အမျိုးသမီးတွေဟာ ရာသီလာတဲ့အချိန်မှာ နာကျင်ကိုက်ခဲမှုတွေနဲ့ တွေ့ကြုံရလေ့ရှိပါတယ်။ ဒီလို ကိုက်ခဲစေတဲ့ အကြောင်းတွေထဲက တစ်ခုကတော့ endometriosis ဆိုတဲ့ ရောဂါကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။
သားအိမ်ဆိုတဲ့ အရာကို အလွှာ ၃ လွှာ နှင့် ပြုလုပ်ထားပါတယ်။ အတွင်းဆုံးအလွှာ endometrium ၊ အလယ် ကြွက်သားလွှာ myometrium နှင့် အပြင်ဆုံးအလွှာ perimetrium ဆိုပြီး ရှိပါတယ်။ တစ်ခါတစ်လေမှာ သားအိမ်ရဲ့ အလွှာတစ်ခုဖြစ်တဲ့ endometrium ဟာ သားအိမ်မှာ မဟုတ်ဘဲ တခြားနေရာတစ်ခုခုမှာ သွားဖြစ်တဲ့ အခြေအနေတစ်ခုကို endometriosis လို့ ခေါ်ပါတယ်။ ဘယ်နေရာတွေမှာ ဖြစ်တတ်လဲဆိုရင် အဓိကက သားဥအိမ်တွေ၊ သားဥပြွန်တွေနဲ့ တင်ပဆုံရိုးအတွင်းမှာ ရှိနေတဲ့ ဆီးအိမ်တွေ အူတွေမှာ ဖြစ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတာတော့ သေချာမပြောနိုင်ပေမယ့် ဒီလိုအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
၁။ ရာသီသွေးကြောင့်
ရာသီလာတဲ့သွေးတွေဟာ ကိုယ်ခန္ဓာအပြင်ကို ထွက်မသွားဘဲ သားဥပြွန်၊ သားဥအိမ်တွေကို ပြောင်းပြန် စီးသွားတဲ့ အခြေအနေတွေမှာ ဖြစ်တတ်ပါတယ်။
၂။ cell များ ပုံသဏ္ဍန်ပြောင်းလဲသွားခြင်းကြောင့်
၃။ ခွဲစိတ်မှု ခံယူဖူးရင်
၄။ ကိုယ်ခံအားနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ရှိတဲ့အခြေအနေတွေမှာ ဖြစ်နိုင်ပါတယ်။
ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်လဲဆိုရင်
– ရာသီသွေး စောပေါ်သူများ
– ကလေးမမွေးဖူးသူများ
– သွေးဆုံးနောက်ကျသူများ
– ရာသီလာချိန် စိတ်တဲ့သူတွေ ( တစ်လနဲ့ တစ်လ ၂၇ ရက်တောင်မခြားတဲ့သူတွေ)
– ပိန်တဲ့သူတွေ
– အရက်သောက်သုံးတတ်တဲ့ အမျိုးသမီးတွေ
– သားအိမ်ပုံသဏ္ဍန်မမှန်တဲ့သူတွေ
– အမေ၊ အဒေါ်တွေမှာ ဖြစ်ဖူးရင်
– မ ဟော်မုန်း များတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက် ၂၅ ကနေ ၄၀ ကြား အမျိုးသမီးတွေမှာ အဖြစ်များတတ်ပါတယ်။
ရောဂါလက္ခဏာတွေ အနေနဲ့
– ရာသီလာတဲ့အခါမှာ နာကျင်ကိုက်ခဲခြင်း
– ရာသီလာနေချိန်နဲ့ မလာခင်အတောအတွင်းမှာ ဝမ်းဗိုက်အောက်ပိုင်းတွေ အရမ်းနာကျင်တာ
– ရာသီလာရင် ဗိုက်ကို စွဲဆုတ်ထားသလို ခံစားရတာ
– လိင်ဆက်ဆံရင် နာကျင်ခံစားရတာ
– သွေးဆင်းများတာ
– ကလေးရဖို့ ခက်တာ
– ရာသီလာတဲ့အခါမှာ ဆီးသွားရင်နာတာမျိုး ၊ ဝမ်းသွားရင် နာတာမျိုးတွေ ခံစားရတာ
– ဗိုက်လေပွတာ
– ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းသွားနေတာမျိုးတွေ ခံစားရတတ်တယ်။
ဒီရောဂါ ရှိမရှိ သိရအောင် အောက်ပိုင်းစမ်းသပ်တာတွေ ၊ အာထရာဆောင်း ရိုက်ကြည့်တာတွေ လုပ်လို့ရပါတယ်။ ကုသမှု အနေနဲ့တော့ နာတာ ကိုက်တာတွေ သက်သာအောင် အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။ ဟော်မုန်း ညီမျှအောင် ဆေးတွေ သောက်လို့ ရသလို တချို့ကလည်း တားဆေးအမျိုးအစားထဲက တချို့ကို ပေးလေ့ရှိပါတယ်။ မိမိဘာသာ အနေနဲ့တော့ ရာသီလာစဉ် နာကျင်မှုတွေ သက်သာအောင် ဆီးစပ်နေရာတစ်ဝိုက်ကို ရေနွေးအိတ်ကပ်ပေးလို့ ရပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့်လည်း ခံစားနေရတဲ့ နာကျင်မှုတွေကို လျော့နည်းစေပါတယ်။
Author : Dr. မေ