ရာသီလာရင် ဟော်မုန်း အပြောင်းအလဲတွေကြောင့် အမျိုးသမီးတော်တော်များများဟာ ဝေဒနာ ခံစားရတတ်ပါတယ်။ ထိုခံစားရတဲ့ ဝေဒနာတွေကို ရာသီကြိုလက္ခဏာစု Premenstrual tension syndrome လို့ခေါ်တယ်။
ထိုလက္ခဏာတွေကတော့ စိတ်အလိုမကျခြင်း ၊စိတ်ဆတ် ၊စိတ်ဓာတ်ကျခြင်း ၊ခေါင်းကိုက်ခြင်း ၊စိုးရိမ်သောကများ ၊ကိုယ်လက်မအီမသာဖြစ်ခြင်း ၊ရင်သားတင်းရင်းခြင်း ၊ချိုတဲ့အရာတွေကို စားချင်စိတ်ပြင်းပြခြင်း စတာတွေပဲဖြစ်ပါတယ်။
ဘာတွေ စားသောက်သင့်သလဲ
-ဂါမာ လိုင်နိုလီရစ် အက်ဆစ် Gamma linoleic acid ပါတဲ့ Evening primrose oil က ရင်သားတင်းရင်း နာကျင်ခြင်းနဲ့ စိတ်အပြောင်းအလဲကို ဖြစ်စေတဲ့ ပရိုလက်တင်ကို လျော့ချပေးပါတယ်။
-ဗိုက်တာမင် ဘီ စစ် ပါတဲ့ အခွံမာငါး ၊အသား ၊အသည်းအမြစ် ၊ပန်းဂေါ်ဖီ ၊ဂေါ်ဖီထုပ်၊ဟင်းနုနယ် ၊ပဲနီလေးနဲ့ ငှက်ပျောသီးတွေကို စားပေးခြင်းဖြင့်လည်း ဝေဒနာအချို့ကို သက်သာစေပါတယ်။
-အီစထရိုဂျင် ဟော်မုန်းလ် အတက်အကျကို ထိန်းဖို့အတွက် အပင်ကရတဲ့ Plant Estrogen များကို စားဖို့လည်း လိုပါတယ်။ ဘာတွေစားရမလဲ ဆိုရင် ပဲပိစပ် ၊ကုလားပဲ ၊ပဲနီလေး ၊ချင်း ၊ပဲသီးနဲ့ တရုတ်နံနံတို့ကို စားပေးပါ။
-သဘာ၀ သစ်သီးဖျော်ရည်များ သောက်ပေးပါ။
-ထုံးဓာတ် ကြွယ်ဝတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းများ ၊ဆာဒင်းငါးတွေ စားပါ။
-မဂ္ဂနီဆီယမ်ပါတဲ့ အစိမ်းရောင်ရှိ အသီးအရွက်များနဲ့ နှံစားသီးနှံများကိုလည်း စားပါ
-ခရိုမီယမ်ဟာလည်း စိတ်အပြောင်းအလဲဖြစ်ခြင်းကို သက်သာစေတဲ့အတွက် သူပါသော အသားတွေ ၊အခွံမာအသီးတွေ ၊သစ်ကြားသီးနဲ့ ဥအမျိုးမျိုးကို စားပေးပါ။
-သွပ်ဓာတ်ပေါကြွယ်ဝသော ကမာ ၊ကဏန်းစတဲ့ ပင်လယ်စာများ ၊အသားများ ၊နှမ်း၊နေကြာဆီ ၊ကြက်ဥအနှစ်များကို စားပေးပါ။
-အိုမီဂါ ၃နဲ့ ၆ဟာ နာကျင်ခြင်းကို သက်သာစေတဲ့အတွက် သူတို့ပါတဲ့ အစေ့အဆန်များ ၊အခွံမာ အသီးများ ၊ဆာဒင်းငါးများကို စားသုံးပေးပါ။
ဘာတွေ ရှောင်ရမလဲ
-ကဖင်းပါသော လက်ဖက်ရည် ၊လက်ဖက် ၊ကော်ဖီ ၊ကိုလာ စတာတွေဟာ စိတ်လက် မအီမသာဖြစ်ခြင်း ၊ခေါင်းကိုက်ခြင်းတို့ကို ပိုဆိုးစေတဲ့ အတွက် ရှောင်ပါ။
-အချိုများ စားသုံးခြင်းကို လျော့ပါ။
Author : ခေတ်သစ် ဇီဝက