တရားထိုင်ခြင်းနဲ့ ကျန်းမာရေး
တရားထိုင်ခြင်းသည် ဘာသာတရားအများစုမှာ တွေ့ရတတ်ပါတယ်။ တရားထိုင်ခြင်းသည် စိတ်ကြည်လင်ခြင်း ရှိစေတာကို တရားထိုင်ဖူးသူတိုင်း ခံစားနားလည်ဖူးမှာပါ။ ဒါ့အပြင် တခြားသော ကျန်းမာရေး အကျိုးကျေးဇူးများ ရှိတာကိုသိတဲ့လူ အတော်နည်းပါတယ်။ ထိုအကြောင်းလေးများကို ရေးသားဖော်ပြပါ့မယ်။
တရားထိုင်ခြင်းကို သိပ္ပံနည်းကျ လေ့လာထားချက်များ အရ ၃မျိုး ၃စား ရှိတာ တွေ့ရပါတယ်။
(၁) Transcendental meditation
– ဒီနည်းကို ဟိန္ဒူ ဘာသာဝင် အများစု ကျင့်သုံးကြပါတယ်။
– မန္တန်တွေ ရွတ်ပြီး စိတ်ရော ကိုယ်ပါ ဖြေလျော့ခြင်းကို အသုံးပြုကြပါတယ်။
(၂) Concentrative meditation
– ဒီနည်းကတော့ ဝင်လေ ထွက်လေ မှတ်ခြင်း ၊အသံ ၊အနံ့ တစ်ခုခုကို အာရုံစူးစိုက်မှတ်ခြင်းပါ။
(၃) Mindful meditation
– ပြင်ပ အာရုံငါးပါးထဲမှ တစ်ခုခုကို အာရုံထား မှတ်ခြင်းပါ။
သိပ္ပံပညာရှင်တွေ လေ့လာထားချက်များအရ တရားထိုင်ရင် အောက်ပါ ဟော်မုန်းလ် ဓာတ်တွေ ထွက်လာပါတယ်။
(၁) ဆီရိုတိုနင် Serotonin
-ဆီရိုတိုနင်သည် ဦးနှောက်ရှိ ဆဲလ်လေးတွေ အပေါ် အဓိက သက်ရောက်ပါတယ်။ စိတ်ကြည်လင် ရွှင်လန်းခြင်းနဲ့ အိပ်ကောင်းခြင်း ၊စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျဆင်းခြင်းများ သက်သာစေပါတယ်။
-နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပေးပါသေးတယ်။
(၂) ဒီအိပ်ချ်အီးအေ DHEA
-DHEA သည် အသက်ရှည်စေတယ်လို့ ဆိုပါတယ်။ အသက်ရှည်နည်းများကို ရှာဖွေနေသောဒေါက်တာ ဗင်းဆင့် ၊ Antiaging အမေရိကန် ဘုတ်အဖွဲ့အစည်းကြီးရဲ့ ဥက္ကဌဟောင်းက တရားထိုင်သူတွေရဲ့ ၄၇ ရာခိုင်နှုန်းလောက်မှာ DHEA ထွက်ကာ အရွယ်တင် နုပျိုကြကြောင်း တွေ့ရှိရပါတယ်။
-နှလုံးကျန်းမာရေးကို ထောက်ကူပေးကာ ဦးနှောက်စွမ်းအားကို မြှင့်တင်ပေးပါတယ်။
-ရောင်ရမ်းနာတွေကိုလည်း သက်သာစေပါတယ် ။
(၃) ဂါဘာ GABA
-GABA ဆိုတဲ့ ဟိုမုန်းလ်သည် စိတ်တည်ငြိမ်အေးချမ်းစေရာမှာ ထောက်ကူပေးကြောင်း ဘောစတွန် တက္ကသိုလ်က ၂၀၁၀ မှာ တွေ့ရှိခဲ့ပါတယ်။
-စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကို သက်သာစေကာ အိပ်ကောင်းစေပါတယ်။
(၄) အန်ဒိုဖင်း Endorphine
-Endorphine ဟိုမုန်းလ်သည် နာတာရှည် ရောင်ရမ်းနာတွေကို သက်သာစေတဲ့အပြင် စိတ်လက်ချမ်းသာကာ နေသာထိုင်သာ ရှိစေပါတယ်။
(၅) ကြီးထွား ဟိုမုန်းလ်
-ကြီးထွား ဟိုမုန်းလ် Growth hormone နည်းရင် အရိုးပါးမယ် ၊ အဆီတွေ ပုံလာမယ် ၊ ကြွက်သားတွေ အားနည်းလာမယ်။
-တရားထိုင်ခြင်းသည် ဒယ်လ်တာလှိုင်းများ ထွက်စေကာ ကြီးထွား ဟိုမုန်းလ်ကို ထွက်စေခြင်းဖြင့် ကြွက်သားနဲ့ အရိုးတွေ အားကောင်းလာမယ် ၊အဆီကျမှုကို ထောက်ကူပေးတယ်။
(၆) မယ်လတိုနင် Melatonin
-Melatonin သည် အိပ်ကောင်းစားဝင်စေကာ ကိုယ်ခံအားတက်စေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်။
(၇) Stress ဟိုမုန်းလ်
– Stress ဟိုမုန်းလ်ဖြစ်တဲ့ Cortisol ကောတီစော ဓာတ်တွေကျဆင်းစေကာ စိတ်ဖိစီးမှု နဲ့ ရောင်ရမ်းခြင်းများကို သက်သာစေတယ်။
-ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာများကိုလည်း ကောင်းမွန်စေပါတယ်။
Author : ခေတ်သစ် ဇီဝက