြေသို့မဟုတ် ခုံပုလေး ခုထားပေးပါ။
ကွန်ပျူတာသမားများဟာ စာရိုက်ရတဲ့အပြင် တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတာကြောင့် ခါးနာတာ အောက်ပိုင်းနာတာ အစာမကြေတာ ဝမ်းချုပ်တာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ အချိန်ကြာမြင့်စွာ ထိုင်နေတာဟာ အမျိုးအစား၂ ဆီးချိုရောဂါ နဲ့ နှလုံးရောဂါဖြစ်ပွားမှုတွေနဲ့လည်း ဆက်စပ်မှုရှိတာကြောင့် အလုပ်ချိန်မှာ အချိန်ပြည့်နီးပါး ထိုင်ရတာ သို့မဟုတ် အလုပ်ချိန်ရဲ့ လေးပုံသုံးပုံလောက်ဟာထိုင်အလုပ်လုပ်ရတာမျိုးတွေ ရှိတဲ့သူတွေမှာ ဒီရောဂါတွေ ပိုဖြစ်ပွားပါတယ်။
ဒီအတွက် သင်ဟာ ကွန်ပျူတာနဲ့ အလုပ်လုပ်ရသူဖြစ်ရင် သင့်လုပ်ငန်းဆောင်တာတွေကို အနည်းငယ်ပြောင်းလဲပေးပါ။ ဆိုလိုတာက ရုံးကို ဆိုင်ကယ်စီးသွားမယ့်အစား စက်ဘီးကောင်းကောင်း(ပြိုင်ဘီး)ပဲဖြစ်ဖြစ်စီးပါ။ နောက်ရုံးရောက်ပါက ဓါတ်လှေကားအသုံးပြုပြီး အတက်အဆင်းလုပ်မယ့်အစား ရိုးရိုးလှေခါးကို မကြာခဏသုံးပေးပါ။ ရေများများ သောက်ပါ။ ဟင်းရွက်များများစားပါ။ နောက်ပြီး တစ်နာရီတစ်ခါလောက် မတ်တပ်ခဏရပ်တာ နှစ်နာရီတစ်ခါလောက် အိမ်သာသွားသလိုနဲ့ လမ်းလျှောက်တာမျိူးတွေ လုပ်သင့်ပါတယ်။
အဆုံးသတ်အနေနဲ့ကတော့ ကွန်ပြူတာသမားများဟာ အညောင်းမိလွယ်တာမျိုး ဖြစ်နိုင်တဲ့အတွက် ရုံးဆင်းချိန်တွေမှာလည်း ကိုယ်လက်လေ့ကျင့်ခန်း လိုက်စားတာမျိူးတွေလည်း လုပ်ကြပါလို့တိုက်တွန်းချင်ပါတယ်။
Author : Dr. 528