ကျွန်တော် ညနေခင်းကိုချစ်သည်။ ညနေခင်းကိုတကယ်ချစ်သည်။ မနက်ခင်းထက် ညနေခင်းအချိန်ကို ပိုသဘောကျသည်။ မနက်ခင်းသည် အလုပ်သွားစရာ အလုပ်လုပ်စရာတွေများသဖြင့် ကတိုက်ကရိုက် မြန်ပြီး အေးအေးဆေးဆေးမရှိလှဟု ထင်သည်။ အလုပ်ချိန်မမှီမှာ နောက်ကျမှာစိုးသဖြင့် လူအတော်များများဟာ စားသုတ်သုတ် သွားသုတ်သုတ် လုပ်ကြရသည်။
ညနေခင်းကား တစ်နေ့တာ အလုပ်လုပ်ပြီး အနားယူဖို့သာကျန်သဖြင့် အေးအေးဆေးဆေးရှိလှသည်။ညနေခင်းရဲ့အလှအပကို စိတ်ကြိုက်ခံစားနိုင်သည်။ ညနေခင်းတွင် ကျုံးဘေးလမ်းလျှောက်ကာ ကျုံးရေပြင်ကို ဖြတ်တိုက်လာသော လေနုအေးလေးများကို ရှုရှိုက်မည်။
ညနေခင်းတွင် သူများအပူတွေကိုနားမထောင်လို။ ကိုယ့်ရဲ့တစ်နေ့တာ စိတ်ဖိစီးမှုများကိုသာ ဖြေဖျောက်မည်။ ညနေခင်းတွင် ဆေးကျောင်းနားက အချစ်ရွာ မှာသူငယ်ချင်းတွေနဲ့ ကော်ဖီသောက်ရင်းတော်ကီပွားမည်။ ကျုံးဘေးမှာလမ်းလျှောက်ရင်း ပြေးရင်းနဲ့ ညနေခင်းရဲ့လေပြေထဲမှာ မိန်းမလှလေးတွေရဲ့ ဆံနွယ်လေးတွေ လွင့်နေတာကို ခံစားကြည့်ရှုမည်။
တချို့သူတွေက ညနေခင်းကို နေဝင်ချိန်ဖြစ်သည့်အတွက် မကြိုက်ကြတာလည်း ရှိသည်။ ကျွန်တော်ကတော့ ဒီလိုမဟုတ် ညနေခင်းသည် နေ့တနေ့၏ အဆုံးသတ်ဖြစ်တဲ့အတွက် ပိုအရေးကြီးသည်ဟုထင်သည်။ ဘောလုံးပွဲတစ်ပွဲတွင် အဆုံးသတ်ဟာအရေးပါသကဲ့သို့ နေ့တစ်နေ့ရဲ့ အဆုံးသတ်ဖြစ်တဲ့ညနေခင်းဟာလည်း အရေးပါပါတယ်။
ကျွန်တော်တို့ဟာညနေခင်းမှာ အနားယူအပန်းဖြေတာ စိတ်ညစ်တာတွေကို ဖြေဖျောက်ပြီးမှ အိပ်ရာဝင်သင့်သည်။ ဒါမှသာ နောက်နေ့များအတွက် အားအင်တွေ ပြည့်ဝပေလိမ့်မည်။ ညနေခင်းတွင် စိတ်အားတက်စရာ သီချင်းများ နားထောင်မည်။ စိတ်အရောင်လင်းလက်စေသည့် စာအုပ်တွေကို ဖတ်မည်။ လင်းသည့်ကဗျာများကို ရွတ်ဖတ်မည်။
တစ်နေကုန်အလုပ်လုပ်ပြီးနောက် ညနေခင်းတွင် ရှုပ်ထွေးတာတွေကို မတွေးပါ။ အရာရာကို ရိုးရှင်းစွာပဲတွေးမြင်မည်။ ညနေခင်းတွင် နှလုံးသားအသစ်နဲ့ ရှင်သန်မည်။ မနက်ဖြန်အတွက် ကျားငါးကောင်မဟုတ် ကျားဆယ်ကောင်ရဲ့အားနဲ့ ရှင်သန်ဖို့ကြိုးစားမည်။
သင်ဟာတစ်နေကုန် အလုပ်မှာအဆင်မပြေမှုများ ပင်ပန်းမှုများကြောင့် စိတ်တွေညစ်ပြီး စိတ်မှာမှောင်မိုက်နေပါသလား။ ညနေခင်းတွင် ရွှေရောင်ဝင်းသော ဘုရားစေတီ တဆူဆူသို့သွားပြီး ရွှေပန်းငွေပန်း ရွှေထီး ငွေထီး များနဲ့ ပန်းရေချမ်းဆီမီးများ ထွန်းညှိပူဇော်လိုက်ပါ။ ပြီးရင် လျှပ်စစ်မီးများထိန်ထိန်လင်းထွန်းထားသော ရွှင်ပျော်ပျော်စားသောက်ဆိုင်မှာ ညစာစားလိုက်ပါ။ သင့်ရဲ့မှောင်နေ ညစ်နေတဲ့စိတ်များ တမဟုတ်ချင်းကြည်လင် ဝင်းပလာပါလိမ့်မည်။
တကယ်လို့သင်ဟာ ညနေပိုင်းမှာအလုပ်များတဲ့သူဆိုရင် တစ်ရက်တစ်လေနားကာ သင့်ကိုယ်ပေါ်က အလုပ်နှောင်ကြိုးတွေကို ဖြတ်ပြီး ညနေခင်းမှာ လမ်းလျှောက်တာ တောင်ပေါ်တက်တာ အားကစားလုပ်တာ သူငယ်ချင်းတွေနဲ့ အချိန်ပေးပြီး စိတ်ညစ်စရာတွေကို ဖြေဖျောက်တာတွေ လုပ်ကြည့်ပါ။
လူဆိုတာအပြောင်းအလဲလုပ်ဖို့လိုပါတယ်။ “သင်ဟာ အပြောင်းအလဲမလုပ်ရင် သင့်ဘဝကျဆုံးနိုင်တယ်”လို့ ဒေါက်တာဂျွန်ဆင်က ပြောထားပါတယ်။ ထိုစကားဟာ မှန်ပါတယ်။ ဖုန်းလောကမှာ တချိန်က ကျော်ကြားခဲ့တဲ့ နိုကီယာ ကုမ္ပဏီ ဘာလို့ Touchscreen Handset တွေပေါ်လာတဲ့အခါမှာ အက်ပဲလ်တို့ ဆမ်ဆောင်းတို့ ဟွာဝေးတို့ရဲ့နောက်ကောက်ချခြင်း ခံရတာလဲ။ အမှားတစ်ခုခု လုပ်မိလို့လားဆိုတော့ မဟုတ်ပါ။ ပြောင်းလဲရမယ့်အချိန်မှာ မပြောင်းလဲခဲ့လို့ပါ။
“ကျနော်တို့ ဘာအမှား တစ်ခုမှ မလုပ်ခဲ့ပါဘူး ၊ ဒါပေတဲ့ ဘယ်လိုဖြစ်ဖြစ် ကျဆုံးခဲ့ပါပြီ ။”
နိုကီယာကို မိုက်ကရိုဆော့ဖ်ဆီ လွှဲအပ်လိုက်ရတဲ့ ပွဲမှာ နိုကီယာ CEO က မျက်ရည်တွေတွေ ကျရင်း ပြောသွားတာပါ ။
၂၀၀၅ တုန်းက လစဉ် လတိုင်း အသစ်ထွက်နေတဲ့ နိုကီယာဖုန်း မော်ဒယ်တွေ ကို ငေးမောကြည့် ရင်း တံတွေးလေးမျို ချနေခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေး ကောင်မလေးတွေရဲ့လက်ထဲမှာ အခုတော့ နိုကီယာ မဟုတ်ဘဲ ဆမ်ဆောင်းတို့ အက်ပဲလ်တို့ ရှောင်းမီတို့ဖြစ်လာကြပါပြီ။ အပြောင်းအလဲဆိုသည်မှာ နေရာတွေပြောင်းတာ စားသောက်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်ရွှေ့ပြောင်းစားတာကိုပြောတာမဟုတ်။ ဘဝတိုးတက်အောင် မိမိရဲ့ Life style နဲ့ Behaviour တွေကိုပြောင်းရမယ်။ အတွေးအခေါ်ဟောင်းတွေကို ပြောင်းရမယ်။
Author : Dr. 528