ယနေ့ခေတ်မှာ လူတိုင်းလိုလို အားဆေးများ မှီဝဲကြဖူးမှာပါ။ တချို့ဆို ဓာတ်စာ ဖြည့်စွက်စာများ Nutritions supplement များကိုလည်း ပုံမှန်
မှီဝဲကြပါသေးတယ်။ တချို့ဆို အားဆေးလေး ထိုးမှ လန်းသွားတာ ၊ တစ်လ တစ်ခါထိုးမှ အားရှိသလို ဖြစ်တယ်လို့တောင် ဆိုကြပါတယ်။ အဲ့တော့ အမေးရှိလာတာက အားဆေးတွေစားတာ ၊ထိုးတာ ၊ ဖြည့်စွက်စာ စားတာတွေ တကယ်ကောင်းသလားပေါ့။
လေ့လာထားချက်များ အရ ယနေ့ အချိန်အထိ ပြီးပြည့်စုံသော အားဆေးများ ၊ဖြည့်စွက်စာများ မရှိသေးပါ။ အားနည်းသည် ဆိုပြီး မိမိတို့ဘာသာ
အားဆေးများ ရေရှည် စွဲသောက်က ကျန်းမာရေးအတွက် ဆိုးကျိုးများဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် မိမိတို့ သုံးစွဲနေသော အားဆေးများသည် မိမိတို့
လိုအပ်သော ဗိုက်တာမင် အာဟာရပမာဏထက်များနေက အားဆေးအဆိပ်အတောက် ၊ ဗိုက်တာမင် အဆိပ်သင့်နိုင်ပါတယ်။
ဒါ့အပြင် အစားအသောက်များမှ ရသော ဗိုက်တာမင်များလောက် အားဆေးများသည် မကောင်းပါ။ ဥပမာ-နို့တစ်ခွက်တွင် ကယ်လ်ဆီယမ် ၊ပရိုတင်း ၊ဗိုက်တာမင် စီ ၊ ဖော့စဖရပ်စ်နဲ့ မဂ္ဂနီဆီယမ် တို့အပြင် အရိုးအတွက် လိုအပ်သော တခြားသော အာဟာရဓာတ်များ ပေါများစွာ ပါဝင်ပါတယ်။ ကယ်လ်စီယမ်ဆေးတောင့်များတွင်တော့ ထိုသို့သော အရာများပါဝင်လိမ့်မည် မဟုတ်။
အစားအသောက်များမှ ရသော အာဟာရဓာတ်များသည် အရသာ ကောင်းမွန်ရုံသာမက တခြားအားသာသည့် အချက်များလည်း ရှိပါသေးတယ်။ အားဆေးများတွင် ပါရှိသော ဓာတုပုံစံသည် သဘာဝပုံစံနဲ့ ကွဲပြားသဖြင့် ခန္ဓာကိုယ်မှ စုပ်ယူနိုင်မှုမှာလည်း သဘာဝလောက် မကောင်းပေ။ သဘာဝထွက်ဟင်းသီးဟင်းရွက်များတွင် ကင်ဆာရောဂါများ ၊နှလုံးရောဂါများ ၊ ဆီးချိုတို့ကို ကာကွယ်ပေးနိုင်သော Phytochemicals များပါရှိပါတယ်။ သိပ္ပံနည်းကျ လေ့လာထားချက်များအရ အသီးအရွက်များကို ပုံမှန်စားသုံးသူများသည် ကင်ဆာနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေနည်းကြောင်း တွေ့ရှိလာပါတယ် ။ ထိုသို့သော အစွမ်းသတ္တိမျိုး အားဆေးတွင် မရှိပါ။
ဘယ်အချိန်မှာ အားဆေးလိုမလဲဆိုရင်
-အသက်အရွယ်ကြီးလို့ဖြစ်စေ ၊မကျန်းမာလို့ဖြစ်စေ အစားအသောက်မစားနိုင်တဲ့အခါ
-အသားရှောင်သော အသီးအရွက်သာ စားသူတွေ
-စားသောက်ပုံမမှန်သူတွေ
-တချို့သော အစားအသောက်နဲ့မတည့်လို့ မစားသူတွေ
-ကိုယ်ဝန်ဆောင်တွေ
-ကလေးနို့တိုက် မိခင်တွေ
-နာတာရှည် မကျန်းမမာဖြစ်သူတွေ
-အချိန်ကြာမြင့်စွာ ဆေးဝါးမှီဝဲရသူတွေ
-အစားအသောက်များမှ အာဟာရများကို ခန္ဓာကိုယ်မှ ကောင်းစွာ မစုပ်ယူနိုင်သူတွေ (အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါရှိသူများ ၊ခွဲစိတ်ထားသူများ)
Author: ခေတ်သစ် ဇီဝက