တစ်နေ့တစ်နေ့ မနက်အိပ်ယာထလို့ မျက်စိဖွင့်တဲ့ အချိန်ကစပြီး ညဘက်ပြန်အိပ်တဲ့ အချိန်ထိ တစ်နေကုန်အ လုပ်တွေအပြည့်၊ တာဝန်တွေအပြည့်၊ နေ့တဓူ၀ အိမ်မှာရော၊ အလုပ်မှာရော၊ လမ်းလျှောက်ရင်ရော၊ ကားပေါ်မှာ၊ ရထားတွေပေါ်မှာရော အချင်း ချင်းပြောဆို ဆက်ဆံနေကြရတယ်။
ဒီလိုပြောဆိုနေကြတဲ့အခါမှာ တချို့တွေက သာမန်စကားလုံးတွေအပြင်၊ ညစ်ညမ်းတဲ့စကားလုံးတွေ သုံးကြ တယ်။ စိတ်ထဲက ပါချင်မှပါမယ်။ ပြောလိုက်တဲ့အခါ အလိုလိုသုံးမိတတ်ကြတယ်။ စိတ်တိုလို့ပဲဖြစ်ဖြစ်၊ ခင်မင်လွန်းလို့ပဲဖြစ်ဖြစ် ပြောတတ် ကြတယ်။
လူ့ပတ်ဝန်းကျင်မှာ ကလေးသူငယ်တွေအများကြီးရှိနေပါတယ်။ လူကြီးတွေပြောဆိုနေကြ စကားလုံးတွေကို သူတို့လေးတွေရဲ့ စိတ်ထဲမှာ လိုက်ပြီးသင်ယူနေကြမှာပါ။ ကိုယ်တွေကတော့ အမှုမဲ့အမှတ်မဲ့ ထမင်းစားရေ သောက်ပြောဆိုနေကြပေမယ့် ကလေး တွေက နားထောင်ရတာများတာကြောင့် နားရည်ဝလာပြီး ပြောကျင့်ရှိ လာတတ်ကြတယ်။
ကလေးတွေရှိတဲ့အိမ်တွေဆို ပိုသတိထားရတယ်။ လူကြီးမိဘတွေ စကားများရန်ဖြစ်တာကအစ ရှောင်ကြဉ်ရတယ်။ လက်ပါတာ ဆိုပိုဆိုးတယ်။ ကလေးတွေစိတ်ထဲမှာ စိုးရွံ့ကြောက်လန့်စိတ်တွေရော၊ အတုမြင်အတတ် သင်စိတ်တွေရော ဖြစ်လာတတ်တယ်။ တစ်ယောက်နဲ့တစ်ယောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောမိတဲ့အခါ၊ အထင်အ မြင်မှားရန်ဖြစ်ကြတဲ့အခါ ပြောတတ်ကြတဲ့စကားလုံးတွေ ရှိတယ်။ “နှုတ်ကြမ်းရင် အမိကြမ်း၊ လက်ကြမ်းရင် အဖကြမ်းလို့” ဆိုပြီး အဲ့လိုအပြောခံရရင် စိတ်နာတတ်ကြတယ်။
စကားအပြောအဆို လိမ္မာယဉ်ကျေးဖို့က ပညာရေးနဲ့ပဲသက်ဆိုင်တယ်လို့ ပြောမရဘူး။ ကိုးကွယ်နေကြတဲ့ ဘာသာတွေမှာလည်း စောင့်ထိန်းလိုက်နာရမယ့် စည်းကမ်းတွေနဲ့ ထိန်းပေးထားတယ်။ ကိုယ်တွေတုန်းက လည်း သူများတွေ လွယ်လွယ်ပြောတာတွေ ကြားရတာများလာတော့ အကျင့်ပါပြီး ပြောတတ်ကြတာလည်း ပါတယ်။ “ယနေ့ခေတ်လူငယ် နောင်ဝယ်လူကြီး” ဆိုသလို အသက်ငယ်ငယ်မှာလည်း မပြင်ရင်အသက်ကြီး လာတဲ့အခါ ကိုယ်တွေဆီကနေတဆင့်လည်း ဒီအကျင့်တခြားသူဆီထပ် ရောက်ပြီး သံသရာလည်လို့ပြီးမှာ မဟုတ်ပါဘူး။
ကိုယ်တွေငယ်ငယ်က ကြားခဲ့ရတာကတော့ ဘာမှလုပ်လို့မရပါဘူး။ ဒါပေမယ့် ကိုယ်တွေဆီကတခြားသူတွေ သင်ယူတာ မဖြစ်စေရအောင်တော့ စကားအပြောအဆို စောင့်ထိန်းပေးကြရင် ပိုကောင်းမှာပါပဲ။ ဆဲဆိုတဲ့စကားတွေ၊ ညစ်ညမ်းတဲ့စကား တွေကို ပြောတဲ့အခါ ငရဲလည်းကြီးတယ်။ တချို့ဆိုအသက်ကြီးတာ ငယ်တာတောင် ဂရုမစိုက်ကြတော့ဘူး။ လွယ်လွယ် ပြောထွက်ကြတယ်။ ယောင်တတ်တဲ့သူတွေ ကိုဆိုလည်း ခါးတို့ပြီးယောင် အောင် စတတ်ကြတယ်။ စကား၊ စကားပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုတဲ့စကားလုံးလည်း ရှိတယ်။ ကိုယ်တွေကတော့ စိတ်ထဲကမပါဘဲ ပြောလိုက်မိတာ ဖြစ်နိုင်ပေမယ့် ကြားလိုက်ရတဲ့သူရဲ့ စိတ်မျာကိုယ့်ကို အထင်အမြင်သေးတာမျိုး တွေဖြစ်နိုင်တယ်။
စကားပြောဆိုတဲ့အခါမှာ စိတ်ထဲကပျော်လို့ဖြစ်စေ၊ စိတ်တိုလို့ဖြစ်စေ၊ သာယာသောစကားလုံးတွေနဲ့လည်း ခိုင်းနှိုင်းပြောဆို လို့ရပါတယ်။ အဓိပ္ပါယ်ချင်းတူပါတယ် ဆိုတဲ့ညစ်ညမ်းတဲ့ စကားလုံးအသုံးအနှုန်းတွေ မလိုပါဘူး။ တစ်ဦးချင်းစီက ကြိုးစားပြီးပြင်ဆင်ပေးမှ အကျင့်ကောင်းကို တဖြည်းဖြည်းပြုပြင်နိုင်မှာပါ။ “အတုမြင် အတတ်သင်” ဆိုသလို ကလေးသူငယ် တွေ ရှိခဲ့ကြရင်လည်း ကိုယ့်ကြောင့်ပျက်စီးတာ မဖြစ်ရအောင် ဂရုစိုက်ပါ။ ကိုယ်တွေအပြောအဆို၊ အနေအထိုင် ဆင်ခြင်ကာ၊ စောင့်ထိန်းတာတွေက ကိုယ်ရဲ့မျိုးဆက်သစ်တွေအတွက် သာမကပါဘူး၊ ကိုယ့်မိဘတွေ အပြစ်အပြောမခံရအောင် နေဖို့လည်း ပါတယ်။ “သားသမီးမကောင်း မိဘခေါင်း” မဖြစ်ရအောင်ပါ။ စဉ်းစားပြီး သတိပြုဆင်ခြင်နိုင်ကြပါစေ။
Author – Dr. CST