လက်ဝှေ့ပွဲများ တီဗွီမှ တိုက်ရိုက်ထုတ်လွှင့်လျက်ရှိရာ လက်ဝှေ့ကစားလျှင် ကျန်းမားရေးအတွက်အကျိုးကျေးဇူးများကို သိလို၍ မေးသူများရှိပါတယ်။ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် လက်ဝှေ့ကစားခြင်းက ပေါ်ပြူလာဖြစ်လာပါတယ်။ အဆိုပါ ကစားနည်းသည် စိတ်ရောကိုယ်ပါ စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရသော အကောင်းဆုံး ကိုယ်လက်လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ လက်ဝှေ့ကစားခြင်းသည် ကြွက်သားများ သန်မာစေရုံသာမက စိတ်ဖိစီးမှုများကိုလည်း လျော့ကျစေပါတယ်။ ကိုယ်အလေးချိန်လျော့ကျမှုတွင် သဘာဝနည်းဖြင့် အကောင်းဆုံး ကယ်လိုရီလောင်ကျွမ်းစေနိုင်သော ကစားနည်းတစ်ရပ်ဖြစ်ပါတယ်။
(1)အဆီများလောင်ကျွမ်းခြင်း
လက်ဝှေ့တစ်ချီကစားလျှင် ကယ်လိုရီ ၅၀၀ ခန့် အများဆုံး လောင်ကျွမ်းနိုင်ပါတယ်။ လက်ဝှေ့ကစားခြင်းရဲ့ အကျိုးကျေးဇူးတစ်ရပ် ဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျော့ကျမှုအတွက် အကောင်းဆုံးကစားနည်း တစ်ရပ်ဖြစ်ပါတယ်။
(2)ကြွက်သားများတောင့်တင်းခြင်း
အမျိုးသားများအတွက် ကြွက်သားတောင့်တင်းမှုရရန် ပုံမှန်လက်ဝှေ့ကစားခြင်းဖြင့် ရရှိနိုင်ပါတယ်။
(3)အရိုးနှင့် အရွတ်များ သန်မာမှုရှိခြင်း
လေ့ကျင့်မှုများသည် အရိုးကိုသန်မာစေပြီး အရိုးပွရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ သဲအိတ်များ၊ boxingအိတ်များဖြင့် လေ့ကျင့်ခြင်းဖြင့် အရိုးများ၊ အရွတ်အကြောများသည် တန်ပြန်စွမ်းအင်ကြောင့် ပိုမိုသန်မာလာစေပါတယ်။ မလိုအပ်သော အဆီများ ဖယ်ရှားကာ ကြွက်သားများသန်မာမှုကို ထိန်းသိမ်းပေးပါတယ်။
(4)နှလုံးနှင့် သွေးကြောကြံ့ခိုင်မှုတိုးခြင်း
လက်ဝှေ့ကစားခြင်းသည် ကိုယ်ခန္ဓာ တစ်ခုလုံးတပြိုင်နက် လှုပ်ရှားကစားရသောကြောင့် ကြွက်သားများ ကျုံဆန့်မှု တပြိုင်နက်ဖြစ်စေပါတယ်။ ထို့ကြောင့် နှလုံးနှင့်အဆုတ်သည် တစ်ကိုယ်လုံး အောက်ဆီဂျင်ရရှိစေရန် သွေးများကို ညှစ်ထုတ်သန့်စင်ပေးရပါတယ်။ လက်ဝှေ့ထိုးခြင်းသည် နှလုံးနှင့်အဆုတ်လှုပ်ရှားမှုကို အကောင်းဆုံး လုပ်ဆောင်နိုင်ရန် လေ့ကျင့်ပေးသကဲ့သို့ ဖြစ်စေပါတယ်။
(5)ကြွက်သားများ ခံနိုင်ရည်တိုးခြင်း
လက်ဝှေ့ကစားခြင်းသည် ကြွက်သားများ ထပ်တလဲလဲ ကျုံ့ဆန့်ရသောကြောင့် ကြွက်သားများအားနည်းလာပါတယ်။ သို့သော် လေ့ကျင့်မှု များလာသောအခါ အချိန်အတန်ကြာသည်အထိ ကြွက်သားအားနည်းမှုမရှိဘဲ ခံနိုင်ရည်တိုးမြှင့်ကာ ကယ်လိုရီများစွာ ပိုတိုးလောင်ကျွမ်းစေပါတယ်။
(6)ဟန်ချက်ညီမှု
လက်ဝှေ့ကစားခြင်းသည် ကြွက်သားများ ဟန်ချက်ညီ လှုပ်ရှားနိုင်ရန် အကျိုးပြုပါတယ်။
(7)ကိုယ်တွင်းစွမ်းအားတိုးပွားခြင်း
လက်ဝှေ့ကစားခြင်းသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများရှိ ကြွက်သားများကို တဘက်မှ အားနှင့်ပြင်းထန်မှုကို တုံ့ပြန်ခံနိုင်ရည်ရှိအောင် လေ့ကျင့်သောကြောင့် မိမိရဲ့စွမ်းရည်နှင့် လုပ်ဆောင်မှုစွမ်းအားတိုးတက်စေပါတယ်။
(8)စိတ်ဖိစီးမှု လျော့ကျခြင်း
လက်ဝှေ့ကစားခြင်းသည် မိမိရဲ့ စိတ်ဖိစီးမှု လျော့ချပေးနိုင်စွမ်းရှိပါတယ်။ မိမိစိတ်ထွက်ပေါက်အဖြစ်အသုံးပြုနိုင်ပါတယ်။ ကစားပြီးနောက် စိတ်ဖိစီးမှု လျော့ကျပြီး ပုံမှန်ဘဝကို ပြန်လည်ရရှိစေနိုင်ပါတယ်။
(9)ကိုယ်ခန္ဓာချိတ်ဆက်မှုအားကောင်းခြင်း
လက်ဝှေ့ကစားခြင်းသည် တစ်ချိန်တည်းမှာ တစ်ကိုယ်လုံးလှုပ်ရှားရသဖြင့် ဦးနှောက်နှင့် ကိုယ်ခန္ဓာချိတိဆက်မှု အားကောင်းစေပါတယ်။
(10)ယုံကြည်မှုတိုးပွားခြင်း
လက်ဝှေ့ကစားခြင်းသည် စိတ်ရောကိုယ်ပါ စွမ်းဆောင်ရည်မြင့်မားသည်ဟု ခံစားသိရှိရသောကြောင် မိမိကိုယ်မိမိယုံကြည်မှု တိုးပွားလာသည်ဟု ခံစားနိုင်ပါလိမ့်မယ်။
Author : Dr. ပြည့်ရှင်း