သားအိမ်ခေါင်းကင်ဆာရောဂါသည် ကာကွယ် နိုင်ပါသည်။ ကင်ဆာမဖြစ်မီအဆင့်ကို စောစီးစွာသိ၍ ကုသလျှင် လုံးဝပျောက်ကင်းနိုင်ပါသည်။ သို့ရာတွင် သားအိမ်ခေါင်းကင်ဆာကို ကြိုတင်မသိရှိခြင်းကြောင့် အရွယ်မတိုင်မီသေဆုံးနေ ကြပါသည်။ ထို့ကြောင့် မပေါ့ဆသင့်ပါ။
(၁) သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်သည့်အကြောင်းများ
သားအိမ်ခေါင်းကင်ဆာသည်အသက်ငယ်ရွယ်စဉ် လိင်ဆက်ဆံမှုပြုဖူးသူအမျိုးသမီး၊ လိင်ဆက်ဆံဘက်များသူ၊ လိင်နှင့်ပတ်သက်သော ရောဂါများရှိသည့် ယောက်ျားနှင့် လိင်ဆက်ဆံသူ၊ သန္ဓေတားဆေးများ ကြာရှည်မှီဝဲသူများ၊ သားသမီးများများမွေးဖွားသူများ၊ ဆေးလိပ်သောက်သော အမျိုးသမီးများ၊ မိန်းမကိုယ်နှင့် သားအိမ်ခေါင်းတွင် ကြွက်နို့များ ပေါက်ခြင်းနှင့် ရေယုန်ပေါက်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် မိန်းမကိုယ်သန့်ရှင်းရေးမကောင်းသူများနဲ့ ဗီတာမင်အေနှင့် စီချို့တဲ့သူများတွင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေများပါသည်။
(၂) သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာများ
သားအိမ်ခေါင်းကင်ဆာရောဂါ လက္ခဏာများမှာ အဖြူဆင်းခြင်း၊ ပုံမှန် မဟုတ်ဘဲသွေးဆင်းခြင်း၊ ဆီးစပ်နှင့်ခါးနာ ကျင်ကိုက်ခဲခြင်း၊ လိင်ဆက်ဆံမှုပြုပြီး ပါက သွေးဆင်းခြင်း၊ နာကျင်ခြင်း၊ ဆီးသွားခြင်းနှင့် ပတ်သက်၍ အခက်အခဲဖြစ်ခြင်း (ဥပမာ – ဆီးထဲသွေးပါခြင်း၊ ဆီးသွားရခက်ခြင်း) တို့ဖြစ်ပါသည်။
(၃) ရောဂါစောစီးစွာတွေ့ရှိရန်စမ်းသပ်ခြင်း။
အားအိမ်ခေါင်းကင်ဆာသည်နှစ်ပေါင်းများစွာ ကြာမြင့်ပါသည်။ သားအိမ်ခေါင်းရှိ ကလာပ်စည်းများကို စမ်းသပ်စစ်ဆေးခြင်း (Pap Smear) ဖြင့်သားအိမ်ခေါင်းကင်ဆာရောဂါကို စောစီးစွာ တွေ့ရှိနိုင်ပါ သည်။
အသက်(၂ဝ)နှင့်အသက်(၆ဝ) နှစ်အကြားလိင်ဆက်ဆံမှုရှိသူတိုင်း တစ်နှစ်တစ်ကြိမ် (၃)နှစ်ဆက်တိုက် စစ်ဆေး၍ ရောဂါမရှိပါက နောက်ပိုင်း(၃)နှစ်တစ်ကြိမ် စမ်းသပ်ရန်လိုအပ်ပါသည်။ အဆိုပါ စမ်းသပ်မှုတွင် သံသယရှိသူများ ကို သားအိမ်ခေါင်းအားမှန်ဘီလူးတပ်ထားသော မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Colopscopy) ပြုလုပ်သင့်ပါသည်။ မင်္ကာသော သားအိမ်ခေါင်းမှ အသားစ (Biopsy) ယူပြီး မှန်ဘီလူးဖြင့် စစ်ဆေးရပါသည်။
(၄) သားအိမ်ခေါင်းကင်ဆာကာကွယ်ခြင်း
အသက်ငယ်ရွယ်စဉ် အိမ်ထောင်ပြုမှုနှင့် လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး အထူး သဖြင့် မိန်းမကိုယ်နှင့် သားအိမ်ခေါင်းသန့်ှရှင်းရေးဂရုစိုက်ခြင်း၊ အိမ်ထောင်ဘက်မများခြင်း၊ လိင်ဆက်ဆံဘက်မများခြင်း၊ ဆေးလိပ်မသောက်ခြင်းနှင့် စားသုံးသောအစားအစာတွင် ဗီးတာမင်အေ၊ ဗီတာမင်စီနှင့် အခြားဗီတာမင်များချိုတဲ့မှုမရှိရန် စားသုံးခြင်းတို့ကို လိုက်နာဆောင်ရွက်ရပါမည်။
(၅) အကြံပြုချက်
သားအိမ်ခေါင်းကင်ဆာသည် ရင်သားကင်ဆာကဲ့သို့ အမျိုးသမီးများကို လွန်စွာဒုက္ခပေးပါသည်။ ကာကွယ်ခြင်း သည် ကုသခြင်းထက်ပို၍ ကောင်းသောကြောင့် သားအိမ်ခေါင်းကင်ဆာမဖြစ်စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ကြောင့် အကြံပြုအပ်ပါသည်။
Author:ဒေါက်တာမင်းသူရိန်, Healthcare Journal, vol 8,no 35 (15.9.17)