တစ်နေ့ ဆေးခန်း ထိုင်နေတုန်း အသက် လေးဆယ်ကျော် အမျိုးသမီးနှစ်ယောက် ဆေးခန်းပြချင်လို့ ဆိုပြီး ဆေးခန်းထဲ ဝင်လာပါတယ်။
ဖြစ်နေတာမေးကြည့်လိုက်တော့ ဝမ်းသွားတာမှာ သွေးနဲ့ အကျိအချွဲရောနေလို့ သုံးရက်လောက်ရှိနေပြီ။ ဗိုက်ရစ်တာတော့မရှိပေမယ့် ဆီးခုံအထက်နဲ့ ဗိုက် ညာဘက် အပေါ်ပိုင်းက တစ်ခါတစ်လေအောင့်နေတတ်တာရှိတယ်။ အစားသိပ်မစားချင်ဘူး ဖြစ်နေပြီး၊ နည်းနည်းစားရုံ ပြည့်နေသလို ခံစားနေရတာလည်းရှိတယ်တဲ့။
ဝမ်းသွားပုံကို သေချာလိုက်မေးတော့မှ ဒီလိုဖြစ်နေတာ သုံးလလောက်ရှိပြီ။ ကြားထဲ ဖြစ်လိုက် ပျောက်လိုက်နဲ့ အခုပြန်ဖြစ်တာ သုံးရက်ပဲ ရှိသေးတယ်တဲ့။ ဝမ်းသွားပြီးလည်း မဝသလို ထပ်ထပ်သွားချင်သလို ဖြစ်နေတာလည်း ရှိပါတယ်တဲ့။ ဖြစ်တိုင်းဖြစ်တိုင်း ဆေးခန်းပြဆေးသောက်ရင်သက်သာသွားတတ်တယ်။ ပြီးပြန်ဖြစ်ရော ဆိုပြီးပြောပါတယ်။
အစားအသောက် စားချင်စိတ်လည်း အရင်လိုမရှိတာ၊ အရင် ကိုယ်ခန္ဓာထက်လည်း ပိန်လာတာ၊ နုန်းနေတာတွေ ဖြစ်နေတာကြောင့် အစ်မလုပ်တဲ့သူက မပေါ့နဲ့ဆိုပြီး ဆေးခန်းကို အတင်းခေါ်လာတာဆိုပြီး ပြောပါတယ်။
တခြားရောဂါရယ်လည်း ကြီးကြီးမားမား မဖြစ်ဖူးတာ၊ ဘာတိုင်းရင်းဆေးမှလည်း စွဲသောက်ဖူးတာ မရှိတာ၊ မိသားစုဝင်တွေမှာလည်း ရောဂါကြီးကြီးမားမားမရှိဖူးတာ ဆိုပြီး ဖြစ်လာတဲ့ အခါ နီးစပ်ရာဆေးခန်းတွေမှာ ပြပြီးဆေးသောက်လိုက်တာပဲလို့ လူနာဖြစ်သူက ဝင်ပြောပါတယ်။
လူနာကို စမ်းသပ်ကြည့်တော့လည်း ဖြူဖတ်ဖြူရော် ဖြစ်နေတာ တစ်ခုပဲ သေချာတွေ့ပါတယ်။ အဖျားလည်းမရှိ အလုံးအကျိတ်တွေလည်း မရှိပါဘူး။ ဒါပေမယ့် အသက်အရွယ်အရရော ပြောပြတဲ့ လက္ခဏာတွေ အရရော လူနာကို ပေါ့ပေါ့လေးပဲ သဘောမထားဖို့၊ သေချာစစ်ဆေးကြည့်ဖို့ လိုတာတွေကိုရှင်းပြရပါတယ်။
ရိုးရိုးဝမ်းကိုက်တာက ဖြူဖတ်ဖြူရော်ဖြစ်ပြီး ပိန်ကျသွားဖို့ မဖြစ်နိုင်တာလည်း ရှင်းရတယ်။ ရောဂါကြီးကြီးမားမားတစ်ခုခုရှိထားတယ်ဆိုလည်း စောစောစီးစီးရှာဖွေပြီးကုသဖို့လိုတယ်ဆိုတာရော၊ ဆေးသောက်တုန်းခဏတော့ ပျောက်တယ် ပြီး ပြန်ပြန်ဖြစ်နေတယ်ဆိုတာ မကောင်းဘူး ရောဂါတာရှည်နေတာလူနာကို အားယုတ်စေတတ်ပါတယ် ဆိုတာတွေ အချိန်ပေးပြီးရှင်းပြလိုက်ပါတယ်။
အခုလူနာမှာ ဘာရောဂါဖြစ်နေတာလဲ သိဖို့ဆိုတာ ရှာဖွေစစ်ဆေးတဲ့အခါ ပိုက်ဆံတတ်နိုင်နေလည်း အပြင်ဆေးခန်းတွေမှာဆို ငွေကုန်ကြေးကျရှိနေနိုင်တတ်ပါတယ်။ ဒါကြောင့် အစိုးရဆေးရုံပဲဖြစ်ဖြစ် တစ်ခါလောက် ပြကြည့်ပြီး သေချာစစ်ဆေးဖို့ လိုတယ်ဆိုတာလည်းရှင်းပြလိုက်ပါတယ်။
လူနာနဲ့အတူပါလာတဲ့ အစ်မကတော့ ဟုတ်ကဲ့ သေချာစစ်ဆေးပါ့မယ် ဆိုပြီးပြောနေပေမယ့် လူနာကတော့ အိမ်မှာပြန်တိုင်ပင်လိုက်ပါဦးမယ်ပဲ ပြောနေပါသေးတယ်။ နောက်ဆုံးပြန်ချိန်ထိလည်း လူနာကို ကင်ဆာအထိပြောပြလိုက်ပေမဟ့်လည်း လူနာကတော့ အိမ်မှာပြန်တိုင်ပင်လိုက်ပါဦးမယ်ပါပဲ။
ကိုယ်ကြည့်လိုက်တဲ့လူနာကို လူနာအရေးရှေ့ထားပြီး လိုအပ်လာရင် လွှဲပေးရတဲ့အခါ လူနာစိတ်ထဲ ဒီဆရာဝန်ကတော့ ပိုပြီး ငွေကုန်ကြေးကျများအောင်လုပ်တယ်လို့ မမြင်စေချင်ဘူး။ လူနာအတွက် အကောင်းဆုံးနည်းလမ်းတွေကို အမြဲစဉ်းစားနေပြီး ပြောရတာတွေကြောင့် တကယ်ရောဂါဖြစ်နေပြီဆိုရင်လူနာတွေအနေနဲ့ ပေါ့ပေါ့လေးလို့ သဘောမထားစေချင်ပါဘူး။
Author : Dr. CST