HERPES ဗိုင်းရပ်(စ်)ရောဂါဟာ လိင်မှတစ်ဆင့်ကူးစက်ရောဂါလို့ ဆိုသော်ငြားလည်း တစ်ခါတစ်လေ လိင်မှကူးစက်တာမဟုတ်ပဲ အရေပြားခြင်းသာမာန်ထိတွေ့မိရုံနဲ့တင် ကူးစက်တတ်ပါတယ်။တချို့ကမျက်နှာ၊ နှုတ်ခမ်းတွေမှာဖြစ်သလို တချို့က လိင်အင်္ဂါပ်လည် စအိုနဲ့တင်ပါးတွေမှာ အဲဒီအရေပြား ရောဂါကူးစက်ခံရတတ်ပါတယ်။
မေး – ဘယ်လို ဗိုင်းရပ်(စ်) ရောဂါမျိုးလဲ
ဖြေ – ရောဂါပိုး (၂)မျိုး ရှိပါတယ်။ အမျိုးအစား (၁) HERPES ဗိုင်းရပ်(စ်)နဲ့ အမျိုးအစား (၂) ဆိုပြီး ရှိပါတယ်။ အမျိုးအစား (၁)က လိင်အင်္ဂါမှလွဲပြီး ဖြစ်တတ်ကာ၊ အမျိုးအစား (၂)က လိင်အင်္ဂါ ပတ်လည်မှာ ဖြစ်တတ်ပါတယ်။ စဖြစ် ဖြစ်ခြင်း ပိုပြင်းထန်တတ်ပါတယ်။ ဖြစ်တဲ့ နေရာမှာရှိတဲ့ အရေပြားအောက် ခံစားမှု အာရုံကြောမှာ စနေတတ်ပြီး ပြန်ကြွတတ်ပြီး ပြန်ဖြစ်တတ်ပါတယ်။
မေး – ဘယ်လိုဝေဒနာ ခံစားရပါသလဲ။
ဖြေ – ယားယံတဲ့ အရေကြည်ဖုစဖြစ်ပြီး အရည်ကြည်ဖုကွဲပြီး ထိလိုက်လျှင် နာကျင်တဲ့ အနာဖြစ်လာပါတယ်။ ဆီးလမ်းကြောင်းထဲ အမျိုးသမီးအင်္ဂါထဲ၊ သားအိမ်ခေါင်းထဲ၊ စအိုထဲဝင်သွားလျှင် ဆီးလမ်းထဲအမျိုးသမီးအင်္ဂါထဲမှ အရည်တစ်မျိုး ထွက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားတဲ့အခါ နာကျင်ခြင်း၊ စအိုပတ်လည်တွင် နာကျင်ခြင်း ဖြစ်တတ်ပါတယ်။ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ မလှုပ်ချင်မကိုင်ချင်ဖြစ်တတ်ခြင်း ဖြစ်သလို ပေါင်ခြံတွင် အကျိတ်ခိုပြီး နာတာတွေ ဖြစ်တတ်ပါတယ်။အဲဒီလို ယားယံ၊ အရေပြားအနာဖြစ်တာကို ကိုင်တယ်မိတဲ့အလျောက် တစ်ခြားနေရာတွေကို ကူးစက်တတ်ပါတယ်။ ဆီးအိမ်တင်းတာနဲ့ ဦးနှောက်အမြှေးပါးရောင်တာတွေကို ရှားရှားပါးပါး ဖြစ်တတ်ပါမယ်။စဖြစ်တဲ့နေရာက မကုသပဲ (၂-၄)ပတ်အတွင်းအနာပြန်ကျက်တတ်ပါတယ်။ ပြန်ဖြစ်ရင် ရောဂါက ပျော့ပြီးခဏတာပဲ ဖြစ်တတ်ပါတယ်။ ပြန်ဖြစ်ချင်ပြီဆိုလျှင် ယားယံခြင်း သို့မဟုတ် ပူစပ်ပူလောင် ခံစားရတတ်ပါတယ်။ ခြေထောက်၊ ပေါင်၊ တင်ပါးတွေမှာ အာရုံကြော နာကျင်ခြင်း ဖြစ်တတ်ကြပါတယ်။လက္ခဏာမပြပဲ ဗိုင်းရပ်(စပ်)ပိုးတွေ အနာကနေ ကွာကျတာက ကူးစက်မှုဖြစ်တတ်ပါတယ်။
မေး – ရောဂါကို ဘယ်လိုရှာဖွေသလဲ။
ဖြေ – အရည်ကြည်ဖု သို့မဟုတ် အနာကနေ အရည်ကိုယူပြီး DNA ရှာဖွေခြင်း၊ တစ်သျှူးမွေးခြင်း၊ အမျိုးအစားခွဲခြင်း ပြုလုပ်နိုင်ပါတယ်။ ဗိုင်းရပ်(စ်)ပိုးဆိုတာက သေးငယ်လွန်းတာဆိုတော့ ELECTRON အနုကြည့် မိုက်ခရိုစကုပ်နဲ့ ကြည့်မှ ပိုးကို မြင်နိုင်ပါမယ်။
မေး – ဘယ်လိုကုသမှု ခံယူသင့်သလဲ။
ဖြေ – ရောဂါဖြစ်ပြီး ၅ ရက်အတွင်းမှာ ဆေးကို စတင်သောက်ရပါမယ်။ ACICLOVIR 200 မီလီဂရမ်ကို တစ်နေ့ ၅ ကြိမ် အနည်းဆုံး ၅ ရက် ဆက်သောက်ရပါတယ်။ FAMCICLOVIR, VALACICLOVIR စတဲ့ ဆေးတွေလည်း သောက်နိုင်ပါတယ်။ခဏခဏပြန်ဖြစ်ရင် အဲဒီဆေးကိုပဲ ပြန်ပြန်သောက်ရပါမယ်။ သိပ်ဆိုးလာလျှင် တစ်နှစ်လောက် အနည်းဆုံး သောက်နေရပါမယ်။ ဆေးကို ပိုပြီး ပိုသုံးရတတ်ပါတယ်။
မေး – HERPES ရောဂါနဲ့ ကိုယ်ဝန်ဆောင်ခဲ့ရင် ဘယ်လို ကာကွယ်ရပါသလဲ။
ဖြေ – ကိုယ်ဝန်ဆောင်နေစဉ် အမျိုးသားမှာ အဲဒီရောဂါဝင်နေလျှင် လိင်ဆက်ဆံတဲ့အခါ ကွန်ဒွန်သုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်တွေမှာ အဲဒီရောဂါပိုး ပြန့်နှံ့မှုက များတတ်ပါတယ်။ ကိုယ်ဝန် လရင့်တဲ့အခါ ဆိုလျှင်တော့ သွေးထဲ ပျံ့နှံ့မှုက အသက်အန္တရာယ် ရှိတတ်တဲ့အတွက် ACICLOVER ဆေးက တိုက်ကိုတိုက်ရပါမယ်။ ၃ – ၄ ပတ်ကျော်တဲ့ အချိန်ထိ ရောဂါဖြစ်နေပြီဆိုလျှင် ဗိုက်ခွဲမွေးဖို့ ဆုံးဖြတ်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မွေးလမ်းကြောင်း ဗိုင်းရပ်(စ်)ပိုးကြွေကျဖို့ အခွင့်အရေးများပြီး မွေးကင်းစကလေးကို ကူးစက်နိုင်လို့ပါ။
Author: အေးကမ္ဘာ ဒေါက်တာချစ်, Healthcare Journal, vol 8,no 39(13.10.17)