ဂျင်းကောင် မဟုတ်တဲ့ သုတ်ကောင်
သုတ်ကောင်ကို ဆေးပညာအရ Spermatozoa လို့ခေါ်ပါတယ်။ သုတ်ကောင်တွေကို ထုတ်လုပ်ပေးတဲ့နေရာကတော့ Testes လို့ခေါ်တဲ့ ဝှေးစေ့နှစ်လုံး ဖြစ်ပါတယ်။ ဝှေးစေ့ကနေ ထုတ်လုပ်လိုက်တဲ့ သုတ်ကောင်တွေကို Epididymis လို့ခေါ်တဲ့ ဝှေးညှာမှာ သိုလှောင်ထားပါတယ်။
အမျိုးသားတစ်ယောက်ဟာ မိမိဘာသာ အာသာဖြေလို့ဖြစ်ဖြစ် သို့မဟုတ် အမျိုးသမီးတစ်ဦးနဲ့ လိင်ဆက်ဆံလို့ပဲဖြစ်ဖြစ် စိတ်ကျေနပ်မှု အထွတ်အထိပ်ရောက်တဲ့အခါမှာ သုတ်လွှတ်ပါတယ်။ သုတ်လွှတ်ဖို့ရန်အတွက် သုတ်ပိုးတွေက ဝှေးညှာရဲ့အောက်ခြေနေရာကနေ စထွက်ပါတယ်။ ထိုမှတဆင့် ဆီးကျိတ်(Prostate gland) ကနေထုတ်ပေးတဲ့ Prostatic fluid ၊ ဆီမီနယ်ဂလင်း(Seminal gland) ကနေထုတ်ပေးတဲ့ Seminal fluid စတဲ့ အရည်နှစ်မျိုးနဲ့ရောပြီး ဆီးထွက်ပြွန်(Urethra)ကနေ ထွက်လာပါတယ်။
သုတ်ပိုးတွေရယ် ဆီးကျိတ်ဂလင်း(Prostate gland) ကနေ ထုတ်ပေးတဲ့ Prostatic Fluid နဲ့ ဆီမီနယ်ဂလင်းကနေ ထုတ်ပေးတဲ့ Seminal Fluid ဆိုတဲ့အရည်နှစ်မျိုးရယ် ရောပြီး ထွက်လာတဲ့အရည်ကို သုတ်ရည် (Semen) လို့ခေါ်ပါတယ်။
သုတ်တစ်ခါလွှတ်ရင် သုတ်ရည်ပမာဏ ၂ မီလီလီတာကနေ ၅ မီလီလီတာ ထွက်ပါတယ်။ ကိုယ်ဝန်ရဖို့ဆိုရင် သုတ်ရည် ၁ မီလီလီတာမှာ အနည်းဆုံး သုတ်ပိုးအရေအတွက်၂၀ မီလီယံ (သန်း၂၀) အထက် ပါရပါမယ်။ သန်း၂၀အထက်ပါတဲ့အထဲမှာ ကောင်းကောင်း လှုပ်ရှားမှုပြုနိုင်တဲ့ သုတ်ပိုးအရေအတွက်ဟာ ၅၀ရာခိုင်နှုန်း အထက် ရှိဖို့လိုပါတယ်။ သုတ်ရည်တစ်လီတာမှာ သုတ်ပိုးသန်း ၆၀ လောက်တော့ ပါပါရဲ့။ ပါတဲ့သန်း၆၀ လုံးက သိပ်မလှုပ်ရှားနိုင် မရွေ့နိုင်တာတွေချည်းပဲဆိုရင်လည်း ကလေးမရနိုင်ဘူး။
သုတ်ကောင်တစ်ကောင်ကို X ခရိုမိုဇုမ်း သို့မဟုတ် Y ခရိုမိုဇုမ်း ဆိုတဲ့ ဒီအင်အေ မော်လီကျူးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ X ခရိုမိုဇုမ်း ပါတဲ့သုက်ကောင်နဲ့ မမျိုးဥ ပေါင်းမိရင် သမီးမိန်းကလေး မွေးနိုင်တယ်။ Y ခရိုမိုဇုမ်းပါတဲ့ သုတ်ကောင်နဲ့ မမျိုးဥပေါင်းမိရင်တော့ သားယောင်္ကျားလေးမွေးနိုင်တယ်။
သုတ်ကောင်တစ်ကောင်မှာ ခေါင်းပိုင်း၊ ကိုယ်ပိုင်းနဲ့ အမြီးပိုင်း ဆိုပြီး ၃ပိုင်း ပါရှိပါတယ်။ ခေါင်းပိုင်းမှာ ခုနကပြောတဲ့ X သို့မဟုတ် Y ခရိုမိုဇုမ်းဆိုတဲ့ ဒီအင်အေမော်လီကျူးတွေ ပါတယ်။ ကိုယ်ပိုင်းမှာ လှုပ်ရှားနိုင်ဖို့ စွမ်းအင်ထုတ်ပေးမယ့် ပစ္စည်းတွေ ပါတယ်။ အမြီးပိုင်းကတော့ လှုပ်ရှားကူးခတ်ဖို့ အတွက်ပါပဲ။
သုတ်ကောင်လေးတွေရဲ့ရွေ့လျားနှုန်းက တစ်စက္ကန့်ကို ၅မီလီမီတာ (သုညဒသာမနှစ် လက်မ) ရှိပါတယ်တဲ့။
သုတ်လွှတ်ခြင်းခံရတဲ့ သုတ်ကောင်လေးတွေက ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်လဲ ဆိုတာကတော့ ဘယ်နေရာရောက်သွားလဲ ပေါ်မူတည်ပါတယ်။မိန်းမကိုယ်ထဲ ရောက်သွားရင်တော့ ငါးရက်နီးပါး အသက်ရှင်နိုင်ပြီး၊ မိန်းမကိုယ်မဟုတ်တဲ့ နေရာရောက်သွားတာ (ဥပမာ အပြင်မှာပြီးတာ) ဆိုရင် နာရီအနည်းငယ်ပဲ အသက်ရှင်ကြပါတယ်
ဒါကြောင့် သုတ်ရည်ပေနေတဲ့ အကိုရဲ့ဘောင်းဘီကို ညီမက ယူဝတ်လိုက်လို့ကိုယ်ဝန်ရတယ်ဆိုတဲ့ အဖြစ်အပျက်တွေ ပေါ်လာရတာပါ။ သို့သော် ဒါမျိုး ဖြစ်တာမျိုးကလည်း အရမ်းအရမ်းရှားပါတယ်။
အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ဆေးလိပ်သောက်တာ၊ အဆီများတဲ့အစားစာတွေစားတာ၊ လက်တော့ကို ပေါင်ပေါ်တင်ပြီး အချိန်အကြာကြီး သုံးတာ၊ ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားတာ စတဲ့အကျင့်တွေဟာ သုတ်ကောင်တွေရဲ့ အရည်အသွေးနဲ့ ပမာဏာ (Quality and Quantity) ကို ထိခိုက်စေတဲ့ အမူအကျင့်တွေပါ။ ဒါကြောင့် သင်က ကိုမျိုးအောင် ဖြစ်ချင်ရင် (သားသမီးများများ ထွန်းကားချင်ရင်) တော့ ဒီအမူအကျင့်တွေကို ရှောင်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။
Author : Dr. 528